တစ်ချိန်တုန်းက ကားပြင်ခမတတ်နိုင်ခဲ့တဲ့ Audi ရဲ့အမှတ်တံဆိပ်သံတမန်နဲ့ ဗြိတိန်တော်ဝင်ဇနီးလောင်း အမေရိကန်ရုပ်ရှင်မင်းသမီးဟောင်း Meghan Markle

835

လူသားချင်းစာနာထောက်ထားရေး ပရဟိတသမားတစ်ယောက်ဖြစ်တဲ့ အမေရိကန်မင်းသမီးချော မယ်ဂန်မာခယ်လ်(Meghan Markle)ဟာ လာမယ့် ၂ဝ၁၈ ခုနှစ်၊ မေလမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ တရားဝင် လက်ဆက်ထိမ်းမြားပြီး ဗြိတိန်တော်ဝင်မိသားစုဝင်ဖြစ်လာတော့မယ့်သူအဖြစ် သတင်းမီဒီယာတွေကြားမှာ လတ်တလော ရေပန်းစားနေသူဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အယ်လ်အေမြို့ကြီးမှာ မွေးဖွားကြီးပြင်းလာတဲ့ မာခယ်လ်ဟာ ၂ဝဝ၃ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီးနောက် အမေရိကန်ရုပ်သံဇာတ်လမ်းတွေမှာ မထင်မရှားနေရာတွေကနေ ပါဝင်ခဲ့ပါတယ်။ မာခယ်လ်ဟာ သရုပ်ဆောင်ဘဝအစပိုင်းမှာ အခက်အခဲပေါင်းစုံ ရင်ဆိုင်ခဲ့ရပေမဲ့ ၂ဝ၁ဝ ပြည့်နှစ်က Remember Me နဲ့ ၂ဝ၁၁ ခုနှစ် က Horrible Bossess ရုပ်ရှင်ဇာတ်လမ်းတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး ပရိသတ် အသိအမှတ်ပြုခံခဲ့ပါတယ်။ ဒါ့ပြင် ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ် ကုန်ခါနီးအထိ Suits ဒရာမာဇာတ်လမ်းတွဲမှာ Season ခုနစ်ခုတိတိ ပင်တိုင်ဇာတ်ကောင်တစ်နေရာက ပါဝင်ခဲ့ပြီး လူသိပိုများခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၇ ခုနှစ် နှစ်ကုန်ခါနီးမှာတော့ ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနဲ့ တရားဝင်စေ့စပ်ကြောင်းလမ်းလိုက်တာကြောင့် သူ့ရဲ့ အနုပညာအလုပ်တွေကနေ အနားယူပြီး လူသားချင်းစာနာထောက်ထားရေး ပရဟိတအလုပ်တွေကို ပိုဆောင်ရွက်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အထိ The Tig လူနေမှုစတိုင်လ်ဝက်ဘ်ဆိုက်ရဲ့ တည်ထောင်သူနဲ့ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ မာခယ်လ်ဟာ ၂ဝ၁၆ ခုနှစ်တုန်းကလည်း ကနေဒါအဝတ်အထည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Reitmans နဲ့ ပူးပေါင်းပြီး အမျိုးသမီးဝတ်ဖက်ရှင်တွေ ထုတ်ခဲ့ပါတယ်။ အနုပညာအလုပ်တင်မက အပြင်စီးပွားရေးလုပ်ငန်းပါ လုပ်ခဲ့တဲ့ မာခယ်လ်ဟာ လက်ရှိမှာ အမေရိကန်ဒေါ်လာငါးသန်းကို အသားတင်ပိုင်ဆိုင်ထားပါတယ်။ မာခယ်လ်ဟာ ၂ဝ၁၆ ခုနှစ်မှာ World Vision Canada ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်တစ်ယောက်ဖြစ်လာခဲ့ပြီး တခြားကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။

