တစ်ခါအားသွင်းရုံနဲ့ မိုင်နှစ်ရာကျော် မောင်းနှင်နိုင်တဲ့ ဘက်စုံသုံးလျှပ်စစ်ကား 2021 Audi e-tron

187

 

ဂျာမန်ထိပ်တန်း ကားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Audi ဟာ မြို့တွင်းမြို့ပြင် ဘက်စုံအသုံးပြုနိုင်တဲ့ Crossover SUV အမျိုးအစား e-tron မိုဒယ်ကို 2015 Frankfurt Motor Show မှာ Concept မိုဒယ်အဖြစ် မိတ်ဆက်ခဲ့ပါတယ်။ တကယ်တမ်း အုံနဲ့ကျင်းနဲ့ ထုတ်လုပ်ရောင်းချခဲ့တာကိုတော့ ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

စက်စွမ်းရည်
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှုကို လျှော့ချ နိုင်ဖို့ ကမ္ဘာ့နိုင်ငံကြီးတွေက သာမန် ဒီဇယ်၊ ဓာတ်ဆီသုံးကားတွေအစား ကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိတဲ့ လျှပ်စစ်စွမ်းအင်သုံးကားတွေအသုံးပြုရေး ဆော်သြနေတာ ဆယ်စုနှစ်နဲ့ ချီကြာမြင့်နေပါပြီ။ စက်သုံးဆီစွမ်းအင်သုံး ကားတွေကနေ ထုတ်လွှတ်နေတဲ့ ကာဗွန်ပမာဏက တစ်နှစ်ကို တန် ထောင်နဲ့ ချီရှိနေတာကြောင့်လည်း ကမ္ဘာကြီးရဲ့ကျန်းမာရေးက ချူချာ နေတာ တော်တော်ကြာနေပါပြီ။ ဒါကြောင့် ထိပ်တန်းကားကုမ္ပဏီအများ အပြားက လျှပ်စစ်နဲ့ စက်သုံးဆီစွမ်းအင်ပေါင်းစပ်သုံးနိုင်တဲ့ Hybrid ကားတွေကိုတင်မက လျှပ်စစ်စွမ်းအင်ကိုပဲ သီးသန့်အသုံးပြုတဲ့ Electric ကားတွေကိုပါ အရှိန်အဟုန်နဲ့ ထုတ်လုပ်လျက်ရှိပါတယ်။

Volkswagen Group လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Audi ကလည်း မျက်မှောက်ခေတ်ရဲ့လိုအပ်ချက်တစ်ခုလို ဖြစ်လာတဲ့ လျှပ်စစ်ကားတွေအတွက် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းနိုင်ဖို့ e-tron SUV ကို ထုတ်လုပ်ခဲ့တာပါ။ အရွယ်အစားအလတ်စား SUV အမျိုးအစား e-tron မှာ 95 kWh ဘက်ထရီတစ်လုံး တပ်ဆင်ထားပြီး လျှပ်စစ်မိုတာ နှစ်လုံးကနေ စွမ်းအင်ထုတ်လုပ်ပေးပါတယ်။ မိုတာတစ်လုံးကို Front Axle မှာတပ်ထားသလို နောက်တစ်လုံးကိုတော့ Rear Axle မှာ တပ်ဆင်ထားပါတယ်။ အဆိုပါ လျှပ်စစ်မိုတာနှစ်လုံးကနေ မြင်းကောင်ရေ ၄၀၂ ကောင်အား စွမ်းအင်တွေထုတ်လွှတ်ပေးပြီး လေးဘီးယက်စနစ်နဲ့ မောင်း နှင်ရမှာဖြစ်ပါတယ်။

၅ ဒသမ ၅ စက္ကန့်အတွင်း သုညမိုင်ကနေ မိုင်ခြောက်ဆယ်အထိ အရှိန်တင်နိုင်သလို အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အရှိန်နှုန်းက တစ်နာရီ ၁၂၄ မိုင်နှုန်းဖြစ်တာကြောင့် စွမ်းဆောင်ရည်အရလည်း အခြားသော Electric SUV တွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ပါတယ်။ အားတစ်ကြိမ် ဖြည့်သွင်းထားရုံနဲ့ ၂၂၂ မိုင်နှုန်းအထိမောင်းနှင်နိုင်ပြီး 150 kWh DC Fast-Chargers တွေကြောင့် နာရီဝက်အတွင်း ၈၀ ရာခိုင်နှုန်းအထိရောက် အောင် အားသွင်းနိုင်လို့ အချိန်ကုန်တာ မြန်ဆန်ပါတယ်။ 9.6 kWh AC Chargers နဲ့ အားသွင်းမယ်ဆိုရင်တော့ ရာနှုန်းပြည့်အားသွင်းနိုင်ဖို့ ကိုး နာရီကြာမြင့်မယ်လို့ ဂျာမနီနိုင်ငံ၊ အင်ဂိုလ်စတက်မြို့မှာ ရုံးချုပ်ဖွင့်လှစ် ထားတဲ့ Audi ကုမ္ပဏီက ကြေညာထားပါတယ်။

