တက္ကသိုလ်စာမေးပွဲများရှိသော်လည်း ထိုင်းနှင့်တရုတ် Tricker , MSX ဆိုင်ကယ်များ အဝယ်လိုက်လာသည့် မန္တလေးဆိုင်ကယ်စျေးကွက်

1634

မန္တလေး၊မတ်

မန္တလေးမြို့တော်အပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလျက်ရှိ၍ ဆိုင်ကယ်အရောင်းအေးမည်ဟု ခန့်မှန်းထားကြသော်လည်း မန္တလေးမြို့တော်၌ ထိုင်း Honda နှင့် တရုတ်ဆိုင်ကယ်များ အဝယ်လိုက်လာပြီး တစ်ပတ်ရစ်ဆိုင်ကယ်စျေးကွက်တွင်လည်း တံဆိပ်သစ်များ CZI , MSX , Tricker စသော ဆိုင်ကယ်များ အဝယ်လိုက်လာကြောင်း မန္တလေးမြို့ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

”သကြင်္န်ကာလနီးကပ်လာတာနဲ့အမျှ ဒီရက်ပိုင်း စျေးနှုန်းချရောင်းတာတွေနဲ့ ထိုင်း၊အိန္ဒိယ၊ တရုတ်ဘီးတွေ တစ်ရက်ကို၁ဝစီး အထက် ရောင်းရတယ်၊ များသောအားဖြင့်တော့ မန္တလေးမြို့ပေါ်ကရော နီးစပ်ရာ မတ္တရာ၊ ပုသိမ်ကြီး စတဲ့နယ်ဖက်တွေကအစ လာဝယ်ကြတယ်၊ဒီရက်ပိုင်း တစ်ရက် ၇စီး၊ ၈စီးပုံမှန်ရောင်းရတယ်”ဟ ုမန္တလေးမြို့ Auto 38 ဆိုင်ကယ်အရောင်းပြခန်းပိုင်ရှင် ကိုအောင်ရီစိုး က ပြောသည်။

မန္တလေးမြို့တော်တွင် ယခင်အပတ်များက ထိုင်းဆိုင်ကယ်များ ရောင်းအားကျဆင်းခဲ့သော်လည်း မတ်လဒုတိယပတ်၌ အရစ်ကျ ထက် လက်ငင်းဖြင့် ပိုမိုအရောင်းသွက်လာပြီး ယင်းမှာငွေစျေးအ နည်းငယ်ကျဆင်းမှုကြောင့်ဖြစ်နိုင်ကြောင်း၊ ထို့ပြင်အချို့ငွေကြေးတတ်နိုင်သည့်အသိုင်းအဝိုင်းမှလည်း စာမေးပွဲအပြီး ၎င်းတို့၏သား၊သမီးများ စီးနင်းရန် ကြိုတင်ဝယ်ထားမှုလည်း ရှိသကဲ့သို့ သကြင်္န်အကြိုကာလ အရောင်းအဝယ်လုပ်ငန်းများ ဦးမော့လာခြင်းကြောင့် ဆိုင်ကယ်စျေးကွက်တွင်လည်း ယခုရက်ပိုင်းအဝယ်လိုက်လာခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများထံမှ သိရသည်။

”တစ်ချို့ပိုက်ဆံရှိတဲ့လူတန်းစားတွေမှာက တက္ကသို်လ်ဝင်တန်း စာမေးပွဲပြီးရင် သူတို့သား၊သမီးတွေ ဆိုင်ကယ်အဆင်သင့်စီးနိုင်ဖို့ အတွက် ကြိုတင်ဝယ်ထားကြတာလည်းရှိတယ်၊ ဒါကတော့လူနည်းစုပေါ့၊ အများစုကတော့ မန္တလေးမြို့ ပေါ်ထက် နယ်ဖက်တွေကလာဝယ်တာပိုများတယ်၊ သကြင်္န်နားနီးတော့ စီးပွားရေးလုပ်ငန်းတွေကလုပ်ငန်းတိုင်း အဆင်ပြေလာတယ်၊ ငွေအဆင်ပြေတုန်း တစ်ချို့ကလည်း ဆိုင်ကယ်ဝယ်ထားကြတာလည်း ဖြစ်နိုင်တယ်၊ ဒီရက်ပိုင်း Honda Click က သွင်းကုန်ကုမ္ပဏီတွေက သွင်းတဲ့ ဆိုင်ကယ်တွေ ပိုရောင်းရ တယ်၊Scoopy i နဲ့ Wave 100 ကျတော့ NCX Myanmar ကသွင်း တဲ့ ဆိုင်ကယ်တွေ ပိုရောင်းရတယ်” ဟု မန္တလေးမြို့ Honda 84 ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးဖြစ်သူ ကို ယဉ်မင်းထွန်းက ဆိုသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် မတ်လ ဒုတိယပတ်၌ ထိုင်းဆိုင်ကယ်များ အဝယ်လိုက်နေသော်လည်း တရုတ်နိုင်ငံထုတ် Yamasuki, Keeto, Lifan စသော အမှတ်တံဆိပ်များ၏ ဆိုင်ကယ်များမှာလက်ငင်းထက် အရစ်ကျဖြင့်သာ ပိုအရောင်းသွက်နေပြီး ယခုရက်ပိုင်း စျေးနှုန်းများအတက်အကျမရှိ ကြောင်း အဆိုပါဆိုင်များထံမှ သိရသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် မတ်လဒုတိယပတ်၌ ၂ဝ၁၇ မိုဒယ် ထိုင်း Click ဒလက် ကျပ် ၂,၄ဝဝ,ဝဝဝ၊ ၂ဝ၁၆ မိုဒယ်ထိုင်း Click ဒလက်- ကျပ် ၂,၃ဝဝ,ဝဝဝ၊ Click စပုတ်- ကျပ် ၂,၂ဝဝ,ဝဝဝ၊Scoopy i ဒလက်ကျပ်၂,၁ဝဝ,ဝဝဝ၊ Scoopy i စပုတ် ကျပ် ၂,ဝဝဝ,ဝဝဝ၊ Wave 100 ကျပ်၁,၁၂ဝ,ဝဝဝနှင့် တရုတ် နိုင်ငံထုတ် CZI-III ( Canda ) ကျပ် ၅၃၅,ဝဝဝ၊ရုပ်ဆိုး(Canda) ကျပ် ၅၁ဝ,ဝဝဝ၊ CMF 110 (KenBo)-ကျပ်၇ဝဝ,ဝဝဝ၊125R(KenBo)-ကျပ်၅၅၈,ဝဝဝ၊Auto Click ( KenBo )ကျပ် ၅၂၂,ဝဝဝ စသော စျေးများတွင် အသီးသီးရှိနေသည်။