မယ်ဂန်မာခယ်လ်ကို ၁၉၈၁ ခုနှစ်၊ သြဂုတ် ၄ ရက်က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်အေမြို့ကြီးမှာ မွေးဖွားခဲ့ပြီး သူ့အသက် ခြောက်နှစ်အရွယ်ကတည်းက မိဘနှစ်ပါး ကွာရှင်းခဲ့ကြပါတယ်။ ဖခင်ဖြစ်သူက အဂင်္လိပ်နွယ်ဖွား လူဖြူဖြစ်ပြီး မိခင်က အာဖရိကန်-အမေရိကန်ကပြားဖြစ်တာကြောင့် မာခယ်လ်ဟာ လူဖြူလူမည်း ကပြားတစ်ယောက်ဖြစ်ပါတယ်။ ဟောလိဝုဒ်နယ်မှာ ကြီးပြင်းအရွယ်ရောက်လာတဲ့ မာခယ်လ်ဟာ ၂ဝဝ၃ ခုနှစ်မှာ နော့သ်ဝက်စ်တန်း တက္ကသိုလ်ကနေ ပြဇာတ်နဲ့နိုင်ငံတကာလေ့လာရေးပညာ အဓိကနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ မာခယ်လ်ဟာ ၂ဝ၁၁ ခုနှစ်က ရုပ်ရှင်မင်းသား ထရီဗာအန်ဂယ်လ်ဆန်နဲ့ လက်ထပ်ခဲ့ဖူးပေမဲ့ ၂ဝ၁၃ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာတော့ ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနဲ့ စတွဲခဲ့တာကြောင့် သတင်းမီဒီယာတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ မင်းသားဟယ်ရီနဲ့ စေ့စပ်ကြောင်းလမ်းမှုကို တရားဝင်ကြေညာခဲ့ပြီး လာမယ့် မေ ၁၉ ရက်မှာ တော်ဝင်မဂင်္လာအခမ်းအနား ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဆွဲဆောင်အားကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အဆင်းရော အချင်းပါပြည့်စုံတဲ့ ဗြိတိန်တော်ဝင်မင်းသမီးလောင်းလျာ မီလျံနာ ရုပ်ရှင်မင်းသမီးဟောင်း မယ်ဂန်မာခယ်လ်ဟာ အရင်က Suits ဇာတ်လမ်းတွဲရိုက်ကူးရာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ နေထိုင်ပေမဲ့ အခုလက်ရှိမှာ ယူကေကို ပြောင်းရွှေ့လာပြီဖြစ်ပြီး မင်းသားဟယ်ရီနဲ့ တော်ဝင်မဂင်္လာပွဲ ကျင်းပပြီးတဲ့အခါ လန်ဒန်မြို့တော်၊ Kensington နန်းတော်ရင်ပြင်က Nottingham Cottage မှာ နေထိုင်မှာဖြစ်ပါတယ်။ မာခယ်လ်ဟာ အခုအချိန်မှာ ဗြိတိန်တော်ဝင်စီးတော်ယာဉ်တွေကို မင်းသားဟယ်ရီနဲ့အတူ အသုံးပြုနေပေမဲ့ ပြီးခဲ့တဲ့လေးနှစ်လုံးလုံး ပေါင်စတာလင် လေးသောင်းတန် Audi Q5 SUV ကားကို သူ့ခွေးနှစ်ကောင်နဲ့အတူ မောင်းနှင်အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ Audi Q5 ကို သူကိုယ်ပိုင်ဝယ်ယူထားတာမဟုတ်ဘဲ Audi ရဲ့ အမှတ်တံဆိပ်သံတမန်တစ်ယောက်အဖြစ် ငှားရမ်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာတုန်းကတော့ မာခယ်လ်ဟာ မအောင်မြင်ခင် တစ်ချိန်တုန်းက ငွေကြေးအကျပ်အတည်းကြောင့် စက်သံဆူညံနေတဲ့ သူ့ရဲ့ Ford Explorer ကားဟောင်းလေးကို ပြင်ဆင်ခ မတတ်နိုင်လို့ ကားတံခါးဖွင့်မရဘဲ လပေါင်းများစွာကြာအောင် ကားနောက်ဖုံးကတစ်ဆင့် ကားထဲအဝင်အထွက်လုပ်ခဲ့ရပုံကို ပြန်ပြောင်းပြောပြခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here