တစ်နှစ်တာအတွင်း YBS  ယာဉ်လိုင်းထဲတွင် ပြေးဆွဲရန်  ပြည်ပမှ  တင်သွင်းခဲ့သည့် City Bus အစီးထောင်ကျော်အထိရှိ

1052

ရန်ကုန်၊ ဇန်နဝါရီ

YBS စနစ်သစ် စတင်ခဲ့သည့်အချိန်မှစ၍ တစ်နှစ်အတွင်း ယာဉ်လိုင်းများတွင် ပြေးဆွဲရန် ပြည်ပမှ တင်သွင်းခဲ့သည့် City Bus အစီး သုံးထောင်ကျော်အထိရှိပြီး ယာဉ်များအားလုံးသည် ကနဦးမှတ်ပုံတင် ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

YBS စနစ်သစ် စတင်ခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလအထိ ခရီးသည်တင် ယာဉ်လိုင်းထဲတွင် ပြေးဆွဲရန်အတွက် ပြည်ပမှ တင်သွင်းထားသည့် City Bus အစီး ၃,၂၇၅ စီးရှိပြီး တင်သွင်းခဲ့သည့် ယာဉ်အားလုံး ကနဦးမှတ်ပုံတင် ပြုလုပ်ထားပြီးဖြစ်ကာ အစီးနှစ်ထောင်ကျော်မှာ ယာဉ်လိုင်းများအတွင်း ပြေးဆွဲနေပြီဖြစ်ကြောင်း  သိရသည်။

 

” YBS စနစ်ပြောင်းလဲတာ ပြီခဲ့တဲ့နှစ် ဇန်နဝါရီလမှစတာ ဆိုပေမဲ့ ဖေဖော်ဝါရီလလောက်မှ ကားအသစ်တွေ စပြီးတင်သွင်းကြတာပါ၊ တစ်လကို အနည်းဆုံး အစီးတစ်ရာကျော်ဝန်းကျင် ကနဦးမှတ်ပုံတင် ပြုလုပ်ကြပါတယ်၊ ဒီနှစ်အစမှာဆိုလည်း ၁ဝ ရက်အတွင်းမှာ အစီးနှစ်ရာကျော် ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်ပါတယ်၊ ဒီလထဲမှာ နောက်ထပ်ကားအသစ်တွေ ဝင်ရောက်ဖို့ရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ အသစ်ဝင်ရောက်မယ့် ကားတွေအတွက် ကနဦးမှတ်ပုံတင်ပြုလုပ် ဖို့ ညွှန်ကြားထားတာလည်း ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးခွဲ)၊ ရွာသာကြီး ကနဦးမှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲခြင်းကို မထသ စနစ်မှ YBS စနစ်သစ်အဖြစ် ပြေးဆွဲမှုစတင်ခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်အထိ ခရီးသည်ယာဉ်လိုင်းများတွင် ပါဝင်ပြေးဆွဲရန် ကနဦးမှတ်ပုံတင်ပြုလုပ်ရာ၌ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ၉၄ စီး၊ မတ်လ အတွင်း ၁၉၃ စီး၊ ဧပြီလအတွင်း ၁ဝ၄ စီး၊ မေလအတွင်း ၂၅၃ စီး၊ ဇွန်လအတွင်း ၁,၁၇၄ စီး ၊ ဇူလိုင်လအတွင်း ၁၅၅ စီး၊ သြဂုတ်လအတွင်း အစီး ၁၅ဝ၊ စက်တင်ဘာလအတွင်း အစီး ၁၆ဝ၊ အောက်တိုဘာလအတွင်း ၂၂၇ စီး၊ နိုဝင်ဘာလအတွင်း ၄၂၁ စီး၊ ဒီဇင်ဘာလအတွင်း ၁၁၅ စီးနှင့် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၈ ရက်အထိ ၂၂၉ စီး မှတ်ပုံတင်လာရောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here