ညာမောင်းကားများအား ဘယ်မောင်းအဖြစ် ပြုပြင်တင်သွင်းလာသည့်  ကားနှစ်စီးကို သိမ်းဆည်း

763

ညာမောင်းအဖြစ် ထုတ်လုပ်ထားသောကားများကို ဘယ်မောင်းပြုပြင်ကာ တင်သွင်းလာသည့် ကားနှစ်စီးကို သိမ်းဆည်း၍ သံရည်ကျို ဖျက်ဆီးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

 

မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက သြဂုတ်လအတွင်း ကျင်းပခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ညာမောင်းအဖြစ် ထုတ်လုပ်ထားသော ကားများကို ဘယ်မောင်းပြုပြင်၍ တင်သွင်းလာခြင်းကို စာရွက်စာတမ်း အထောက်အထား၊ မြေပြင်စစ်ဆေးချက်များနှင့် စစ်ဆေးပြီး မူလစက်ရုံထုတ်စဉ်က ဘယ်မောင်းကားမဟုတ်ကြောင်း တွေ့ရှိပါက ခွင့်မပြုပေးရန် ကြေညာခဲ့သည်။

 

ထိုသို့ ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ညာမောင်းကားများကို ဘယ်မောင်းအဖြစ်ပြုပြင်၍ တင်သွင်းမှုများ ရှိခဲ့ပြီး ပြီးခဲ့သည့် လအတွင်းကလည်း ညာမောင်းမှ ဘယ်မောင်းပြောင်းထားသောကား နှစ်စီးကို စစ်ဆေးတွေ့ရှိခဲ့၍ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

”ကြီးကော်ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မူလစက်ရုံထုတ် ညာမောင်းကားကို ဘယ်မောင်းပြောင်းပြီး တင်သွင်းတာတွေ ရှိ လာမှာ စိုးရိမ်တဲ့အတွက် ခွင့်မပြု ပေးဖို့ကို ညွှန်ကြားထားပြီး တရားဝင်ကြေညာချက်လည်း ထုတ်ပြန်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့လတုန်းက ညာမောင်းကနေ ဘယ်မောင်းပြောင်းထားတဲ့ ကားနှစ်စီးကို စစ်ဆေး တွေ့ရှိခဲ့တဲ့အတွက် နိုင်ငံပိုင်အနေနဲ့ သိမ်းဆည်းထားပါတယ်၊ ဒီကားနှစ်စီးကလည်း သုံးစွဲဖို့ မသင့်တော် တဲ့အတွက် သံရည်ကျိုဖျက်ဆီးဖို့ စီစဉ်နေပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

စက်တင်ဘာလအတွင်း ညာမောင်းအဖြစ် ထုတ်လုပ်ထားပြီး ဘယ်မောင်းပြောင်းထားသော ကားနှစ်စီးကို စာရွက်စာတမ်းအထောက်အထား၊ မြေပြင်စစ်ဆေးချက်များနှင့် စစ်ဆေးခဲ့ရာတွင် မူလစက်ရုံထုတ်ပုံစံနှင့် ကွဲလွဲနေသောကြောင့် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့သလို အလားတူ တင်သွင်းမှုများ ရှိပါကလည်း သိမ်းဆည်း ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဆန်းသစ်အောင်၊ ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here