တစ်ပတ်တစ်မျိုးအပြောင်းအလဲများဖြင့်မန္တလေးကားစျေးကွက်

1422

ပြီးခဲ့သည့်တစ်ပတ်တွင် အရောင်းအဝယ်တိုးတက်လာသည့် မန္တလေးကားစျေးကွက်မှာ ဝယ်လက်လာရောက်မှုနည်းခြင်းကြောင့် ယခုတစ်ပတ်၌ အရောင်းအဝယ်ပြန်အေးသွားကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

”ဒီတစ်ပတ်အရောင်းအဝယ်က ဝယ်လက်အဆင်းနည်းတော့ ပြန်အေးသွားတယ်၊ ကားစျေးတွေကတော့ ဒီအချိန်က တက်လဲမတက် ကျလဲမကျ ပုံမှန်စျေးဖြစ်နေပေမယ့် လိုအပ်ချက်တွေပဲ ပြည့်မှီနေလို့မဆင်းတာလားမသိတော့ဘူး၊ အရင်ကစျေးကွက်ဦးဆောင်တဲ့ ဖရီးပါမစ်တောင် အရောင်းအဝယ် ပြန်အေးသွားတယ်”ဟု မန္တလေးမြို့ လမ်း ၆ဝ ကားဝိုင်းမှ ကားဝယ်/ရောင်း ကိုနောနော်က ပြောသည်။

လက်ရှိစျေးကွက်အတွင်း၌ ၆၆ဝ စီစီ မီနီထရပ်(ခွေးဘီးလေး)များ သာ အမေးများသော်လည်း ထိုကားများတွင်ပင် အသစ်ထက်စျေးသက်သာသည့် နံပါတ်ဟောင်းကားလေးများကို ပို၍အမေးများနေကြောင်း ၎င်းစျေးကွက်အတွင်းမှသိရသည်။

”အမေးတော့များပြီး အဝယ်တော့မရှိဘူး၊ ဖုန်းနဲ့လှမ်းမေးကြတာ ရှိပေမယ့် အသစ်ထက် အဟောင်းကိုပိုမေးကြတယ်၊ ဒါကြောင့် မန္တလေးစျေးကွက်က ဒီတစ်ပတ်ပြန်အေးသွားတယ်၊ အရောင်းအဝယ်ကလဲ ဘယ်တော့ပြန်ကောင်းမယ်ဆိုတာ ခန့်မှန်းလို့မရအောင်ဖြစ်နေတယ်၊ ကောင်းလာမယ်လို့ခန့်မှန်းလိုက် ပြန်ကျသွားလိုက်နဲ့ ဒါနဲ့ကိုနှစ်ဝက်ရောက်တော့မယ်”ဟု ကားဝယ်/ ရောင်းတစ်ဦးက ညည်းတွား၍ဆိုသည်။

ကားစျေးနှုန်း၊ ကားမူဝါဒအသံများနှင့် အခွန်နှုန်းအသံများငြိမ်သက်လျက်ရှိနေသော်လည်း ဝယ်လက်လာရောက်မှုနည်းနေသဖြင့် ကား ဝယ်/ ရောင်းများအနေဖြင့်လဲ ယခင်ကကဲ့သို့ ကားများစုဆောင်းပြီးရောင်းချနိုင်ခြင်းမရှိဘဲ လက်ဝယ်ရှိသည့်ကားကို ရောင်းသူနှင့်ဝယ်သူကြိုက်ရောင်း ကြိုက်ဝယ်ပုံစံဖြင့် ရောင်းချနေရကြောင်း မန္တလေးစျေးကွက်အတွင်းရှိ ဝယ်/ရောင်းများထံမှ သိရသည်။

”ဝယ်/ရောင်းတွေကလဲ ခံရတာများလာတော့ မစုချင်တော့ဘူး၊ လက်ထဲရှိတဲ့ဟာပဲကိုင်ရောင်းတယ်၊ သူ့ဟာနဲ့သူ မူဝါဒဘယ်လိုပဲထွက်ထွက် မစုတော့ဘဲ လက်ရှိရှိတာကိုပဲ တက်စျေးမိရင်လဲ တက်စျေးနဲ့ ကျစျေးမိရင်လဲကျစျေးနဲ့ရောင်းလိုက်တာဘဲ၊ မူဝါဒကြောက်ပြီး ကားမစုရဲကြတော့ဘူး”ဟု ကားဝယ်/ရောင်းတစ်ဦးက မူဝါဒများ၏ ရိုက်ခတ်မှုကြောင့် ကားလောကအတွင်း ပြောင်းလဲသွားပုံကို ပြောသည်။

Delivery Van များ၏ စျေးကွက်အခြေအနေမှာလဲ လက်ရှိ၌ ဝယ်လက်ပျောက်ကာ စျေးကွက်ပျက်နေသည့်အနေအထားဖြစ်လျက်ရှိပြီး ဝယ်ယူပြီးသည့်သူများပင် ပြန်လည်ရောင်းချရန် အား ထုတ်လျက်ရှိပြီး ဝယ်ယူမည့်သူများအနေဖြင့်လည်း ထွက်ပေါ်လာမည့် မူဝါဒကိုစောင့်ကြည့်နေကြကြောင်း သိရသည်။

