တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း လူနာတင်ယာဉ်များ အချက်ပြမီးဖြင့်သာ မောင်းနှင်ကြရန် အသိပေး

642

ကလေး၊ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း လူနာတင်ယာဉ်များအနေဖြင့် အရေးပေါ်အသံမဖွင့်ဘဲ အချက်ပြမီးဖြင့်သာ မောင်းနှင်သွားလာကြရန် ကြိုတင်အသိပေး နှိုးဆော်ထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(ကလေး)မှ သိရသည်။

”စာမေးပွဲဖြေဆိုနေတဲ့ ကာလအတွင်း လမ်းမှာမတော်တဆဖြစ်လို့ သွားရောက် ကူညီတာပဲဖြစ်ဖြစ်၊ ဘာအကြောင်းမျိုးနဲ့ဖြစ်ဖြစ် သွားလာရာမှာ စာမေးပွဲဖြေဆိုမယ့် ကလေးတွေ အရေးပေါ်သံကြားပြီး လန့်တာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်တာမျိုးတွေမရှိဖို့ လောလောဆယ် လူမှုကူညီရေး အသင်းတွေကို ဖိတ်ကြားပြီး အသိပေးနှိုးဆော်ထားတယ်၊ အဓိကကတော့ စာမေးပွဲကာလအတွင်းမှာ အရေးပေါ်အသံမသုံးဘဲ အချက်ပြမီးဖွင့်ပြီးပဲ သွားလာကြဖို့ အသိပေးနှိုးဆော်ထားတယ်”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံး(ကလေး)မှ ရဲအုပ်ချစ်မင်းထွန်းက ပြောကြားသည်။

ယခင်က ကလေးမြို့ပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်စေ၊ အရေးပေါ်လူနာအား ဆေးရုံကြီးသို့ ပို့ဆောင်ရာ၌ ဖြစ်စေ လူမှုကူညီရေးအသင်း အသီးသီးရှိ လူနာတင်ယာဉ်များအားလုံး အရေးပေါ်အသံဖွင့်၍ မောင်းနှင်လေ့ ရှိကြောင်း၊ အခြားကာလများတွင် ယင်းသို့ အရေးပေါ်အသံဖွင့်၍ မောင်းနှင်ခြင်းက လူနာတင်ယာဉ်များအတွက် မြန်ဆန်စွာ ဘေးအန္တရာယ်ကင်းကင်း သွားလာနိုင်ရန် အထောက်အပံ့ဖြစ်စေသော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေးရမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(ကလေး)မှ တာဝန်ရှိသူများက ပြောဆိုသည်။

”တခြားကာလတွေမှာတော့ အရေးပေါ်လူနာတင်ယာဉ်တွေကို အရေးကြီးရင် ကြီးသလို အချက်ပြမီးရော၊ အရေးပေါ်အသံရောဖွင့်ပြီး မောင်းနှင်ခွင့် ပေးထားပါတယ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျတော့ ကျောင်းသား၊ ကျောင်းသူတွေအတွက် တကယ့်ကိုအရေးကြီးတဲ့ အတန်းတင်စာမေးပွဲ ဖြစ်နေတာကြောင့် အဲဒီစာမေးပွဲကာလ အတွင်းလေးပဲ လိုက်နာပေးကြဖို့ မေတ္တာရပ်ခံတဲ့သဘောပါ၊ လူမှုကူညီရေးအသင်းတွေကိုခေါ်ယူတွေ့ဆုံပြီး အသိပေးတဲ့အခါမှာ အားလုံးလည်း သဘောတူကြပါတယ်”ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကလေးမြို့နယ်တွင် ကာယကံမေတ္တာ၊ ဂရုဏာ၊ ဇိုမီးလူငယ်များ စသောဘာသာရေးအဖွဲ့အစည်းများမှ လုပ်ကိုင်သည့် တစ်မြို့နယ်လုံး လူမှုကူညီရေးအသင်းပေါင်း ၂၇ သင်းခန့်ရှိပြီး အသင်းတိုင်း အနိမ့်ဆုံးအဆင့် လူနာတင်ယာဉ်ရှိကြကာ အားလုံးနီးပါး အခမဲ့ဝန်ဆောင်မှုပေးကြ ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here