တစ်ကျော့ပြန်ထွက်ပေါ်လာသည့် သတင်းများကြောင့် အဝယ်ဆက်ပြီးအေးနေသည့် အမြင့်ကားဈေးကွက်

74
Page(Test)

 

သြဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ ငါးရက်တာကာလအတွင်း Covid-19 ကူးစက်သူ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁ဝဝ ဦး တွေ့ရှိခဲ့သည်။ လက်ရှိ တွင် သြဂုတ် ၂၆ ရက်အထိ မြန်မာနိုင်ငံ၌ Covid-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၅၇၄ ဦးအထိ ရှိလာခဲ့သည်။ ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေအပေါ် စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်မှုများရှိနေခြင်းနှင့်အတူ ဝန်ထမ်းပါမစ် ခွင့်ပြုပေးမည်ဆိုသည့် သတင်းကိုလည်း စောင့်ကြည့်နေ ကြ၍ နံပါတ်ထွက်ပြီးသား ကျပ်သိန်းနှစ်ရာဝန်းကျင် ကားများသာ အ ရောင်းအဝယ်ဖြစ်နေကာ အမြင့်ကားများ အရောင်းအဝယ်ဆက်ပြီး အေး နေသည်။ လူစီးယာဉ်များအတွက် အကောက်ခွန်နှင့် ကညနခွန်များ ဖြေလျှော့ပေးထားသော်လည်း ကျပ်သိန်းလေးရာအထက် ကားများတွင်မူ ရောက်ရှိပြီးသား ကားများထက် အသစ်တင်သွင်းလိုသူက ပိုများနေကြောင်း သိရသည်။ အခွန်ဖြေလျှော့ပေးမှုတွင် မပါဝင်သည့် လုပ်ငန်းသုံးကားများမှာ အဝယ် ပြန်လိုက်သော်လည်း မိုးရာသီဖြစ်၍ မျှော်မှန်းသလောက် အ ရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။ လူစီးယာဉ် Brand New ကား များတွင် Toyota ၊ Mazda ၊ Peugeot ၊ Mitsubishi ၊ BAIC ၊ Ford ၊ Hyundai ၊ Nissan ၊ Borgward ၊ Haval ၊ Soueast ၊ Jetour စသည့် ကားများမှာ ဈေးနှုန်းအသစ်များဖြင့်ရောင်းချပေးနေ၍ ဈေးကွက် ပြန်လည် လှုပ်ခတ်လာကြောင်း သိရသည်။

‘‘ဒီရက်ပိုင်းမှာ နယ်အဝယ်တွေ မရှိသလောက်ကို နည်းပါတယ်၊ Covid-19 ရောဂါကူးစက်သူတွေ ထပ်ပြီးတွေ့လာကြလို့ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေကြတာတွေ ရှိသလို ဝန်ထမ်းပါမစ် ဘယ်အချိန်ပေးမလဲဆို တာကို စောင့်ကြည့်နေတာတွေလည်း ရှိပါတယ်၊ ဒီလိုကျန်းမာရေးကာလမှာ ကားဆိုတာက တကယ်လိုအပ်မှ၊ ငွေပိုငွေလျှံရှိမှ ဝယ်ကြတဲ့အရာဆိုတော့ အမေးရှိပေမဲ့ အဝယ်က ထင်သလောက်မလိုက်ဘူး၊ လူစီးကားတွေမှ မဟုတ်ပါဘူး၊ လုပ်ငန်းသုံးယာဉ်တွေလည်း မိုးရာသီဖြစ်တဲ့အတွက် အဝယ်အနည်းငယ် အေးသွားတာ တွေ့ရပါတယ်၊ အဓိကကတော့ တစ်ကျော့ပြန်ပြီး စိုးရိမ်စရာဖြစ်လာတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ စောင့် ကြည့်စရာဖြစ်နေတဲ့ ဝန်ထမ်းပါမစ်ကိစ္စကြောင့် ကားအရောင်းအဝယ်က အေးနေတာ ဖြစ်ပါတယ်၊ ဒါပေမဲ့လည်း Covid-19 ကြောင့် စီးပွားရေး ကျဆင်းမှုကို ကုစားတဲ့အနေနဲ့ အကောက်ခွန်နဲ့ ကညနကအခွန်တွေ ဖြေလျှော့ပေးထားလို့ ပြည်ပကနေ ကားသွင်းဖို့ လာရောက်စုံစမ်းမေးမြန်း တဲ့သူတွေကတော့ ဒီရက်ပိုင်း တော်တော်လေးလာကြပါတယ်’’ဟု ‘United Eleven’မှ ဒါရိုက်တာ ကိုအောင်သူက ပြောသည်။
ပြည်ပမှ CBU ဖြင့် တင်သွင်းသည့် ကားအရောင်းပြခန်းများမှ Brand New ကားအများစုမှာ ဈေးနှုန်းအသစ်များဖြင့် ရောင်းချပေးလာ၍ ကားအရောင်းအဝယ်ဈေးကွက်ထဲရှိ CBU ဖြင့် တင်သွင်းထားသော အမြင့်ကားများမှာ သက်သာသွားသည့် အခွန်အပေါ်တွင် ဈေးများလျှော့ကာ လိုက်ရောင်းလာကြသည်။ အမြင့်ကားများ ဈေးအနည်းငယ် ချလာကြ သော်လည်း နံပါတ်ထွက်ပြီးသား ကျပ်သိန်း ၂၅ဝ အောက် လူစီးယာဉ်များမှာမူ ယခင်ဈေးများဖြင့်သာ ဆက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ကားအရောင်းအဝယ်ဈေးကွက်တွင် Mazda Demio ၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၅၅ သိန်းဝန်းကျင်၊ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၈၅ သိန်းဝန်းကျင်၊ Toyota Probox ၂ဝဝ၇/၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၇၅ သိန်းဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်အဖြူရောင်ကို ကျပ် ၁၈၅ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။ အမြင့်ကားများ ထဲတွင် Honda CR-V ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၃၅ဝ ဝန်းကျင်၊Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ် ၃၆၅ သိန်းဝန်းကျင်၊Toyota Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၄၅ဝ ဝန်းကျင်၊Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၄၈ဝ ဝန်းကျင်၊ Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ်သိန်း ခြောက်ရာဝန်းကျင်၊ Toyota Land Cruiser ၂ဝ၁၄ မိုဒယ်ကို ကျပ်သိန်း ၁,၁ဝဝ ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

