တယ်လီဖုန်းဆိုတာ ယနေ့ခေတ် လူတိုင်းနီးပါးလက်ထဲမှာ မြင်တွေ့နေရတဲ့ နေ့စဉ်သုံး ဆက်သွယ်ရေးကိရိယာတစ်ခုလို့ ဆိုနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ပြောဆိုနေရတဲ့အချိန်မှာ ဖုန်းတစ်လုံးက အရေးပါ အရာရောက်တဲ့နေရာကရှိနေသလို အင်တာနက်ကြည့်တာ၊ လူမှုကွန် ရက်အသုံးပြုတာ၊ ဂိမ်းကစားတာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ သွားလေရာယူဆောင်သွားလို့ရတဲ့ မိုဘိုင်းဖုန်းတွေ ပေါ်ပေါက်လာချိန်မှာ အထိုင်ဖုန်းတွေရဲ့အခန်းကဏက မှေးမှိန်သွားပြီဆိုရင်လည်း မမှားပါဘူး။ မိုဘိုင်းဖုန်းတွေ မပေါ်ခင်ကဆိုရင် “ကလင် ကလင်” ဆိုတဲ့ ဖုန်းမြည်သံ နဲ့ ဆက်သွယ်ပြောဆိုရတဲ့ အထိုင်ဖုန်းတွေကို သုံးစွဲဖူးကြမှာပါ။
ဆယ်သွယ်ရေးကုမ္ပဏီတစ်ခုကို ထူထောင်ထားတဲ့ အမေရိကန်နိုင်ငံသား Howard Davis ဆိုသူဟာ အထိုင်ဖုန်းပုံစံနဲ့ ကားတစ်စီးတည် ဆောက်ဖို့ စိတ်ကူးရခဲ့ပြီး အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်စ်ပြည်နယ်မှာနေထိုင်တဲ့ Howard Davis ဟာ ဖုန်းကားတည်ဆောက်နိုင်ရေးအတွက် 1975 Model Volkswagen Beetle တစ်ပတ်ရစ်လိပ်ခုံးကားလေးကို ၁၂၅ ဒေါ်လာနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒီနောက် သူဟာ Dave Huntress လို့အမည်ရတဲ့ ဝရိန်ဆော်သမားတစ်ယောက်ဆီ လုပ်ငန်းအပ်နှံကာ တည်ဆောက်ခဲ့တာ ပါ။ Dave Huntress ဟာ ဖုန်းကားဖြစ်ပေါ်လာဖို့ အချိန်တစ်နှစ်ခန့်ယူခဲ့ရပြီး လမ်းမထက်မောင်းနှင်နိုင်တဲ့ ဖုန်းကားကို အောင်မြင်စွာတည်ဆောက် နိုင်ခဲ့ပါတယ်။ အနီရောင် ဖုန်းကားရဲ့ရှေ့ပိုင်းက ဆင်ခြေလျှောလိုအသွင်ရှိပြီး ဂဏန်းကွက် ၁၂ ခုကိုလည်း ရှေ့မှန်ပေါ် ထည့်သွင်းထားပါတယ်။
ကားခေါင်မိုးပေါ်မှာတော့ ဖုန်းလက်ကိုင်ခွက်ကြီးတစ်ခု ထည့်သွင်းထားပြီး တစ်စီးလုံးကို အနီရောင်အဖြစ် ဖန်တီးထားတာပါ။ ကားအရှေ့ ဘက်က မှန်အရောင်က အပြင်ကကြည့်ရင် အမည်းရောင်ဖြစ်ပေမဲ့လည်း ယာဉ်မောင်းသူအတွက်ကတော့ သာမန်အရောင်သာဖြစ်လို့ မောင်းနှင်ရာ မှာ အဆင်ပြေစေပါတယ်။ အဆိုပါကားကို ၁၉၈၃ ခုနှစ်ဝန်းကျင်က အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ Howard Davis က မက်ဆာချူးဆက်စ်ပြည်နယ် ယာဉ်ကြီးကြပ်အဖွဲ့ဆီ တရားဝင် မှတ်ပုံတင်ထားတာကြောင့် ပြည်နယ်အတွင်းက လမ်းမတွေထက် တရား ဝင်မောင်းနှင်ခွင့်ရထားပါတယ်။ ဒီကားဟာ ဒေသတွင်းက အရောင်းမြှင့် တင်ရေးပြပွဲတွေ၊ ကားပြပွဲတွေမှာ လှည့်လည်ပြသခဲ့ပြီး ပြပွဲလာပရိသတ် တွေရဲ့ စိတ်ဝင်စားမှုကို တစ်ခဲနက်ရရှိထားပါတယ်။
Howard Davis ဟာ လက်ရှိအချိန်အထိ သူ့ ရဲ့ ဖုန်းကားကို ရံဖန်ရံခါဆိုသလို မောင်းနှင်နေ ဆဲဖြစ်ပြီး အထူးသဖြင့် အားလပ်ရက်တွေဆို ရင် အနီးအနားပတ်ဝန်းကျင်ကို သွား ရောက်တဲ့အခါ ဖုန်းကားကိုပဲ အ သုံးပြုလျက်ရှိပါတယ်။ ဆန်း ပြားတဲ့ ပုံစံရှိတဲ့ အဆိုပါ ဖုန်းကားဟာ သာမန်ကား တွေလို အရှိန်မြှင့်မောင်း နှင်နိုင်ပေမဲ့လည်း ပိုင်ရှင် ဖြစ်သူ Howard Davis ကတော့ တစ်နာရီ မိုင် လေးဆယ်လောက်ပဲမောင်းနှင်လေ့ရှိပါတယ်။