တမူးမြို့ မြို့မ ၁၂/က ရပ်ကွက်နှင့် မြို့မ ၁၃ ရပ်ကွက်တို့ကို Stay at Home စတင် သတ်မှတ်ကာ လမ်းအသွားအလာများ စတင်ကန့်သတ်

71

 

က​လေး၊ ​အောက်တိုဘာ ၂၇

အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သည့် တမူးမြို့ မြို့မ ၁၂/က ရပ်ကွက်နှင့် မြို့မ ၁၃ ရပ်ကွက်တို့ကို အောက်တိုဘာ ၂၅ ရက်မှစ၍ Stay at Home သတ်မှတ်လိုက်ပြီး အသွားအလာများ စတင်ကန့်သတ်လိုက်ကြောင်း တမူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တမူးခရိုင်၊ တမူးမြို့တွင် အောက်တိုဘာ ၁၅ ရက်က မြို့မ ၁၂/က ရပ်ကွက်၌ Covid-19 ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး ယင်းနှင့်ထိစပ်သူများကို စစ်ဆေးဆောင်ရွက်ခဲ့ရာ မြို့မ ၁၂/က ရပ်ကွက်နှင့် မြို့မ ၁၃ ရပ်ကွက်တို့တွင် Covid-19 ရောဂါပိုးတွေ့ရှိသူ ငါးဦးကို အောက်တိုဘာ ၂၁ ရက်တွင် တွေ့ရှိခဲ့ကြောင်း၊ ထို့ပြင် အောက်တိုဘာ ၂၅ ရက်တွင်လည်း မြို့မ ၁၃ ရပ်ကွက်မှ Covid-19 ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထပ်မံတွေ့ရှိခဲ့သည့်အပြင် ယင်းနေ့ ညပိုင်းအထိ တမူးခရိုင် ပြည်သူ့ဆေးရုံ၌ Covid-19 ရောဂါပိုးတွေ့ရှိသူ ရှစ်ဦးအထိ ရှိနေပြီဖြစ်သဖြင့် ရောဂါပိုး အတွေ့များသည့် မြို့မ ၁၂/က ရပ်ကွက်နှင့် မြို့မ ၁၃ ရပ်ကွက်တို့ကို Stay at Home စတင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း တမူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထပ်မံသိရသည်။

အဆိုပါရပ်ကွက်နှစ်ခုအတွင်း နေထိုင်သူများအနေဖြင့် ရပ်ကွက်အတွင်း စျေး၀ယ်ထွက်ရာ၌ ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊ အဖွဲ့အစည်းများ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ကြရန်၊ တာ၀န်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များဖြင့် ဖြတ်သန်းခွင့်ပြုထားသည့် ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုပြီး အခြားယာဉ်များအား အသွားအလာ ကန့်သတ်လိုက်ကြောင်း အဆိုပါဌာနမှ ထုတ်ပြန်သည်။

တမူးမြို့နှင့် ဘေးကပ်လျက်တည်ရှိသော အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင်လည်း Covid-19 ပိုးတွေ့ရှိသူ အဆမတန် များပြားနေသဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် ၀င်ထွက်ပေါက်အား မတ်လ တတိယပတ်ကတည်းက စတင်ပိတ်ထားခဲ့ပြီး ယခုဆိုလျှင် ခုနစ်လခန့်ရှိနေပြီဖြစ်သည်။ ထို့ပြင် တမူးမြို့တွင် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်မှု၊ တရုတ်ကုန်ပစ္စည်းများကို တမူးမှတစ်ဆင့် အိန္ဒိယသို့ ပြန်လည်ရောင်းချမှု စသည့် ကုန်သွယ်မှုဖြင့် အသက်မွေး၀မ်းကျောင်းပြုသူများပြားပြီး ယခု ဒုတိယလှိုင်းကာလမှသာ Covid-19 ပိုးတွေ့လူနာ ပထမဦးဆုံး စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း တမူးမြို့ခံများထံမှ စုံစမ်းသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here