တရုတ်တွင် Nissan ကားရောင်းအား လေးလဆက်တိုက် မြင့်တက်

218

 

ထိပ်တန်းဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်သည့် Nissan သည် ကမ္ဘာ့အကြီးဆုံးဈေးကွက်တည်ရှိရာ တရုတ်နိုင်ငံတွင် ယခုနှစ် ဇူလိုင်လအတွင်း ကားအစီးရေ ၁၂၀,၉၄၅ စီး ရောင်းချနိုင်ခဲ့ပြီး လေးလဆက်တိုက် ရောင်းအားမြင့်တက်လာကြောင်း Business Times သတင်းစာက ဖော်ပြသည်။

တရုတ်နိုင်ငံမှ စတင်ဖြစ်ပေါ်လာသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ယခုနှစ် အ စောပိုင်းလများအတွင်း လူဦးရေ ၁ ဒသမ ၄ ဘီလျံကျော်ရှိသော တရုတ်နိုင်ငံ၌ ကားကုမ္ပဏီများအားလုံး ရောင်းအားကျ ဆင်းမှုနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ဧပြီလမှစတင်ကာ ဗိုင်းရပ်စ်ပိုးကို အောင်မြင်စွာထိန်းချုပ်နိုင်ခြင်း၊ ကူးစက်သူအရေအတွက် သိသိသာသာကျဆင်းသွားခြင်း၊ စက်ရုံအလုပ်ရုံများနှင့် အခြားစီးပွားရေးလုပ်ငန်းများ အားကောင်းမောင်းသန် ပြန်လည် လည်ပတ်လာခြင်းများကြောင့် ကားရောင်းအားလည်း မြင့်တက်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လရောင်းအားမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လရောင်းအားထက် ၁၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး သမိုင်းတစ်လျှောက် ရောင်းအားအကောင်းဆုံး ဇူလိုင်လအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ပထမခုနစ်လတာအတွင်း Nissan အနေဖြင့် တရုတ်နိုင်ငံတွင် ကားအစီးရေ ၇၁၇,၂၈၇ စီး ရောင်းချထားပြီးဖြစ်သည်။

Nissan သည် တရုတ်ပြည်တွင်းအခြေစိုက် Dongfeng Motor နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကိုဗစ်ကာလအတွင်း ဖြစ်ပေါ်လာမည့် အကျပ်အတည်းများအတွက် ကြိုတင်ပြင်ဆင်ထားသလို ရောင်းအားမြင့်တက်လာရေးအတွက်လည်း မ ဟာဗျူဟာချမှတ်ထားသည်ဟု Nissan ဒုတိယဥက္ကဋ္ဌ Shohei Yamazaki က ပြောသည်။ ဆက်လက်၍ ၎င်းက ကမ္ဘာ တစ်လွှား COVID-19 ကူးစက်ပျံ့နှံ့မှုက ခြိမ်းခြောက်နေဆဲဖြစ်သောကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယနှစ်ဝက်အတွင်း ကားဈေးကွက်အနေအထားမှာ သေချာခြင်းမရှိသေးသော်လည်း မိမိတို့အနေဖြင့် တရုတ်ဈေးကွက်အပေါ် ယုံကြည်မှုရှိကြောင်း ဖွင့်ဟသည်။

Nissan သည် ၂၀၂၃ ခုနှစ်တွင် တရုတ်ဈေးကွက်အတွက် လျှပ်စစ်စွမ်းအင်ကိုသာ သီးသန့်အသုံးပြုမည့် ကားမိုဒယ် ခုနစ် မျိုးခန့် ထုတ်လုပ်ရောင်းချရန် စီစဉ်ထားပြီး တရုတ်လျှပ်စစ်ကားဈေးကွက်ကို ၂၃ ရာခိုင်နှုန်းအထိ ရယူနိုင်မည်ဟုမျှော် လင့်ထားသည်။
Ref: Business Times

LEAVE A REPLY

Please enter your comment!
Please enter your name here