တမူးမြို့တွင် ဆိုင်ကယ်များကို ကံစမ်းမဲများဖောက်၍ ရောင်းချလာ

87

 

တမူး၊ ​အောက်တိုဘာ ၃၁

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း ဆိုင်ကယ်များ ရောင်းမကောင်းသည့်အတွက် ဘီးကြီးဆိုင်ကယ်များကို ကံစမ်းမဲများဖောက်၍ ရောင်းချလာကြကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

“Covid-19 ပထမလှိုင်း စဖြစ်ကတည်းက ဆိုင်ကယ်တွေ ရောင်းမကောင်းတာ အခုအချိန်ထိပဲ၊ နေ့စဉ် စျေးဦးကို မပေါက်တာ၊ ကြာလာတော့ ဆိုင်ကယ်တွေ အများကြီးသိုလှောင်ထားရတဲ့အချိန်မှာ ငွေအောင်းနေတယ်ပေါ့၊ ဒါကြောင့် ဆိုင်ကယ်တွေ ရောင်းမထွက်တဲ့ကာလမှာ ကံစမ်းမဲလက်မှတ် တစ်စောင် တစ်သောင်းခွဲနဲ့ ရောင်းပြီး မဲဖောက်ပေးသွားမယ်၊ ပေါက်တဲ့သူက တန်ဖိုးကြီးဆိုင်ကယ်တွေ ရမှာပေါ့” ဟု တမူးမြို့ခံ ဆိုင်ကယ်ရောင်း၀ယ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုမျိုး၀င်းက ပြောကြားသည်။

တမူးမြို့သည် မြန်မာဘက်မှ ကုန်ပစ္စည်းများကို အိန္ဒိယသို့ တင်ပို့ကြပြီး အိန္ဒိယမှ ကုန်ပစ္စည်းများကို မြန်မာဘက်သို့ တင်သွင်း၍ ကုန်သည်လုပ်ငန်းဖြင့် အဓိကလုပ်ကိုင်ကြ​ကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ်၊ မတ်လ တတိယပတ်ကတည်းက Covid-19 ကပ်ဘေးကြောင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်များ ယာယီပိတ်ထားခဲ့ကြောင်း၊ အဆိုပါပိတ်ထားမှုမှာ ခုနစ်လအထိ ရှိလာပြီဖြစ်သည့်အတွက် ဒေသခံအများစု စီးပွားရေးအဆင်မပြေမှုများ ကြုံတွေ့နေရကာ ဆိုင်ကယ်အရောင်းဆိုင်များလည်း ရက်ပေါင်းများစွာ စျေးဦးမပေါက်မှုနှင့် ရင်ဆိုင်နေရကြောင်း တမူးမြို့ခံများထံမှ စုံစမ်းသိရသည်။

“တမူးက အိန္ဒိယကို မှီခိုပြီး အရောင်းအ၀ယ် လုပ်ကိုင်ကြရတော့ အခုလို နှစ်နိုင်ငံနယ်စပ် ပိတ်ထားရတဲ့အချိန်မှာ အများကြီးအခက်တွေ့ကုန်တယ်ပေါ့၊ အဓိကက စီးပွားရေးကောင်းမှ ဆိုင်ကယ်တွေကလည်း ရောင်းရမှာကိုး၊ အခုကာလ စီးပွားရေးကျပ်ကြတော့ ဆိုင်ကယ်တွေလည်း မရောင်းရတာကြာပြီ” ဟု တမူးမြို့ခံ ဆိုင်ကယ်ရောင်း၀ယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဆိုင်ကယ်များ မရောင်းရသည့် Covid-19 ကာလအတွင်း ဆိုင်ကယ်ဘီးကြီးများဖြစ်သော KTM Duke 250 Brand New ဆိုင်ကယ်၊ Royal Enfield 350 CC Brand New ဆိုင်ကယ်၊ Royal Enfield Bullet 350 ဆိုင်ကယ် စသည်တို့ကို မဲတစ်စောင်လျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် မဲလက်မှတ်များ ရောင်းချပေးလာပြီး နှစ်သိမ့်ဆုအနေဖြင့် ဆိုင်ကယ်ဦးထုပ်များလည်း ထည့်သွင်းပေးထားကြောင်း ကံစမ်းမဲလက်မှတ်များ ရောင်းချပေးနေသည့် ကိုမျိုး၀င်းက ပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here