တည်ငြိမ်မှုရှိတဲ့ ကောက်ကြောင်းအလှနဲ့ ဈေးနှုန်းသင့်တင့်တဲ့ 2020 KIA Forte

308

 

တောင်ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးကားကုမ္ပဏီဖြစ်တဲ့ KIA ဟာ Forte မိုဒယ်ကို ၂၀ဝ၈ ခုနှစ်က စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး လက်ရှိအချိန်မှာတော့ တတိယမျိုးဆက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တတိယမျိုးဆက်ကို 2019 Model Year အနေနဲ့ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယား၊ မက္ကဆီကို၊ အယ်လ်ဂျီးရီးယားနိုင်ငံတွေက စက်ရုံတွေမှာ တည်ဆောက်ပြီး ကမ္ဘာတစ်လွှား တင်ပို့ရောင်းချနေတာလည်း ဖြစ်ပါတယ်။

စက်စွမ်းရည်

2020 KIA Forte မှာ FE ၊ LXS ၊ GT-Line ၊ EX ၊ GT ၊ GT Manual စတဲ့ Trim Level ခြောက်မျိုးအထိရှိပြီး FE ၊ LXS ၊ GT-Line ၊ EX စတဲ့ မိုဒယ်တွေမှာ မြင်းကောင်ရေ ၁၄၇ ကောင်အား 2.0 Liter In-line 4-cylinder ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားသလို ရှေ့ဘီးယက်စနစ် ဖြစ်ပါတယ်။ GT နဲ့ GT Manual တို့မှာတော့ စွမ်းဆောင်ရည် ပိုမိုမြင့်မားတဲ့ မြင်းကောင်ရေ ၂၀၁ ကောင်အား 1.6 Liter Inline 4-cylinder Turbocharged အင်ဂျင် တပ်ဆင်ထားပါတယ်။ Trim Level အလိုက် ဆီစားနှုန်းအမျိုးမျိုးဖြစ်ပြီး GT Manual မိုဒယ်က ဆီအစားဆုံး ဖြစ်ပါတယ်။ GT Manual ရဲ့ ဆီစားနှုန်းက မြို့တွင်းလမ်းမ တစ်ဂါလန် ၂၅ မိုင်နှုန်း၊ အဝေးပြေးလမ်းမ ၃၂ မိုင်နှုန်းနဲ့ ပျမ်းမျှဆိုရင်တော့ တစ်ဂါလန် ၂၈ မိုင်နှုန်းပါ။ ကျန်မိုဒယ်တွေရဲ့ ဆီစားနှုန်းကတော့ အတူတူနီးပါးဖြစ်ပြီး မြို့တွင်းလမ်းမ တစ်ဂါလန် ၂၇ မိုင်နှုန်းကနေ မိုင် သုံးဆယ်နှုန်းကြား၊ အဝေးပြေးလမ်းမ ၃၅ မိုင်နှုန်းကနေ မိုင်လေးဆယ်နှုန်းကြား၊ ပျမ်းမျှဆိုရင်တော့ မိုင် သုံးဆယ်နှုန်းကနေ ၃၄ မိုင်နှုန်းကြား ဖြစ်ပါတယ်။

FE နဲ့ GT Manual မိုဒယ်က 6-Speed Manual Transmission ၊ ကျန်တဲ့ LXS ၊ GT Line နဲ့ EX မိုဒယ်တွေက Intelligent Continuously Variable Transmission(IVT) နဲ့ GT က 7- Speed Dual-Clutch Automatic Transmission ဖြစ်ပါတယ်။ ၈ ဒသမ ၂ စက္ကန့်အတွင်း သုညမိုင်ကနေ မိုင်ခြောက်ဆယ်အထိ အရှိန်တင်နိုင်ပြီး အမြင့်ဆုံး မောင်းနှင်နိုင်တဲ့ပမာဏက တစ်နာရီ ၁၂၉ မိုင်နှုန်းဖြစ်တာကြာင့် စွမ်းဆောင်ရည်မြင့် ဆီဒန်ကားတစ်စီးဆိုတာ ထင်ရှားပါတယ်။

