တမူး-ကလေး-ကလေးဝလမ်းပိုင်းရှိ တံတားများ ဆိုးရွားစွာပျက်စီးနေမှု ပြုပြင်ထိန်းသိမ်းမှုများ မလုပ်ဆောင်ပေးပါက ဆန္ဒဖော်ထုတ်တောင်းဆိုမည်ဟုဆို

198

 

ကလေး၊ ဇွန် ၂၄
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမကြီး၏ အဓိက ကုန်သွယ်မှုလမ်း ဖြစ်သော တမူး-ကလေး-ကလေး ဝလမ်းပိုင်းရှိ တံတားများမှာ ယခုအခါ ဆိုးရွားစွာ ပျက်စီးနေသည့် အပြင် ဒေသခံများက ကိုယ်ထူကိုယ်ထ ပြုပြင်သွားလာနေရသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြုပြင်ထိန်းသိမ်းမှုများ မလုပ်ဆောင်ပေးပါက ဆန္ဒဖော်ထုတ်တောင်းဆို သွားမည်ဖြစ်ကြောင်း အဆိုပါ ဒေသ ခံများထံမှ သိရသည်။

“အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် အရေးပါတဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ တမူး-ကလေး-ကလေးဝလမ်းပိုင်းက တံတားတွေက အခု တအားပျက်စီး နေပြီ၊ လောလောဆယ်မှာ တံတားတွေ အသစ်ဆောက်ဖို့ တင်ဒါ အောင်ထားတဲ့ ကုမ္ပဏီကလည်း သူတို့(အိန္ဒိယ)နိုင်ငံမှာ BlackList သွင်းခံလိုက်ရတော့ စလုပ်ခါစမှာ ရပ်နားသွားတယ်ပေါ့၊ အဲဒီလိုရပ် နားသွားတဲ့အခါ အိန္ဒိယအစိုးရက တင်ဒါထပ်ပစ်မယ်လို့ပဲ ကြားထား တယ်၊ နောက်ဆက်တွဲ ဘာမှန်း မသိရဘူး၊ ဒါနဲ့ တံတားအသစ်တည် ဆောက်ဖို့ကကြာနေတာပေါ့၊ ကြာ နေတဲ့အချိန်မှာ တချို့တံတားလေးတွေတော့ ဆောက်လုပ်ရေးဝန်ကြီး ဌာနက ပြင်/ထိန်းလေးတွေလုပ်နေ တာတော့ရှိတယ်၊ ဒါပေမဲ့ တံတား လေးငါးစင်းလောက်ပဲ၊ တခြားတံ တားတွေ တော်တော်များများ ပျက်စီး နေပြီ၊ အခုဆို ခရီးသွားယာဉ်တွေ အနေနဲ့ ကိုယ်ထူကိုယ်ထ ပြုပြင်ပြီး သွားနေရတဲ့ အနေအထားဖြစ်လာ တဲ့အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနက အမြန်ဆုံးပြုပြင်ပေးဖို့ ဆန္ဒ ထုတ်ဖော် တောင်းဆိုသွားမယ်”ဟု ကလေးမြို့အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အထက် ချင်းတွင်းဒေသ လူငယ်များကွန်ရက် မှ ကိုကျော်သက်ဝင်းက ပြောသည်။

တမူး-ကလေး-ကလေးဝ လမ်းပိုင်းရှိ တံတားများသည် နှစ် နှစ်ဆယ်ကျော် သက်တမ်းရှိနေပြီ ဖြစ်သည့်အတွက် အိုဟောင်းဆွေး မြည့်၍ ကြမ်းခင်းများ ပျက်စီးနေပြီဖြစ်ကာ တံတားတိုင်း ၁၃ တန် အထက် ယာဉ်များ ဖြတ်သန်းခွင့်မပြု ဟု စာများ ရေးထားသော်လည်း ယခုအခါ ၁၃ တန်အောက် ယာဉ် များပင် ကြောက်ကြောက်လန့်လန့် ဖြတ်သန်းနေရကြောင်း၊ အဆိုပါတံ တားများပေါ်၌ ဖြတ်သန်းစဉ် ကျိုးကျပါက ဖြတ်သန်းသွားလာသည့် ယာဉ်က ပေးလျော်ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကို ငဲ့ညှာကာ အမြန် ဆုံး ပြင်ဆင်ပေးစေလိုကြောင်း ကလေး မြို့ အခြေစိုက် ကုန်တင်ယာဉ် ပိုင်ရှင်များက ပြောဆိုသည်။

တမူး-ကလေး-ကလေးဝ လမ်းပိုင်းတွင် တံတားပေါင်း ၆၉ စင်းရှိပြီး အများစုမှာ ပျက်စီးနေပြီ ဖြစ်ကာ အမြန်ဆုံး ပြုပြင်ပေးမှုမရှိ ပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွန်သတ်မှတ် ချက်များနှင့် ကိုက်ညီအောင် လုပ်ဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့သို့ တရား ဝင်စာတင်ပြီး ဆန္ဒဖော်ထုတ်တောင်း ဆိုသွားမည် ဖြစ်ကြောင်း လူငယ် များကွန်ရက်မှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here