တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ပြီးကာလ မန္တလေးမြို့တွင် ထိုင်းနှင့် အိန္ဒိယ TVS ဆိုင်ကယ်များ အဝယ်လိုက်

598

မန္တ လေး၊ ဇွန်
ပြီးခဲ့သည့် ဇွန် ၂ ရက်က မြန်မာတစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ထွက်ရှိပြီးနောက် မန္တလေးမြို့တွင် ထိုင်း Honda Click ၊ Scoopy i နှင့် အိန္ဒိယ TVS Dazz ၊ Wego ၊ Scoopy i နှင့် Yamaha FZS ဆိုင်ကယ်များ အရောင်းသွက်လာပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူသူပါ လျော့နည်းသွားကြောင်း မန္တလေးမြို့ဆိုင်ကယ်အရောင်းပြခန်းများမှ သိရသည်။
”တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ပြီးတဲ့အချိန်မှာ စာမေးပွဲအောင်တဲ့ ကလေးတွေအတွက် အိမ်ကမိဘတွေက ဆိုင်ကယ်တွေ လာဝယ်ပေးတာ များနေတယ်၊ ဒီရက်ပိုင်း အထူးသဖြင့် မန္တလေးမြို့ပေါ်ထက်ကို စဉ့်ကိုင်၊ စစ်ကိုင်း၊ မတ္တရာ၊ စဉ့်ကူး စတဲ့ နယ်မြို့တွေက လာဝယ်တာများတယ်၊ တချို့ကလည်း ဂုဏ်ထူးပါလို့၊ တချို့ကလည်း ရိုးရိုးအောင်ပေမဲ့ တက္ကသိုလ်တက်ရင် အဆင်သင့်ဖြစ်အောင်လို့ မိဘတွေကိုယ်တိုင် လာဝယ်ပေးကြတယ်” ဟု မန္တလေးမြို့ ‘DT Naing Oo ဆိုင်ကယ်အရောင်းပြခန်း’ ပိုင်ရှင် ဦးနိုင်ဦးက ပြောသည်။
မန္တလေးမြို့တွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ပြီးနောက်ပိုင်း ထိုင်းဆိုင်ကယ်များ အဝယ်လိုက်နေသော်လည်း ယင်းဆိုင်ကယ်စျေးနှုန်းမှာ တက်ခြင်းမရှိဘဲ တစ်ဆိုင်နှင့်တစ်ဆိုင် အပြိုင် စျေးလျှော့ရောင်းချမှုများ ရှိနေပြီး အများစုမှာ တရုတ်ဆိုင်ကယ်ထက် ထိုင်းနှင့် အိန္ဒိယ ဆိုင်ကယ်များကို ပိုမိုဝယ်ယူကြကြောင်း အဆိုပါဆိုင်များမှ သိရသည်။
”ကျွန်တော့်ဆိုင်ဆိုရင် ဆိုင်ကယ်အစုံရောင်းပေမဲ့ ဒီရက်ပိုင်းက ထိုင်း Click ၊ Scoopy i နဲ့ TVS ဆိုင်ကယ်လေးတွေ၊ Yamaha FZS ဆိုင်ကယ်တွေ လာဝယ်ကြတာများတယ်၊ ပုံမှန်ဆို ရောင်းအားတစ်ဝက်က အရစ်ကျ၊ တစ်ဝက်က လက်ငင်း ဖြစ်တာတောင် ဒီရက်ပိုင်းမှာ လက်ငင်းပဲဝယ်ကြတာများတယ်၊ စျေးကတော့ အရင်ပေါက်စျေးထက် အနည်းငယ်လျှော့ရောင်းရတယ်၊ ထိုင်းဆိုင်ကယ်တစ်စီးကို အရင်စျေးထက် ငါးသောင်းကနေ တစ်သိန်းကြား စျေးလျော့သွားတယ်”ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦး က ဆိုသည်။
မန္တလေးမြို့တွင် ဇွန်လ ပထမပတ်အတွင်း ထိုင်း Click 125 ဆိုင်ကယ်များ လှိုင်လှိုင်ဝင်ရောက်လာပြီး အနီ၊ အဖြူ၊ အနက် စသည့် အရောင်သုံးရောင် ထွက်ရှိကာ ၂ဝ၁၈ မိုဒယ် Click 150 နှင့်နှိုင်းယှဉ်လျှင် Smart Key နှင့် သော့ပါရှိမှု၊ ခွေဆိုက်၊ အရောင် စသည်တို့သာ ကွာခြားသွားကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ စုံစမ်းသိရသည်။
လက်ရှိ မန္တလေးမြို့တွင် ၂ဝ၁၈ မိုဒယ် ထိုင်း Click 125 ကျပ် ၂၈ သိန်း၊ Click 150 ကျပ် ၃၂ သိန်း၊ Scoopy i စပုတ်(၂ဝ၁၈) ၂,၃၅ဝ,ဝဝဝ ကျပ်စသော စျေးနှုန်းများ ရှိနေသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here