တန်ဖိုးကြီးကားများ လျှို့ဝှက်မြေအောက်ကားပါကင်တွင်ရပ်နားရန် ကားပိုင်ရှင်သူဌေးများ ဝန်ဆောင်ခများစွာ ပေးနေ

740

လန်ဒန်နှင့် ကော့စ်ဝူးဒ်တို့ရှိ လင်းနို့ဂူများဟု အမည်ပြောင် ပေးထားသည့် လျှို့ဝှက် မြေအောက်ကားပါကင် နေရာများတွင် ပေါင်သန်းချီတန်သည့် Aston Martin ၊  Bentley နှင့် Mercedes တို့ကဲ့သို့ တန်ဖိုးကြီး ကားများရပ်နားရန် ကားပိုင်ရှင် သူဌေးများက တစ်နှစ်လျှင် ပေါင်ငွေ ထောင်ပေါင်းများစွာ ဝန်ဆောင်ခ ပေးနေကြကြောင်း သြဂုတ် ၂၁ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

ယင်းမြေအောက်ကားပါကင်များမှ ဝန်ထမ်းများက လာရောက် ရပ်နားထားကြသည့် တန်ဖိုးကြီးကားများကို နူးညံ့သည့် ကားကာဗာအစွပ်များ နှင့် စနစ်တကျ ဖုံးအုပ်ပေးထားပြီး လုံခြုံမှုရှိစေရန် အမြဲမပြတ် ကြည့်ရှု စောင့်ရှောက်ပေးကြသည်ဟု ဆိုသည်။ ကားမအပ်ခင် ဓာတ်ပုံရိုက်ကာ ကားအခြေအနေမှတ်တမ်း ထားရှိပြီးနောက် အပူချိန်နှင့် လေထုထိန်းညိွထားသည့် သိုလှောင်ခန်းများသို့ မပို့ဆောင်မီ ကားများကို ၂၄ နာရီကြာ လေဖြင့် သန့်စင်အခြောက်ခံပေးကြသည်။ ယင်းသို့ ဝန်ဆောင်မှုများ စနစ်တကျ စီစဉ်ပေးသဖြင့် လန်ဒန်ရှိ Windrush လုပ်ငန်းမှ မြေအောက် ကားပါကင်များတွင် ယာဉ်ရပ်နားမည်ဆိုပါက တစ်ပတ်လျှင် ပေါင် ၁၁ဝ အထိ ပေးရပြီး ကော့စ်ဝူးဒ် ကျေးလက်ဒေသရှိ အလားတူကားပါကင်မျိုးတွင် ရပ်နားမည်ဆိုပါက တစ်ပတ် လျှင် ၆၂ ပေါင် ပေးဆောင်ရသည်ဟု သိရသည်။ လန်ဒန် လျှို့ဝှက်မြေအောက် ကားပါကင်၌ ရပ်နားထားသောကားများတွင် ပေါင် သုံးသိန်းကျော် တန် 1970s Ferrari Dino ကားများအပြင် ပေါင် တစ်သန်း ကျော်တန် Bugatti Veyron ၊ ပေါင်နှစ်သန်းကျော်တန် Ferrari LaFerrari စသည့် နာမည် ကြီးကားများလည်း ပါသည်။ ကားပါကင်များတွင် ရပ်နားထား သည့်ကားများကို ပုံမှန်စစ်ဆေးမှု ပြုလုပ်ပေးပြီး ပိုင်ရှင်များ ကားအသုံးပြုလိုသည့်အခါ အချိန်မရွေး အသင့်ဖြစ်နေစေရန် Windrush က အာမခံထားသည်။ ပါကင်ထဲတွင် နှစ်ပေါင်း များစွာကြာအောင် လာရောက် ရပ်နားထားသည့် ကားအချို့လည်းရှိပြီး သက်တမ်း ၁၃ နှစ်ရှိ အဆိုပါ Windrush ကားပါကင်လုပ်ငန်းကို Tim Earnshaw  ဆိုသူက ဦးဆောင်နေခြင်းဖြစ်ကာ ကားအစီးရေ သုံးရာကို တစ်ချိန်တည်း ဝန်ဆောင်မှုပေးနိုင်ကြောင်း သိရသည်။

 

ကားရပ်နားရန် နေရာနှင့် လုံခြုံရေး အဆင်မပြေသည့် ကားပိုင်ရှင်များအပြင် အိမ်သူ သက်ထားအား အသိမပေးဘဲ ကားဝယ်ယူထားပြီး ထားစရာမရှိဖြစ်နေသည့် ကားပိုင်ရှင်များအတွက် လိုအပ်သည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည့် Windrush က ထိန်းသိမ်း စောင့်ရှောက်ထားသည့် တန်ဖိုး ကြီး ကားများအားလုံးကို နှစ်လ တစ်ကြိမ် အင်ဂျင်နှင့် အင်ဂျင်ဝိုင်စစ်ဆေးခြင်းနှင့် လျှပ်စစ် အစိတ်အပိုင်းများ စစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးကြောင်း သိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here