တရုတ်ဆိုင်ကယ်  Showroom  အများစု  ယခင်နှစ်ထက်  ရောင်းအား ၄ဝ ရာခိုင်နှုန်း  ကျဆင်းလာဟု ဆို

1203

မြန်မာပြည်တွင် နာမည်ရ Brand များဖြစ်သော KenBo ၊ Lifan ၊ ADIXIN စသည့် တရုတ်ဆိုင်ကယ် Showroom အများစုမှာ ယခုနှစ်စက်တင်ဘာလတွင် စံချိန်တင် ရောင်းအားကျဆင်းလာပြီး ယခင် နှစ်ထက် ၄ဝ ရာခိုင်နှုန်းခန့် ရောင်းအားကျဆင်းလာခဲ့ကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

 

”၂ဝ၁၅ ခုနှစ်တုန်းက ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့ဆိုတော့ ဆိုင်ကယ်တွေ သိပ်မရောင်းရဘူး၊ ၂ဝ၁၆ ခုနှစ်ထဲ မှာတော့ တော်တော်လေး ရောင်းကောင်းတယ်၊ အခုနှစ်ထဲကျတော့ ရောင်းအားက မနှစ်ကထက်ကို ၄ဝ ရာခိုင်နှုန်းလောက် ထိုးကျတယ်၊ တစ်ဆိုင်ကို တစ်လမှ အစီးရှစ် ဆယ်လောက်ပဲ ထွက်တာရှိသလို အစီးတစ်ရာကျော်လောက်ပဲ ထွက်တဲ့ ဆိုင်လေးတွေလည်း ရှိတယ်၊ တချို့ဆိုင်လေးတွေဆိုရင် အစီးငါး ဆယ်လောက်ပဲ ရောင်းရတယ်၊ ဒီ နှစ်မိုးတွင်း ရောင်းအား အတော်လေးကျတယ်”ဟု မန္တလေးမြို့တွင် ဆိုင်ကယ်အရောင်းပြခန်း ၁၅ ဆိုင် ဖွင့်လှစ်ထားသူ ‘ ADIXIN ဆိုင်ကယ် ကုမ္ပဏီ’ Managing Director ဦးအေးမင်းစိုးက ပြောသည်။

 

ယခုနှစ်ထဲတွင် တရုတ်ဆိုင်ကယ်အရောင်းပြခန်းဆိုင် အရေအတွက် အနည်းငယ် တိုးလာသော်လည်း ပိတ်သိမ်းသွားသည့်ဆိုင်များလည်းရှိသောကြောင့် ဆိုင်အရေအတွက် အတိုးအလျော့က စျေးကွက်ထိခိုက်ခြင်း မဟုတ်ကြောင်း၊ အဓိကမှာ ယခုနှစ်ထဲတွင် နိုင်ငံရေးမတည်ငြိမ်မှု အချို့အပါအဝင် အခွန်စည်းကြပ်မှုများ၊ စီးပွားရေးလုပ်ငန်း အများစု အဆင်မပြေမှုများ စသည့် ကိစ္စရပ်များကြောင့် ဆိုင်ကယ် Brand New စျေးကွက်ပါ ထိခိုက်လာခြင်းဖြစ်ကြောင်း တရုတ်ဆိုင်ကယ်အရောင်းပြခန်းများက သုံးသပ်ကြသည်။

 

”တခြား Brand တွေဆီ စျေးကွက်ဝေစု ပေးလိုက်ရတာက နည်းတယ်၊ အခြေခံလူတန်းစားတွေ

အများကြီး ရှိနေသေးတဲ့အတွက် တရုတ်ဘီးကတော့ တော်တော်နဲ့ ပျောက်ကွယ်မှာ မဟုတ်ဘူး၊ အဓိက ကတော့ ဒီနှစ်ထဲမှာ စီးပွားရေးလုပ် ငန်းအားလုံး မပြေလည်ကြတော့ ဆိုင်ကယ်ဘက်မှာ အဝယ်နည်းသွားတဲ့သဘောပေါ့၊ မန္တလေးမှာက သုံးနှစ်တစ်ခါလောက် ဆိုင်ကယ်စျေးကွက် ကောင်းလေ့ရှိတော့ လာမယ့်နှစ်မှာတော့ အရောင်းအဝယ် ကောင်းလာမယ်လို့တော့ မှန်းထားတယ်”ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

 

ယခုနှစ်ထဲတွင် မန္တလေးမြို့ ဆိုင်ကယ်စျေးကွက်သို့ ဦးတည်၍ ထိုင်းနိုင်ငံထုတ် Stallions ၊ အီတလီ Brand Keeway ၊ အိန္ဒိယ၏ Hero ဆိုင်ကယ် စသည့် Brand များ စျေးကွက်အတွင်း ဝင်ရောက် လာခဲ့သော်လည်း တရုတ်ဆိုင်ကယ် စျေးကွက်၌ ရိုက်ခတ်မှုမရှိဘဲ အဓိကမှာ နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ ကောင်းမွန်မှုနှင့်သာ သက်ဆိုင်ကြောင်း ဆိုင်ကယ်အရောင်းပြခန်းများမှ သိရသည်။

 

”ဒီနှစ်ထဲ ဆိုင်ကယ်ဆိုင် တိုးတာနည်းတယ်၊ Brand အသစ်တွေတော့ အများကြီးဝင်လာတယ်၊

ဝင်လာတဲ့ Brand တွေကလည်း စျေးအမြင့်ပိုင်းများတော့ တရုတ်ဘီးစျေးကွက်မှာက အဲဒီလောက် ရိုက်ခတ်မှုမရှိပါဘူး၊ တရုတ်ဘီး ဝယ်စီးတဲ့သူအများစုက အခြေခံလူတန်းစားတွေများတယ်၊ အခြေခံလူ တန်းစားတွေမှာကို စီးပွားရေး အဆင်မပြေကြလို့ ရောင်းမကောင်း တာပဲ”ဟု မန္တလေးမြို့ ‘ Yamasuki ဆိုင်ကယ်အရောင်းပြခန်း’ ပိုင်ရှင်ကိုဇော်ကြီးက ဆိုသည်။

 

တရုတ်ဆိုင်ကယ် Brand အများစုမှာ တစ်နှစ်ထက် တစ်နှစ် ောင်းအား ကျဆင်းလာသောကြောင့် လာမည့်သုံးနှစ်အတွင်း စျေးကွက် ၏ ၃ဝ ရာခိုင်နှုန်းခန့်သာ နေရာရနိုင်တော့ကြောင်း သုံးသပ်မှုများ လည်းရှိနေသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here