အရင်က တရုတ် Brand နဲ့မတူတဲ့ ဒီဇိုင်းလှလှလေးတွေကို ဝယ်စီးချင်တယ်ဆိုရင် ဗီယက်နမ်နိုင်ငံထုတ် Honda ဆိုင်ကယ်ကို ဝယ်စီးခဲ့ရပေမဲ့ ဒီနေ့ခေတ်မှာတော့ ဗီယက်နမ်ဆိုင်ကယ်နည်းတူ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တွေလည်း စျေးကွက်ထဲကို အများကြီးဝင် ရောက်လို့လာပါပြီ။ အဲဒီထဲကမှ ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်ဒီဇိုင်းနီးပါးတူတဲ့ ဒီဇိုင်းသစ်ကို တရုတ်နိုင်ငံ Star Sky ကုမ္ပဏီက Wave I 125 ဆိုင်ကယ်အမျိုးအစားအဖြစ် ဒီလထဲမှာပဲ တင်သွင်းလာခဲ့ပါတယ်။
တရုတ် Star Sky ကုမ္ပဏီက ထုတ်လုပ်တဲ့ Wave I 125 ဆိုင်ကယ်အမျိုးအစားမှာ အင်ဂျင်ကို 125 CC အသုံးပြုထားသလို Star Sky ကိုယ်ပိုင်စက်ရုံရဲ့ မူပိုင် GYG နည်းပညာနဲ့ ထုတ်လုပ်ထားတာကြောင့် တခြား ဆိုင်ကယ်တွေထက် ဆီစားနှုန်း ၃ဝ ရာခိုင်နှုန်း သက်သာစေပြီး စက်သံဆူညံမှု လျော့နည်းစေမယ်လို့ သိရပါတယ်။ Wave I 125 ရဲ့ ဆိုင်ကယ်ကာဗာတွေကိုလည်း ဖိုင်ဘာအမာသားနဲ့ ထုတ်လုပ်ပေးထားတာကြောင့် သာမန်ဆိုင်ကယ်လဲတာ၊ တိုက်တာမျိုးနဲ့ ခြေထောက်နဲ့ကန်ခံရတဲ့အခြေအနေတွေမှာတောင် အလွယ်တကူမကွဲလွယ်ဘူးလို့ Star Sky ကုမ္ပဏီက ဆိုပါတယ်။
ထူးခြားချက်က ဆိုင်ကယ်ကိုယ်ထည်ကြီးထားသလို ဆိုင်ကယ်ထိုင်ခုံကိုလည်း ပလတ်စတစ်အမာသား၊ ကော်အမာသားတွေနဲ့ ဖန်တီးထုတ်လုပ်ထားတာအပြင် ထိုင်ခုံမျက်နှာပြင်ကျယ်တဲ့အတွက် ဝတဲ့လူနှစ်ဦး ကျယ်ကျယ်ဝန်းဝန်း ထိုင်နိုင် ပါလိမ့်မယ်။ နောက်တစ်ချက်က ဆိုင်ကယ်ထိုင်ခုံအောက်က Tool Box ရဲ့ အကျယ်ဟာ ကျောပိုးလွယ်အိတ်တစ်လုံးကို ချောင်ချောင်ချိချိထည့်နိုင်သလို အနည်းဆုံး တစ်ဂါလန်ကျော်ဆံ့ ဆီတိုင်ကီကြောင့် Highway သွားတဲ့သူတွေ အကြိုက်တွေ့စေမယ်လို့ သိရပါတယ်။ ဆိုင်ကယ်အရှိန်နှုန်း ထိန်းတဲ့အချိန်မှာ တိတိကျကျဖြစ်အောင်လို့ ရှေ့ဘရိတ်ကို Disc ဘရိတ်အသုံးပြုထားပြီး နောက်ဘရိတ်ကိုတော့ ရိုးရိုး Hub ဘရိတ်ပဲ တပ်ဆင်ပေးထားပါတယ်။ လုံခြုံရေးအတွက် အထောက်အကူပြုမယ့်သော့ကိုလည်း စိတ်ချရမယ့် နှစ်ထပ်သော့ အသုံးပြုပေးထားသလို ဆိုင်ကယ်မောင်းသူနဲ့ လက်ကိုင်ကြားမှာလည်း ပစ္စည်းဝန်တင်လို့ အဆင်ပြေအောင် ခါးကယ်ရီယာတန်း အလှ တပ်ဆင်ပေးထားပါတယ်။ Wave I 125 ဆိုင်ကယ်တစ်စီးလုံးကိုခြုံငုံကြည့်ရင် သူ့ရဲ့ကိုယ်ထည်ဟာ ကြီးမားတယ်ထင်ရပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ကျစ်လျစ်မှုရှိအောင် ထုတ်လုပ်ပေးထားသလို ရှေ့နောက်ဖောက်ခ်တွေရဲ့ ငြိမ့်ညောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် အမျိုးသားရော အမျိုးသမီးတွေပါ အကြိုက်တွေ့စေမှာလည်း ဖြစ်ပါတယ်။
Star Sky ကုမ္ပဏီရဲ့ ဒီနှစ် နိုဝင်ဘာလထဲမှာ စတင်ထုတ် လုပ်လိုက်တဲ့ Wave I 125 ဆိုင်ကယ်ကို ဖြူနီ၊ ဖြူနက်စတဲ့ အရောင်နှစ်မျိုးသာ ထွက်ရှိထားပြီး အင်ဂျင် Warranty တစ်နှစ်ပေးထားသလို တစ်နှစ်အတွင်း Service ကိုလည်း လက်ခ အခမဲ့နဲ့ Star Sky အရောင်းပြခန်းတိုင်းမှာ လာရောက် လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာ လက်ငင်းရော အရစ်ကျစနစ်နဲ့ပါ ဝယ်ယူရရှိနိုင်မှာဖြစ်သလို တစ်စီးကို ကျပ် ၇၈ဝ,ဝဝဝ ကျသင့်တယ်လို့ ဆိုပါတယ်။