တစ်နှစ်အတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆိုသူဦးရေ  တစ်သိန်းခွဲကျော်ရှိပြီး ခြောက်သောင်းကျော်သာ  လိုင်စင်ထုတ်ပေးခဲ့

687

၂ဝ၁၇ ခုနှစ် တစ်နှစ်တာအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆိုသူဦးရေ တစ်သိန်းခွဲကျော်ရှိပြီး ဖြေဆိုအောင်မြင်သူ ခြောက်သောင်းကျော်ကိုသာ လိုင်စင်ထုတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ (ခ)၊ (ဃ)၊ (င) ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ တစ်သိန်းခွဲကျော်ရှိခဲ့ရာ ဖြေဆိုအောင်မြင် သူဦးရေ ခြောက်သောင်းကျော်ကိုသာ လိုင်စင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

”ဒီနှစ်ထဲမှာ လိုင်စင်ဖြေဆိုသူ တစ်သိန်းခြောက်သောင်း ကျော်ရှိပါတယ်၊ လိုင်စင်ဖြေဆိုသူတွေထဲမှာ (ဃ) ယာဉ်မောင်းလိုင်စင်ဖြေတဲ့သူတွေက အတွေ့အကြုံရှိပြီးသားဖြစ်တဲ့အတွက် အောင်မြင်တာများပါတယ်၊ (ခ)လိုင်စင်ဖြေဆိုသူတွေထဲမှာ စနစ်တကျ မသင်ထားဘဲ ဖြေကြတဲ့အတွက် လက်တွေ့မောင်းနှင်ရာမှာ အကျများပါတယ်၊ (င)လိုင်စင်ဖြေဆိုသူ တွေထဲမှာလည်း ကားကြီးမောင်းတာ မကျွမ်းကျင်တဲ့အတွက် အကျများပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးခွဲ ရွာသာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

၂ဝ၁၇ ခုနှစ်အတွင်း (ခ) ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ ၁၂၉,၁၈၆ ဦးတွင် အောင်မြင်သူ ၅၄,၉၇၅ ဦး၊ (ဃ) ယာဉ်မောင်းလိုင်စင် ဖြေဆိုသူ ၁၃,၃၂၉ ဦးတွင် အောင်မြင်သူ ၈,ဝ၈၄ ဦးနှင့် (င) ယာဉ်မောင်းလိုင်စင် ဖြေဆိုသူ ၁၄,ဝ၃၁ ဦးတွင် အောင်မြင်သူ ၃,၃၈၈ ဦးရှိကြောင်း သိရသည်။

 

(ခ)ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများအနေဖြင့် သင်တန်းဆင်း လက်မှတ် သုံးလသက်တမ်းရှိ သင်မောင်း လိုင်စင်၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူပါရှိရမည်ဖြစ်ပြီး (ဃ)လိုင်စင်နှင့် (င)လိုင်စင်ဖြေဆိုမည့်သူများသည် သက်ဆိုင်ရာ ကညနခရိုင်ရုံးများမှ ထောက်ခံချက်နှင့်အတူ (ဃ)လိုင်စင်အတွက် သက်တမ်းသုံးနှစ်ရှိ (ခ)လိုင်စင် ပါရှိရမည်ဖြစ်ပြီး (င)လိုင်စင်အတွက် ၂ နှစ်သက်တမ်းရှိ (ဃ)လိုင်စင်၊ သို့မဟုတ် ငါးနှစ် သက်တမ်းရှိ (ခ)လိုင်စင် ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here