တည်ဆောက်ပုံ

KIA Forte ဒီဇိုင်းကို နာမည်ကျော် ဂျာမန် ကားဒီဇိုင်းပညာရှင် Peter Schreyer က ဖန်တီးပေးထားတာဖြစ်ပြီး အရည်အသွေးမြင့်ပေါ့ပါးတဲ့ သံမဏိတွေနဲ့ တည်ဆောက်ထားပါတယ်။ ကားအလေးချိန်က ၂,၉၀၃ ပေါင်ပဲရှိလို့ လျင်မြန်တဲ့အဟုန်နဲ့ လေဟုန်ခွင်းနိုင်မယ့် ကားတစ်စီးပါ။ ရှဲလ်ဒီဇိုင်းက KIA ရဲ့ ပင်တိုင် အလျားလိုက် အသေးစားရှဲလ်ဖြစ်ပြီး ကားစက်ဖုံးနဲ့ ရှဲလ်ကြားမှာ KIA Logo ပါဝင်ပါတယ်။ ရှဲလ်အောက်ဘက်မှာတော့ အလျားလိုက် လေစုပ်ပေါက်ကြီးတစ်ခုပါဝင်ပြီး ကားရှေ့မီးကြီးရဲ့ အောက်ဘက်မှာ လေစုပ်ပေါက်အသေးစားတစ်ခုစီကို ထည့်သွင်းပေးထားပါတယ်။ လေစုပ်ပေါက်တစ်ဖက်တစ်ချက်မှာ အလင်းရောင်စူးရှတဲ့ နှင်းခွဲမီးလုံး တစ်လုံးစီ ထည့်သွင်းပေးထားလို့ ရာသီဥတုဆိုးရွားချိန်တွေဆို အလင်းရောင်ကောင်းကောင်း ရရှိစေနိုင်မှာပါ။
ရှေ့မီးကြီးက နေ့လင်းမီးတန်းစနစ်ပါဝင်တဲ့ ဂရိတ်အပြည့် LED မီးကြီးဖြစ်ပြီး တခြားကားတွေရဲ့မီးရောင်အပေါ် မူတည်လို့ မီးအနိမ့်အမြင့် လုပ်ပေးနိုင်တဲ့(HBA)စနစ် ပါဝင်ပါတယ်။ ကားနောက်ဖုံးနဲ့ တွဲစပ်ဖွဲ့စည်းထားတဲ့ နောက်မီးအုံဒီဇိုင်းက ဆန်းပြားသလို တစ်ဆက်တည်းရှိနေတာက တခြားမိုဒယ်တွေနဲ့ ကွဲပြားနေပါတယ်။ အနောက်ဘက် Diffuser Area မှာ အဝိုင်းပုံခရိုမီယမ် အိပ်ဇောပိုက်တစ်လုံးကို ကားညာဘက်ခြမ်းမှာ တပ်ဆင်ပေးထားတာက တည်ငြိမ်ခံ့ညားမှုအပြည့် ရှိစေပါတယ်။ နောက် မီးအုံအောက်ဘက်မှာ တြိဂံပုံမီးသီးတစ်စုံစီကို ဘယ်ညာတစ်ဖက်တစ်ချက်မှာ ထည့်ပေးထားပါသေးတယ်။ နောက်ဖုံးအစွန်းကို လေပင့်အားထိန်းတောင်ပံ အသေးစားလေးသဖွယ် အနည်းငယ် ကော့တက်ပေးထားတာက Sports Type ကို နှစ်သက်တဲ့ ဝယ်ယူသူတွေအတွက် စိတ်ကျေနပ်စရာ ဖြစ်လာစေမှာ သေချာပါတယ်။ ခေါင်မိုးမှာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပွင့်ထွက်လာမယ့် Power Sunroof ပါဝင်လို့ အမိုးဖွင့်မောင်းနှင်မယ်ဆိုရင် လတ်ဆတ်တဲ့ သဘာဝလေနုအေးတွေကို ရှူရှိုက်ခွင့်ရနိုင်မှာပါ။
ကားနောက်မှန်အပေါ်မှာ ငါးမန်းတောင် Antenna တစ်ခုကို တပ်ဆင်ထားပြီး ရိုးရှင်းတဲ့ဘော်ဒီကောက်ကြောင်းအရ KIA Forte ဟာ လူငယ်၊ လူလတ်ပိုင်းကိုတင်မက လွတ်လပ်ပေါ့ပါးမှုကိုမြတ်နိုးတဲ့ တခြား အသက်အရွယ်ပိုင်းတွေကိုပါ ဆွဲဆောင်နိုင်ပါတယ်။ 2020 KIA Forte ရဲ့ ဘော်ဒီကောက်ကြောင်းက ဘေးဘက်နဲ့ ဘောနတ်မှာသာ အတွန့်အခေါက်လိုင်းတွေရှိတာက တည်ငြိမ်ရင့်ကျက်မှု အပြည့်ရှိသလို အသက်အရွယ်မရွေး နှစ်ခြိုက်နိုင်တဲ့ ဒီဇိုင်းလို့ ဆိုနိုင်ပါတယ်။

အတွင်းခန်း

အတွင်းခန်းက ထိုင်ခုံတွေကို အဆင့်မီ Leather တွေနဲ့ ချုပ်လုပ်ထားပြီး ဒရိုင်ဘာထိုင်ခုံကို အနေအထား ၁၀ မျိုးအထိ ပြောင်းလဲနိုင်သလို ထိုင်ခုံတွေအားလုံး အနွေးဓာတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ထိုင်ခုံတွေကို ၆၀း၄၀ အချိုးအတိုင်း ချိန်ညှိနိုင်သလို စတီယာရင်ကိုလည်း အနွေးဓာတ်ပေးနိုင်ပါတယ်။ Center Console မှာတော့ ရေဘူးနှစ်ဘူး ထည့်ထားနိုင်တဲ့ နေရာပါသလို ကြိုးမဲ့ ဖုန်းအားသွင်းနိုင်တဲ့နေရာလည်း ရှိပါတယ်။ ဒက်ရှ်ဘုတ်မှာတော့ မျက်နှာပြင်အကျယ် ရှစ်လက်မရှိတဲ့ Touch Screen တစ်ခုရှိပြီး Dual-Zone Automatic Temperature Control ၊ Apple CarPlay ၊ Android Auto ၊ Bluetooth Wireless Technology ၊ Satellite Navigation စတဲ့ ခေတ်မီနည်းပညာတွေ လုပ်ဆောင်နိုင်ပါတယ်။