‘‘ဒီရက်ပိုင်းကားဈေးကွက်အနေအထားက အောက်ကားလေးတွေ ဖြစ်တဲ့ ကျပ်သိန်း ၁၅ဝ နဲ့ နှစ်ရာကြားကားတွေကတော့ ပုံမှန်ဝယ်လိုအား ပြန်ပြီးရလာပါတယ်၊ အဲဒီကားလေးတွေက ဝယ်လိုအားရော၊ ရောင်းလို အားရောရှိတယ်၊ အမြင့်ကားတွေမှာတော့ စောင့်ကြည့်မယ့်သူတွေက များသွားပြီး မြန်မာနိုင်ငံရောက်ပြီးသား ကျပ်သိန်းလေးရာကျော်တဲ့ကားတွေ ကတော့ စိတ်ဝင်စားမှု နည်းသွားကြတဲ့အတွက် အဝယ်အေးသွားတာကို တွေ့ရပါတယ်၊ အမေရိက၊ ကိုရီးယား၊ ဒူဘိုင်းဘက်ကနေ ကားတွေ တင်သွင်းချင်တဲ့သူတွေကတော့ များလာတာ တွေ့ရပါတယ်၊ ဈေးကွက် တစ်ခုလုံးကို ခြုံငုံကြည့်မယ်ဆိုရင်တော့ အဝယ်ပြန်လိုက်လာတယ် ပြော လို့ရပါတယ်’’ဟု ‘Matt Glory Auto Services’မှ CEO ကိုသန့်စင်လင်းက ပြောသည်။

အကောက်ခွန်နှင့် ကနဦးမှတ်ပုံတင်ခြင်း အခွန်နှုန်းထားများ သက် သာသွား၍ လက်ရှိတွင် အမေရိက၊ ကိုရီးယား၊ ဒူဘိုင်းတို့မှ တင်သွင်းလို သူ များလာပြီး အချို့မှာလည်း ဝန်ထမ်းပါမစ် ပေး၊မပေးကို စောင့်ကြည့် နေကြသည်။ လူစီးယာဉ်များထဲတွင် ကျပ်သိန်းနှစ်ရာအောက် နံပါတ်ထွက် ပြီးသားကားများ အရောင်းအဝယ်ဖြစ်သလို တက္ကစီယာဉ်များထဲမှ Nissan AD Van ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊Toyota Probox ကျပ်သိန်း ၁၈ဝ ဝန်းကျင်၊ Fielder (GG ၊ HH) ကျပ်သိန်း ၂၃ဝ နှင့် ၂၅ဝ ကြား ရှိသည့် ကားများလည်း အဝယ်ပြန်လိုက်လာကြောင်း သိရသည်။

‘‘ဒီရက်ပိုင်းမှာ နံပါတ်အနက်တွေကတော့ နည်းနည်းလေးအေး နေပေမဲ့ အနီတွေကတော့ ပြန်လှုပ်လာပါတယ်၊ အနီဖြစ်ဖြစ်၊ အနက်ဖြစ် ဖြစ် နှစ်ရာအောက်ဆိုရင်တော့ အမေးများပြီး အဝယ်လည်းရှိကြပါတယ်၊ အမြင့်ကားတွေကတော့ ဒီရက်ပိုင်း မရောင်းရဲ မဝယ်ရဲဖြစ်နေပြီး ဝန်ထမ်း ပါမစ်ကိုပဲ စောင့်ကြည့်နေကြပါတယ်၊ အရောင်းအဝယ်ဖြစ်တဲ့အထဲမှာလည်း လတ်တလော ကျန်းမာရေးအခြေအနေကြောင့် နယ်အဝယ်မတွေ့ရဘဲ ရန်ကုန်အဝယ်ပဲ စောင့်ရောင်းနေရပါတယ်’’ဟု ကားဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here