တပ်မတော်သားနှင့် ရဲမှုထမ်းများထဲမှ ဝန်ထမ်းကောင်းတံဆိပ် ရရှိထားသော တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်း ၅,၆၀၀ ကျော်ကို မော်တော်ယာဉ် တင်သွင်းခွင့်/ဝယ်ယူခွင့်ပြုမည်

293

 

ရန်ကုန်၊ စက်တင်ဘာ ၃၀

တပ်မတော်သားနှင့် ရဲမှုထမ်းများထဲမှ ဝန်ထမ်းကောင်းတံဆိပ် ရရှိထားသော တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်း ၅,၆၀၀ ကျော်ကို မော်တော်ယာဉ်တင်သွင်းခွင့်/ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ကြေညာချက်အရ သိရသည်။

တပ်မတော်မှ နယ်ဘက်သို့ ဌာနကူးပြောင်း တာဝန်ထမ်းဆောင်ခဲ့သူများသည် သက်ဆိုင်ရာဝန်ကြီးဌာနတွင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် လျှောက်ထားရရှိပြီးမှသာ မော်တော်ယာဉ်တင်သွင်း/ဝယ်ယူခွင့် ပြုမည်ဖြစ်ပြီး တပ်မတော်သားအရာရှိကြီးများကို ရာထူးအဆင့်အလိုက် အချိန်ကန့်သတ်ချက်ဖြင့် အငြိမ်းစားယူရန် သတ်မှတ်ထားသည့်အတွက် စစ်မှုထမ်းကောင်းတံဆိပ် ရရှိထားသည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲတပ်မတော်သား(အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဆင့်မှ ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) ၅၀၁ ဦးကို ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်၊ သို့မဟုတ် ပြည်တွင်းအရောင်း ပြခန်းများမှ ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။ စစ်မှုထမ်းကောင်းတံဆိပ်ရရှိထားသည့် ပင်စင်ယူရန် သုံးနှစ်အလို ဖြစ်သော တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သား (လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ ရုံးအကူအဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့် တူညီသူ) ၄,၀၄၉ ဦးကိုလည်း ပြည်တွင်း SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော ရဲမှုထမ်းကောင်း တံဆိပ်ရရှိထားသည့် တာဝန်ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့ ဝင် (အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးအဆင့်မှ ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) ၁၂၆ ဦးကို ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်၊ သို့မဟုတ် ပြည်တွင်းအရောင်း ပြခန်းများမှ ဝယ်ယူခွင့်ပြုမည်ဖြစ်ကာ ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော ရဲမှုထမ်းကောင်းတံဆိပ်ရရှိထားသည့် တာဝန်ထမ်းဆောင်ဆဲရဲတပ်ဖွဲ့ဝင် (လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ ရုံးအကူအဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) ၁,၀၂၁ ဦးကို ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားပြီး ပင်စင်ယူဖို့ သုံးနှစ်အလို နိုင်ငံ့ဝန်ထမ်းအရေအတွက် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းအင်အား ၁၁ သိန်းရဲ့ ၁ ရာခိုင်နှုန်းကျော်သာရှိတဲ့အတွက် တပ်မတော်သားတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကိုလည်း နိုင်ငံ့ဝန်ထမ်းများနည်းတူ မော်တော်ယာဉ်တင်သွင်းခွင့်/ဝယ်ယူခွင့် ခွင့်ပြုထားခြင်း ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်နေသော စည်ပင်သာယာရေးဝန်ထမ်းများထဲမှ ပြည်သူ့ ဝန်ထမ်းကောင်း တံဆိပ်ရရှိထားပြီး ၁-၁၀-၂၀၂၀ ရက်နေ့တွင် အသက် ၅၇ နှစ်နှင့်အထက် ရှိသည့် ပင်စင်ယူရန် သုံးနှစ်အလို ဖြစ်သော တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ (သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသည့် ဝန်ထမ်းများအပါ) အမြဲတမ်းအတွင်းဝန် ရာထူးမှ ဒုတိယညွှန်ကြားရေးမှူးရာထူးအထိ ဝန်ထမ်း များအား ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်၊ သို့မဟုတ် ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့် ပြုမည် ဖြစ်ပြီး လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက် အဆင့် ဝန်ထမ်းများကို ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ-ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here