တည်ဆောက်ပုံ
2021 Audi e-tron ကို Volkswagen Group ရဲ့နာမည်ကျော် MLB platform နဲ့ တည်ဆောက်ထားပြီး Five-link Front Air Suspen-sion ၊ Five-link Rear Air Suspension အသုံးပြုထားပါတယ်။ အဆိုပါ ဆိုင်းထိန်းစနစ်တွေက မြို့တွင်းမြို့ပြင် ဘယ်လိုနေရာမှာမဆို သက်သောင့် သက်သာမောင်းနှင်နိုင်စေဖို့ အထောက်အကူပြုပါတယ်။ ဥရောပတိုက်က ဘယ်လ်ဂျီယံစက်ရုံ၊ အာရှတိုက်က တရုတ်စက်ရုံတွေကနေ ထုတ်လုပ်ပြီး ကမ္ဘာတစ်လွှား တင်ပို့ရောင်းချလျက်ရှိပါတယ်။ ဘော်ဒီကို သံမဏိ၊ အလူမီနီယမ်တို့နဲ့ ပေါင်းစပ်တည်ဆောက်ထားလို့ ခံနိုင်ရည်ရှိသလို လျင်မြန်ပေါ့ပါးတဲ့ မောင်းနှင်မှုကိုလည်း ခံစားနိုင်မှာ အသေအချာပါပဲ။

ကားအလေးချိန်က ၅,၇၅၄ ပေါင်ရှိတာကြောင့် SUV တစ်စီးအတွက် သင့်တော်တဲ့ အလေးချိန်လို့ဆိုနိုင်ပြီး ပေါင်လေးထောင်လေးတဲ့ဝန်ကို အသာလေးဆွဲနိုင်ပါတယ်။ ရှဲလ်က ကြီးမားခံ့ညားတဲ့ ဆဋ္ဌဂံရှဲလ်ကြီးဖြစ် ပြီး ကျယ်ပြန့်ရှည်လျားတဲ့ ရှေ့မီးကြီးက နေ့လင်းမီးတန်းစနစ် ပါဝင်တဲ့ LED မီးကြီးဖြစ်လို့ မျက်နှာချင်းဆိုင်က ကားမီးရောင်နဲ့ လမ်းညွှန်ဆိုင်း ဘုတ်အမှတ်အသားတွေကို ထောက်လှမ်းပြီး ကိုယ့်ကားမီးရောင်ကို အလို အလျောက်ချိန်ညှိပေးမှာပါ။ ရှေ့မီးကြီးအောက်ဘက်မှာတော့ အရည်အ သွေးမြင့် နှင်းခွဲမီးသီးတပ်ဆင်ထားလို့ ရာသီဥတုဆိုးရွားနေချိန်မျိုးမှာ တောင် မြင်ကွင်းရှင်းအောင်ကူညီပေးမှာဖြစ်ပါတယ်။ ရှဲလ်အောက်ဘက် မှာ အလျားလိုက်လေစုပ်ပေါက်ကြီးတစ်ခုကို Skirt နဲ့ တွဲစပ်ပေးထားတာ ကြောင့် ကားအရှေ့ပိုင်းရုပ်ထွက်က သားနားလွန်းပါတယ်။

နောက်မှန်အပေါ်မှာ ငါးမန်းတောင် Antenna တစ်ခုထည့်ပေးထားပြီး နောက်ဖုံးအစွန်းကိုတော့ Spoiler အသေးစားတစ်ခုလို အနည်းငယ် ကော့တက်ပေးထားတာက လူငယ်တွေစိတ်ကြိုက်တွေ့မှာ သေချာပါတယ်။ နောက်ဖုံးနဲ့ တွဲစပ်ဖွဲ့စည်းထားတဲ့ နောက်မီးတန်းဒီဇိုင်းက တည်ငြိမ်မှု အပြည့်ရှိသလို LED DRL & Tail Lights ဖြစ်ပါတယ်။ ဘော်ဒီကောက် ကြောင်းအရ 2021 Audi e-tron က တခြားပြိုင်ဘက်တွေကို ယှဉ်နိုင်စွမ်း အပြည့်ရှိပါတယ်။