စျေးကွက်အတွင်း၌ ကျပ်သိန်း ၁၅ဝ မှ နှစ်ရာ ဝန်းကျင် ဖရီးပါမစ် ကားများပင်စျေးကွက်အေးသွားသဖြင့် ထိုစျေးအထက် စလစ်ကပ်ကားများမှာမူ ယခင်ထက်စျေးကွက်ပိုအေးသွားကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိ မန္တလေးကားစျေးကွက်မှာ မြို့ပေါ်ဝယ်လက်များနှင့် အလဲအထပ်များကိုသာ အားထားနေရပြီး နယ်ဝယ်လက်များမှာ ပွင့်လင်းရာသီကုန်ခါနီးချိန် ရောက်ရှိလာသော်လည်း အဝယ်နည်းလျက် ရှိကြောင်း မန္တလေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယခုနှစ်၌ ညာမောင်းကားတင်သွင်းမှု မရှိနိုင်သော်လည်း ဘယ်မောင်းကားသစ်များမှာ စျေးကွက်လိုအပ်ချက်ရသည်အထိမတင်သွင်းနိုင်သည့်အပြင် ကားဝယ်လက်နှင့် အသုံးပြုသူများ၏အကြိုက်အရ လာမည့် ၂ဝ၂ဝ အထိ တင်သွင်းပြီး ညာမောင်းကားများသာ စျေးကွက်ကို ဆက်လက်ဦးဆောင်နိုင်မည်ဖြစ်ကြောင်း ကားဝယ်/ရောင်းအများစုက သုံးသပ်ကြသည်။

”ကားစျေးကွက်ပြောင်းလဲဖို့ကတော့ ညာမောင်းကိုဆက်ပြီးသွင်းခွင့်ပေးဦးမယ်ဆိုရင်တော့ အရောင်းအဝယ်ကပြန်ကောင်းနိုင်တယ်၊ အခုက ညာမောင်းပိတ်လိုက်တော့ ဘယ်မောင်းက လောလောဆယ်အကြိုက်နဲသလို၊ စျေးကွက်ထဲဝင်လာတဲ့ ဘယ်မောင်းကလဲ Brand New စျေးလောက်ရှိတော့ အသုံးပြုတဲ့သူနည်းပြီး ရောက်ရှိပြီး ညာမောင်းလေးတွေပဲအားထားရောင်းနေရတယ်”ဟု ကားဝယ်/ရောင်းတစ်ဦးက စျေးကွက်ပြန်လည်ကောင်းမွန်နိုင်ရန် ညာမောင်းကားများကိုသာအားကိုးနေရကြောင်း ပြောသည်။

ယခုတစ်ပတ်၌ ကားစျေးနှုန်းများ အတက်၊အကျမရှိသော်လည်း လက်ရှိဝယ်လိုအားနည်းပါးမှုများကြောင့် ဝယ်/ရောင်းများမှာအမြတ်ရရှိနိုင်ရန်ထက် မိမိကားအရောင်းအဝယ်ဖြစ်ရန် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့် ရောင်းချနေရပြီး စျေးကွက်အတွင်းရပ်တည်နိုင်ရန် ကြိုးစားနေရကြောင်း ဝယ်/ရောင်းများထံမှ သိရသည်။

”ကားစျေးကွက်က ဒီထက်မဆိုးဖို့လဲစိတ်ကူးတယ်၊ ဒီထက်ကောင်းလာဖို့လဲစိတ်ကူးတယ်၊ ဒီနှစ်အပြောင်းအလဲကတော့ ညာမောင်းတွေပိတ်လိုက်ကတည်းကအရောင်းအဝယ်က အေးသွားပြီး ကမောက်ကမတွေဖြစ်ကုန်တာပဲ”ဟုကားဝယ်/ရောင်း တစ်ဦးက ရှင်းပြသည်။

”အသွက်ကြီးသာမဟုတ်တာ အရောင်းအဝယ်က ပုံမှန်လေးတော့ဖြစ်ပါတယ်၊ မြို့ပေါ်ဝယ်လက်နဲ့ အလဲအထပ်လေးတွေများတယ်၊မန္တလေးစျေးကွက်မှာတော့ထုံးစံအတိုင်း ခွေးဘီးလူးတို့ ပွိုင့်သရီးတိုးအဖြစ်များပြီး စလစ်ကပ်မှာတော့ Kluger ၊ပါဂျဲရိုးတို့ Surf တို့ဖြစ်ပါတယ်၊ လောလောဆယ်မူဝါဒကလဲ ဘာမှမထူးဘူး၊ အသစ်အရောင်းအဝယ်နဲပြီးနံပါတ်ထွက်ပြီးကားလေးတွေလဲအဖြစ်များပါတယ်၊ အဓိကတော့ လိုင်းပေါ်က ကားလေးတွေပဲအရောင်းအဝယ်ဖြစ်တာများပါတယ်”ဟု ဝါရင့်ကား ဝယ်/ရောင်း ဦးဝင်းမြင့်ဦးကဆိုသည်။

ကားစျေးကွက်အရောင်းအဝယ် တိုးတက်ကောင်းမွန်ရန်မှာ ကားမူဝါဒများ ရေးဆွဲရာ၌သေချာပြီး စီစစ်လုပ်ဆောင်သင့်ပြီးထုတ်ပြန်သည့်မူဝါဒအပေါ်တွင် ယိုပေါက်၊ ဟာပေါက်များမရှိအောင် သေသေချာချာ ရေးဆွဲအကောင်အထည်ဖော်သင့်ကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ကြသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here