တရုတ်ဆိုင်ကယ်  ဈေးများတက်ချိန်  ဈေးကွက်ယှဉ်ပြိုင်မှုတစ်ရပ်အနေဖြင့်  အရှုံးခံရောင်းချသည့်ဆိုင်ကယ်အရောင်းပြခန်းများ  ရှိလာ

1188

မြန်မာနိုင်ငံ၏ ဆိုင်ကယ်မြို့တော်ဟု ခေါ်ဝေါ်ကြသော မန္တလေးမြို့တွင် အောက်တိုဘာလ နောက်ဆုံးပတ်မှ စ၍ တရုတ်ဆိုင်ကယ်ဈေးများ ကျပ် ငါးသောင်းခန့် ခုန်တက်သွားချိန်၌ ဆိုင်ကယ်အရောင်းဆိုင် အချို့မှာ ဈေးကွက်ယှဉ်ပြိုင်မှုတစ်ရပ် အနေ ဖြင့် အရှုံးခံရောင်းချမှုများ ရှိလာ ကြောင်း ဆိုင်ကယ်အရောင်းပြခန်း များမှ စုံစမ်းသိရသည်။

”အခု တရုတ်ပြည်မှာ ကုန် ကြမ်းပစ္စည်း ဈေးတက်လို့ တရုတ် ဆိုင်ကယ်တစ်စီးကို ငါးသောင်း လောက် တက်သွားတယ်၊ ဒါပေမဲ့ တချို့ဆိုင်တွေက အရှုံးခံရောင်းနေ ကြတယ်၊ အဓိကကတော့ ကုမ္ပဏီ တစ်ခုနဲ့တစ်ခုက ဈေးကွက်ဝေစု လုနေကြရတော့ ဒီဇိုင်းတူတဲ့ ဆိုင် ကယ်မျိုး ပြိုင်ဘက်ကုမ္ပဏီတစ်ခုက ထွက်လာတော့မယ်လို့ ကြားတာနဲ့ ဈေးကွက်ထဲ သွင်းမလာရဲအောင် ကြိုတင် သိန်းချီ ဈေးလျှော့ပြီး ရောင်းနေကြတယ်၊ ဈေးကွက်စီး ပွားရေးစနစ်အရ ပြိုင်ဆိုင်တာဆိုပေ မဲ့ Customer တွေအတွက်တော့ ရွေးချယ်စရာများပြီး ကုန်ကျစရိတ် သက်သာသွားတာပေါ့”ဟု မန္တလေး မြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ရှိ ဆိုင်ကယ် အရောင်းပြခန်းများသည် ယခင်က အရစ်ကျစနစ်နှင့် တန်ဖိုးကြီးလက် ဆောင်များပေး၍ ဆိုင်ကယ်များ အပြိုင်အဆိုင် ရောင်းချခဲ့ကြသော် လည်း ယခုအခါ ကုမ္ပဏီတစ်ခုနှင့် တစ်ခု ဒီဇိုင်းတူ၊ အင်ဂျင်ပါဝါတူ ဆိုင်ကယ်အမျိုးအစားများ ပုံစံတူ တင်သွင်းလာရာမှ အရှုံးခံရောင်းချ မှုများပါ ရှိလာကြောင်း၊ ယင်းသို့ အရှုံးခံရောင်းချခြင်းက ကုမ္ပဏီ အတွက် ယာယီဆုံးရှုံးမှုရှိသော် လည်း ပြိုင်ဘက်ကုမ္ပဏီမှ တင်သွင်း လာချိန်တွင် လုံးဝမရောင်းရစေရန် ရည်ရွယ်၍ ၎င်းတို့က လုပ်ဆောင် ခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်း ကျင်သူများက သုံးသပ်ကြသည်။