အတွင်းခန်း
ဈေးနှုန်းမြင့် SUV အမျိုးအစားနဲ့အညီ အတွင်းခန်းအပြင်အဆင်ကို ခမ်းနားသပ်ရပ်မှုအပြည့်၊ ကျယ်ဝန်းမှုအပြည့် ဖွဲ့စည်းပေးထားပါတယ်။ ထိုင်ခုံတွေကို အဆင့်မြင့် Leather တွေနဲ့ ပြုလုပ်ထားပြီး ရှေ့ခန်းထိုင်ခုံ တွေကို အနေအထား ရှစ်မျိုးအထိ ချိန်ညှိနိုင်တာကြောင့် ညောင်းညာ ကိုက်ခဲမှုကို ဖြေလျှော့ပေးနိုင်မှာပါ။ Center Console က ကြီးမားရှည် လျားပြီး မျက်နှာပြင်အကျယ် ၈ ဒသမ ၈ လက်မရှိတဲ့ Touch Screen တစ်ခုရှိသလို အပေါ်ဘက်ကပ်လျက် ဒက်ရှ်ဘုတ်ပေါ်မှာလည်း မျက်နှာ ပြင်အကျယ် ၁၀ ဒသမ ၁ လက်မရှိတဲ့ Touch Screen တစ်ခု ရှိပါ သေးတယ်။ အဆိုပါ Dual Touch Screen ကနေ Apple CarPlay ၊ Android Auto ၊ Satellite Navigation စတာတွေ လုပ်ဆောင်နိုင်ပါတယ်။

စတီယာရင်အောက်ဘက်မှာလည်း ကြီးမားတဲ့ Display Screen ပါဝင်တာကြောင့် ယာဉ်မောင်းသူအတွက် အဆင်ပြေစေပါတယ်။ အသံ စနစ်အတွက် Bang & Olufsen Audio System စပီကာတွေကို ကား အတွင်းခန်း နေရာအနှံ့ထည့်ပေးထားလို့ ကြည်လင်ပြတ်သားတဲ့ အသံ စနစ်ကို ခံစားနိုင်မှာပါ။ Wi-Fi Hotspot ၊ Wireless Charger ၊ USB ports တွေလည်း ပါဝင်တာကြောင့် ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ် တောက်မှာ မစိုးရိမ်ရသလို ဖုန်းအားကုန်မှာကိုလည်း စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။ Electric Stabilization Control ၊ Audi Adaptive Cruise Assist ၊ Forward Collision Warning ၊ Automated Emergency Braking ၊ Rear Cross-Traffic Alert ၊ Blind-Spot Monitoring ၊ Lane-Departure Warning ၊ Self-Parking Assist စတဲ့ Safety Features အများအပြားပါဝင်တာကြောင့် ယာဉ်မတော်တဆမှုမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ကားပေါ်လိုက်ပါလာသူ အားလုံးအတွက် အရှေ့ ဘက်၊ ဘေးဘက်နေရာစုံမှာ ဂရိတ်အပြည့်လေအိတ်တွေ ထည့်ပေးထားလို့ လုံခြုံစိတ်ချရမှု အပြည့်ရှိပါတယ်။ NHTSA ၊ IIHS စတဲ့ ယာဉ်စစ်ဆေးမှု အဖွဲ့အစည်းကြီးတွေဆီ ကြံ့ခိုင်မှုရှိ၊ မရှိစစ်ဆေးရာမှာ နှစ်ဖွဲ့စလုံးက ကြယ်ငါးပွင့်အဆင့် သတ်မှတ်ပေးခဲ့တာကြောင့် Safety ပိုင်း ပြောစရာ မလိုပါဘူး။

ဈေးနှုန်းနှင့် ပြိုင်ဘက်
2021 Audi e-tron မှာ Premium ၊ Premium Plus ၊ Prestige ဆိုတဲ့ Trim Level သုံးမျိုးရှိပြီး Premium က အမေရိကန်ဒေါ်လာ ၆၅,၉၀ဝ၊ Premium Plus က အမေရိကန်ဒေါ်လာ ၇၄,၈၀ဝ၊ Prestige က အမေရိကန်ဒေါ်လာ ၇၉,၁၀ဝ ကနေ စတင်မှာဖြစ်ပါတယ်။ 2021 Audi e-tron ရဲ့ပြိုင်ဘက်တွေကတော့ Jaguar I-Pace ၊ Mercedes EQC ၊ Tesla Model X ၊ Tesla Model 3 ၊ Polestar 2 တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here