ရန်ကုန်၊ ဧပြီ
တင်သွင်းထားသည့် Delivery Van အစီး ၂ဝဝ တွင် ပြုပြင်ပြောင်းလဲထားသည့် ၈၈ စီးကို အင်ဂျင်ပါဝါအလိုက် လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ဌာနဆိုင်ရာ လေးခုပူးပေါင်းပြီး Delivery Van များကိုစစ်ဆေးရာတွင် Original Delivery Van ၊ Commercial Van ၊ လူစီးယာဉ် စသဖြင့် အဆင့်သုံးဆင့်ခွဲကာ စစ်ဆေးမည်ဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် လူစီးယာဉ်အမျိုးအစားများကို Delivery Van အဖြစ် ပြုပြင်ပြောင်းလဲပြီး တင်သွင်းလာသော ကား ၉၁ စီးရှိပြီး ၃ စီးမှာ မှတ်ပုံတင်ပြုလုပ်ခဲ့ပြီးဖြစ်၍ ကျန် ၈၈ စီး ကို လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မည်ဖြစ်သည်။
”Delivery Van တွေမှာ သီးသန့်ချက်စီရှိပါတယ်။ စက်ရုံထုတ်ပုံစံမဟုတ်ဘဲ အချက်လေးချက်နဲ့ကိုက်ညီအောင် ပြုပြင်ပြီး တင်သွင်းလာတယ်ဆိုရင် လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မှာဖြစ်ပါတယ်။ တင်သွင်းထားတဲ့ Delivery Van အစီး ၂ဝဝ ဝန်းကျင်မှာ ၉၁ စီးက မူလစက်ရုံထုတ်ပုံစံနဲ့ကွဲလွဲနေတာ စစ်ဆေးတွေ့ရှိရပါတယ်။ ဒီကားတွေထဲမှာ ၃ စီး က အုံနာဘုတ်နဲ့ ဝီးတက်ထုတ်ပေးပြီးဖြစ်တဲ့အတွက် လွတ်ကင်းသွားပြီး ကျန်တဲ့ ၈၈ စီးကိုတော့ အင်ဂျင်ပါဝါအပေါ်မူတည်ပြီး လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မှာဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Delivery Van အဖြစ် မှတ်ပုံတင်ပြုလုပ်ပြီးသောကားများ သည် နှစ်လဲသက်တမ်းတိုးပြုလုပ်သည့်အခါတွင်လည်း Delivery Van အဖြစ်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး လူစီးယာဉ်ပြောင်းလဲခွင့် မပြုကြောင်း သိရသည်။
ဆန်းသစ်အောင်၊ ကိုရဲ