အသံစနစ်အတွက် Harman Kardon Premium Audio System ကို အသုံးပြုထားပြီး 320-watts စပီကာရှစ်လုံးအထိ ထည့်ပေးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ သောတအာရုံကို ခံစားနိုင်မှာပါ။ ဘေးကင်းလုံခြုံဖို့အတွက် ဂရိတ်အပြည့် လေအိတ်ခြောက်လုံးကို ကားအတွင်းခန်းအနှံ့ တပ်ဆင်ထားသလို ရှေ့ ခန်းက လူတွေအတွက်လည်း လေအိတ်နှစ်လုံး သီးသန့်ထည့်သွင်းပေးထားပါသေးတယ်။ Traction Control System နဲ့ Electric Stability Control စနစ်တွေက ကားဘီးရဲ့လည်ပတ်နှုန်းကို လျှော့ချပေးနိုင်သလို ဘယ်လိုလမ်းမျိုးမဆို တည်တည်ငြိမ်ငြိမ် မောင်းနှင်နိုင်ပါတယ်။ Hill Start Assist Control က အတက်လမ်းတွေမှာ နောက်ပြန် လိမ့်ဆင်းမသွားအောင် အထောက်အပံ့ပေးမှာဖြစ်သလို Anti-lock Braking System ၊ Brake Assist System ၊ Blind-Spot Detection Technology ၊ Rear Cross-Traffic Alert ၊ Driver Attention Warning ၊ Forward Collision-Avoidance Assist Lane Keeping Technology ၊ Auto Emergency Braking ၊ Rear Parking Sensors စတဲ့ အထောက်အကူပြု နည်းစနစ်တွေပါဝင်တာကြောင့် ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့ရင်တောင် လုံခြုံစိတ်ချရမှု အပြည့်ရှိစေမှာပါ။

၁၈ လက်မ GT Two-Tone Alloy ဘီးခွေနဲ့အတူ ရာသီမရွေး အသုံးပြုနိုင်တဲ့ Michelin တာယာနဲ့ တွဲစပ်ထားတာကြောင့် ဘယ်လိုအခြေ အနေမျိုးမှာမဆို တည်ငြိမ်မှုအပြည့်နဲ့ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ကားနောက်ဖုံးထဲ ဝန်စည်စလယ် ထည့်သွင်းနိုင်တဲ့ပမာဏက ၁၅ ဒသမ ၃ ကုဗပေရှိတာကြောင့် ကျယ်ဝန်းတယ်လို့ ဆိုနိုင်သလို Ground Clearance က ၅ ဒသ မ ၃ လက်မရှိလို့ ကားအောက်ပိုင်း ထိခိုက်မှုရှိမှာကို စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။ 2020 KIA Forte ဟာ အမေရိကန် အခြေစိုက် Insurance Institute for Highway Safety (IIHS)က ပေးအပ်တဲ့ ၂၀၁၉ လုံခြုံစိတ်ချရမှုရှိတဲ့ ကားဆုကိုရရှိထားတာကြောင့် လုံခြုံစိတ်ချရမှု အပိုင်းမှာတော့ ထိပ်တန်းကပါပဲ။

ဈေးနှုန်းနှင့် ပြိုင်ဘက်

Trim Level ခြောက်မျိုးရှိတဲ့အထဲမှာ FE မိုဒယ်က ဈေးအနည်းဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၇,၈၉၀ ရှိပါတယ်။ LXS မိုဒယ်ကတော့ အမေရိကန်ဒေါ်လာ ၁၉,၁၉၀၊ GT-Line မိုဒယ်က အမေရိကန်ဒေါ်လာ ၂၀,၃၉၀၊ EX က အမေရိကန်ဒေါ်လာ ၂၁,၉၉၀၊ GT က အမေရိကန်ဒေါ်လာ ၂၂,၂၉၀ ဖြစ်ပါတယ်။ ဈေးအမြင့်ဆုံးမိုဒယ်က GT Manual ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၂၁,၈၉၀ ကျသင့်မှာပါ။ 2020 KIA Forte ရဲ့ ပြိုင်ဘက်တွေကတော့ 2020 Hyundai Elantra ၊ 2020 Toyota Corolla ၊ 2020 Honda Civic ၊ 2020 Mazda3 ၊ 2020 Hyundai Veloster ၊ 2020 Volkswagen GTI တို့ပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here