”မြန်မာနိုင်ငံမှာက မူပိုင်ခွင့် ဥပဒေ ခိုင်ခိုင်မာမာ မပြဌာန်းထား တော့ ဆိုင်ကယ်အမျိုးအစား တစ်မျိုး နာမည်ပေါက်လာပြီဆိုရင် ကုမ္ပဏီ တွေ အပြိုင်အဆိုင် ထုတ်ကြတော့ တာ၊ အခု ဖြစ်နေတာကလည်း CBR ဘီးကြီးထဲမှာမှ 150 CC ကို ဒီဇိုင်းဆန်းဆန်းနဲ့ JinCheng ကုမ္ပဏီက ပထမဦးဆုံး စထုတ်တယ်၊ အဲဒါကို နောက်ထပ်တခြားကုမ္ပဏီ တွေက သွင်းဖို့ စီစဉ်နေတယ်လည်း ကြားရော ပြိုင်ဘက်ကုမ္ပဏီက ဝင် လာရင်လုံးဝမရောင်းနိုင်အောင် JinCheng  က ဈေးကို လေးသိန်းလောက် လျှော့ပြီး ကြိုရောင်းနေလိုက်တယ်၊ ပြိုင်ဘက်ကုမ္ပဏီက အရင်းအတိုင်း ရောင်းရင်တောင် ဈေးကအများကြီး ကွာနေတော့ မရောင်းရနိုင်ဘူးပေါ့၊ တကယ်တော့ အခုဟာက တရုတ် ကုမ္ပဏီတွေမှာ တစ်ဦးနဲ့တစ်ဦး အ ရင်းအနှီး ဘယ်လောက်တောင့်ခံနိုင် လဲ ပြိုင်နေကြတာနဲ့တူတယ်၊ ဈေး ကွက်ယှဉ်ပြိုင်တာက ကောင်းတယ် ဆိုပေမဲ့ ရှေ့မှာလည်း တချို့ကုမ္ပဏီ တွေရဲ့ သာဓကတွေရှိခဲ့တော့ ကိုယ့်စီးပွားရေးအဆုံးရှုံးခံပြီး ပြိုင် ဆိုင်တာမျိုးတော့ မလုပ်သင့်ဘူး ပေါ့”ဟု မန္တလေးမြို့ခံ ဆိုင်ကယ် ဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ၎င်းအမြင်ကို ပြောသည်။

မန္တလေးမြို့ရှိ တရုတ်ဆိုင် ကယ်အရောင်းပြခန်းအချို့၌ ယခု နှစ်ထုတ် တရုတ်ဆိုင်ကယ်တစ်စီးလျှင် ကျပ်ငါးထောင်၊ ထိုင်း ဆိုင်ကယ် တစ်စီးလျှင် ကျပ်ခုနစ်ထောင် ဝန်း ကျင် အမြတ်ဖြင့် အစီးရေများများ ဈေးကွက်ဝေစုရယူ၍ ရောင်းချမှုများ လည်းရှိနေပြီး အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း တရုတ်ဆိုင် ကယ်များ ကျပ်ငါးသောင်းခန့် ဈေး တက်သွားချိန်တွင် အရှုံးခံရောင်းချ လာမှုပါ ပေါ်ပေါက်လာခဲ့ခြင်းဖြစ် သည်။

”တချို့ တရုတ်ဆိုင်ကယ် ကုမ္ပဏီတွေက တစ်လကို အစီး ဘယ်နှရာယူမယ်၊ သူ့ကို သူများ ပေးဈေးထက် ဈေးဘယ်လောက် လျှော့ပေးဆိုပြီး တစ်ခါတည်း စာချုပ် အပြတ်ချုပ်ထားကြတယ်၊ သူက ဝယ်ဈေးမှာ ဈေးသက်သာ တော့ ရောင်းတဲ့အချိန်ကျရင်လည်း တစ်စီးကို ငါးထောင်မြတ်၊ ခုနစ် ထောင်မြတ်နဲ့ အစီးရေများများ ထွက်အောင် အရေအတွက်ပေါ်မှာ ပဲ အမြတ်ယူပြီး ရောင်းလာကြတယ်၊ ကုမ္ပဏီအနည်းငယ်က ဈေးကွက် ပြိုင်ဆိုင်ရင်း ဈေးလျှော့ရောင်းတာ က သူတို့အတွက် အဆင်ပြေ မပြေ တော့မသိဘူး၊ တခြား Showroom တွေတော့ အများကြီးထိကြတယ်” ဟု မန္တလေးမြို့ခံ ဝါရင့်ဆိုင်ကယ် ဝယ်/ရောင်းတစ်ဦးက ဆိုသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here