ဇန်နဝါရီလအတွင်း မန္တလေးမြို့ ၌ စည်းကမ်းမဲ့ယာဉ်အရေးယူရမှုမှ ဒဏ်ငွေ ကျပ်သိန်းနှစ်ရာကျော် ရရှိခဲ့

679

မန္တလေး၊ ဖေဖော်ဝါရီ
မန္တလေးမြို့၌ ယခုနှစ် ဇန်နဝါရီလ တစ်လအတွင်း စည်းကမ်းမဲ့ယာဉ် အစီးတစ်ထောင်ကျော် စစ်ဆေးအရေးယူခဲ့ရာ ဒဏ်ငွေကျပ်သိန်းနှစ်ရာကျော် ရရှိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှ သိရသည်။

စစ်ဆေးအရေးယူရာ၌ စည်ပင်သာယာလိုင်စင်မရှိမှုနှင့် လမ်းကြောင်းမဲ့ပြေးဆွဲ၍ Car Wheel Lock နှင့် Tow Truck ဖြင့်ဆွဲကာ အရေးယူခဲ့သည့်ယာဉ် ၁၈ စီး၊ သုံး တန်နှင့်အထက်ယာဉ် ၃၄၅ စီး၊ အုတ်၊ ထုံး၊ သဲ၊ ကျောက်ယာဉ် ၃၃ စီး၊ ဆီသယ်ယာဉ် တစ်စီး၊ ကရိန်း ကွန်တိန်နာယာဉ် အစီးသုံးဆယ်တို့ကို သုံးတန်နှင့်အထက် စည်းမဲ့ယာဉ်အဖြစ် စစ်ဆေး အရေးယူခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဖြူနီကျားနှင့် ယာဉ်နှစ်ထပ်ရပ်သည့် စည်းကမ်းမဲ့ယာဉ် ၆၈၈ စီး၊ သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိသည့် ထော်လာဂျီ ၁၁ စီးတို့ကိုလည်း မြို့တွင်း စည်းမဲ့ယာဉ်အဖြစ် အရေးယူရမှုရှိခဲ့ကြောင်း အခွန်ဌာနမှသိရသည်။

”စည်ပင်မှာ လုပ်ငန်းလိုင်စင် လာလျှောက်တဲ့အခါ ပြေးဆွဲနိုင်တဲ့ လမ်းကြောင်းကတ်ပြားလေး ပေးထားတယ်၊ အဲဒီလမ်းကြောင်းကတ် ပြားပြနိုင်ရင်မဖမ်းဘူး၊ ကတ်ပြားမပြနိုင်ရင်တော့ စည်ပင်လိုင်စင်မရှိလို့ လမ်းကြောင်းမဲ့အနေနဲ့ အရေးယူပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၌ အုတ်၊ ထုံး၊ သဲ၊ ကျောက်သယ်ယာဉ်များအတွက် လုပ်ငန်းလိုင်စင်ကြေးအဖြစ် ကျပ်တစ်သိန်း သတ်မှတ်ထားကြောင်း သိရသည်။

”သဲသယ်ယာဉ်တွေ၊ သုံးတန် အထက်ယာဉ်တွေက အရမ်း စည်းကမ်းမဲ့တော့ သဲတွေ လမ်းပေါ်ကျရင် ဆိုင်ကယ်တွေ စလစ်ဖြစ်ကြတယ်၊ တိုက်မိရင်လည်း ဒီယာဉ်တွေက ကြောက်စရာကောင်းတယ်၊ ဒါကြောင့် မြို့တွင်းမှာ ဒီယာဉ်တွေ လုံးဝမသွားသင့်ဘူး၊ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”ဟု ဆိုင်ကယ်အသုံးပြုသူ မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ယခုနှစ် ဇန်နဝါရီလ တစ်လလုံးအတွင်း စည်းကမ်းမဲ့ ယာဉ်ပေါင်း ၁,၁၂၆ စီးအတွက် ဒဏ်ရိုက်ငွေ စုစုပေါင်း ကျပ် ၂ဝ၁ သိန်း ခြောက်သောင်းကျော်ရရှိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန၏ စာရင်းများအရ သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here