ဇီဝအခြေခံပေါင်းစပ်မှုများဖြင့် တည်ဆောက်ထားသော Be.e လျှပ်စစ်စကူတာကိုယခုနှစ်ကုန်တွင် စတင်ဖြန့်ချိမည်

800

ဟော်လန်နိုင်ငံ၊ အမ်စတာဒမ်မြို့ အခြေစိုက် Van.Eko ကုမ္ပဏီက ပုံစံဆန်းပြားကာ ဇီဝအခြေခံပေါင်း စပ်မှု(Bio-based Composite)များဖြင့် တည်ဆောက်ထားသည့် Be.e လျှပ်စစ်စကူတာကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ဖြန့်ချိပေးမည်ဟု မတ် ၉ ရက်တွင် newatlas သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

Be.e လျှပ်စစ် စကူတာမှာ ကိုယ်ထည်နှင့် အောက်ခံပလက်ဖောင်း တစ်ဆက်တည်းဖြစ်သည့် Monocoque အမျိုးအစားဖြစ်ပြီး ပိုက်ဆံလျှော်(Hemp) အများစု ပါဝင်သော ဇီဝအခြေခံပေါင်းစပ်မှုနှင့် ပုံသွင်းတည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ပြင် လေးကီလိုဝပ် လျှပ်စစ်မိုတာ၊ ၁၂ လက်မအရွယ် ရှေ့ဘီး၊ ၁၃ လက်မရှိ နောက်ဘီး တို့ဖြင့် ပေါင်းစပ်ထားသော Be.e လျှပ်စစ်စကူတာသည် ပေါင် ၂၂ဝ သာ အလေးချိန်ရှိကာ လိမ်လှည့် အား (Torque) 110 N-m အထိ ထုတ်ပေးပြီး အမြင့်ဆုံး တစ်နာရီ ၅၅ ကီလိုမီတာနှုန်းဖြင့် မောင်းနိုင် ကြောင်း သိရသည်။ Van.Eko ကုမ္ပဏီက ၂ ဒသမ ၅ ကီလိုဝပ် ဘက်ထရီတပ်ပြီး တစ်နာရီ ၂၅ကီလိုမီတာနှုန်းဖြင့် ကီလိုမီတာ တစ်ရာကျော်မောင်းနိုင်သော မိုဒယ်ကွဲအပြင် တစ်နာရီ ၄၅ ကီလို မီတာနှုန်းဖြင့် ကီလိုမီတာ ရှစ်ဆယ် မောင်းနိုင်သော ဒုတိယမိုဒယ်ကွဲ ကိုလည်း ထပ်မံ ထုတ်လုပ်ပေးသွားမည် ဖြစ်သည်။

Be.e လျှပ်စစ်စကူတာများကို ကိုယ်ထည်အရောင် ခုနစ်မျိုးသာမက ထိုင်ခုံနှင့် ရှေ့မီးများကိုလည်း စိတ်ကြိုက်အရောင် ရွေးချယ် ဝယ်ယူနိုင်ကာ စျေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၈,၅ဝဝ ခန့် ကျသင့်မည် ဖြစ်သည်။ အားအပြည့်သွင်းရန် အချိန် လေးနာရီအောက်သာ ကြာသော Be.e လျှပ်စစ်စကူတာကို မေ ၁ ရက် မတိုင်မီ ကြိုတင်မှာကြားနိုင်ပြီး ပထမဆုံးမှာယူသူဦးရေ ငါးဆယ်ထံ ယခုနှစ်ကုန်ပိုင်း၌ တင်ပို့ပေးသွားမည် ဟု သိရသည်။

Ref : newatlas.com

LEAVE A REPLY

Please enter your comment!
Please enter your name here