မန္တလေးမြို့ဆိုင်ကယ်ဝယ်/ ရောင်းစျေးကွက်တွင်မူ မတ်လဒုတိယပတ်၌ ထိုင်းနိုင်ငံထုတ်မိုဒယ်နိမ့်ဆိုင်ကယ်များမှာ စျေးဦးမပေါက်အောင်ပင် စံချိန်တင်ရောင်းအားကျဆင်းနေဆဲဖြစ်ပြီး တရုတ်နိုင်ငံထုတ် တံဆိပ်သစ်ဆိုင်ကယ်များ၏ ကျပ် တစ်သိန်းခွဲမှ ကျပ် ၂ သိန်းခွဲ ကြားပေါက်စျေးရှိ CZI,ရုပ်ဆိုး ဆိုင်ကယ်များနှင့် ကျပ် ငါးသိန်းခွဲမှ ခြောက်သိန်းခွဲကြားရှိ MSX နှင့် Tricker များမှာမူ အဝယ်လိုက်နေကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

”ဒီရက်ပိုင်း သကြင်္န်နားနီး တော့ ကျပ်နှစ်သိန်းခွဲဝန်းကျင် CZI,ရုပ်ဆိုးဆိုင်ကယ်လေးတွေ အရောင်းအဝယ်ဖြစ်တယ်၊ပြီးတော့ ကျပ်၆သိန်းဝန်းကျင် MSX ဘီးလေးတွေနဲ့ Trickerလေးတွေ အဝယ်လိုက်တယ်၊နှစ်စဉ်သကြင်္န် ရောက်ရင် ကဲဖို့အများစုကတစ်ပတ် ရစ်ဘီးကို ကြိုဝယ်ထားကြတာများတယ်၊ အဲဒီဘီးနဲ့ သကြင်္န်မှာလည်တယ်၊သကြင်္န်ပြီးရင်ပြန်ရောင်းကြတာများတယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်ဝယ်/ ရောင်း ကိုညီညီလွင် က ပြောသည်။

ထို့ပြင် ထိုင်းဆိုင်ကယ်များ ရောင်းချလျက်ရှိသည့် ကိုထွန်းထွန်းဝင်းကလည်း ”ဒီရက်ပိုင်းက တက္ကသိုလ်စာမေးပွဲတွေ ရှိလို့ထင်တယ်၊၄ရက်၊၅ရက်နေမှ ထိုင်းမိုဒယ်နိမ့်ဆိုင်ကယ် တစ်စီး လောက် ရောင်းရတယ်၊ လာမေးတဲ့သူလည်း တစ်နေ့ ကို ၂ ဦး၊ ၃ ဦးပဲရှိတယ်၊ မေးပြီးလည်း ပြန်သွားကြတာများတယ်”ဟု ဆိုသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ ရောင်းစျေးကွက်တွင် မတ်လဒုတိယပတ်၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၄ မိုဒယ် Click စပုတ်နှင့် Scoopy i စပုတ်ဆိုင်ကယ်များမှာ ကျပ် ၁,၆၉ဝ,ဝဝဝ ကျပ်ဝန်းကျင်၊၂ဝ၁၃ မိုဒယ် Click စပုတ်နှင့် Scoopy i စပုတ်ဆိုင်ကယ်များမှာ ကျပ် ၁,၄၅ဝ,ဝဝဝဝန်းကျင်စျေးတူ၊ Moove ဒလက် (၂ဝ၁၅)ကျပ် ၁,၅ဝဝ,ဝဝဝ ဝန်းကျင်နှင့် တရုတ်နိုင်ငံထုတ် တစ်ပတ်ရစ်ဆိုင်ကယ်များမှာ ဆိုင်ကလုန်း ကျပ် ၅ သိန်း မှ၈သိန်းကြား၊Super Cub Jialing ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းကြား၊CZI ကျပ်၃သိန်းမှ ၃ သိန်း ခွဲကြား၊MSX ကျပ် ၆ သိန်းခွဲ ဝန်းကျင် တို့တွင်ပေါက်စျေးများအသီးသီးရှိနေသည်။

ကျော်ကျော်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here