ဆောင်းအကူးကာလမှာ နှင်းခွဲမီး ၊ ရောင်ပြန်စတစ်ကာနဲ့ ဟွန်းတို့ရဲ့အရေးပါမှု

1436

 

အခုဆိုရင် အောက်တိုဘာလကုန်ပိုင်း ရောက်ရှိလာတာနဲ့အမျှ တချို့မြို့ တွေမှာ မိုးပြတ်သွားတာရှိသလို တချို့ဒေသတွေမှာလည်း မိုးဆက်တိုက် ရွာသွန်းတာတွေ ကြုံတွေ့နေရပါသေးတယ်။ မျှော်မှန်းလို့မရသေးတဲ့ အခု လို မိုးအကုန် ဆောင်းအကူးကာလမှာ ဆိုင်ကယ်နဲ့ခရီးသွားရတာဟာ အဆင်ပြေပြေနဲ့ ရောက်သွားနိုင်သလို အခက်အခဲမျိုးစုံလည်း ကြုံတွေ့ရ နိုင်ပါတယ်။ မျှော်မှန်းလို့မရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နိုင်တာမို့ အကောင်းဆုံးကတော့ သင့်ဘက်က အန္တရာယ်ကင်းအောင် ကြိုတင် ပြင်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ဆိုင်ကယ် ချစ်သူတွေအတွက် ဆောင်းအကူးကာလမှာ ခရီးသွားချင်သူတိုင်း အန္တရာယ်ကင်းအောင် အထောက်အပံ့ပေးစေမယ့် ဆိုင်ကယ်တစ်စီးရဲ့ တပ်ဆင်သင့်တဲ့ နှင်းခွဲမီး၊ ရောင်ပြန်စတစ်ကာနဲ့ ဟွန်းတို့ရဲ့အလုပ်လုပ်ပုံ နဲ့ အရေးပါမှုတွေကို ဖော်ပြမှာဖြစ်ပါတယ်။

 

နှင်းခွဲမီးရဲ့ အလုပ်လုပ်ပုံနှင့် အရေးပါမှု၊

မိုးအကုန် ဆောင်းအကူးကာလမျိုးမှာ ဆိုင်ကယ်နဲ့ခရီးသွားမယ်ဆိုရင် မြေပြန့်ဒေသဖြစ်စေ၊ တောင်ပေါ်ဒေသဖြစ်စေ ဆိုင်ကယ်ကို ကြိုတင် စစ်ဆေးဖို့ အလွန်အရေးကြီးပါတယ်။  ဆောင်းအကူးကာလမှာ မိုးတိမ် တွေနဲ့ရောနှောပြီး မြူနှင်းဝေဆာမှုက မြေပြန့်ထက် တောင်ပေါ်ဒေသတွေမှာ အများစုကြုံတွေ့ရတတ်ပါတယ်။  သင့်ဆိုင်ကယ်စစ်ဆေးမှုအပြင် ကြိုတင် ပြင်ဆင်ဖို့လိုအပ်တာက နှင်းခွဲမီး၊ ရောင်ပြန်စတစ်ကာနဲ့ အသံကျယ်စေတဲ့ ဟွန်း စတဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ ဘာကြောင့် နှင်းခွဲမီး လိုအပ် ရသလဲဆိုရင် ဆိုင်ကယ်မှာ Original ပါတဲ့ ရှေ့မီးကြီးနဲ့ နောက်မီးတွေဟာ အလင်းရောင်မရှိတဲ့ မှောင်မိုက်တဲ့လမ်းမျိုးမှာ လင်းနိုင်စွမ်းအားသာ ထုတ်လုပ်ထားကြတာများတဲ့အတွက် မြူနှင်းတွေအုံ့ဆိုင်းတဲ့နေရာမျိုးမှာ နှင်းခွဲမီးလောက် မီးလင်းအား ထိုးမဖောက်နိုင်ပါဘူး။ ဒါကြောင့် မိုးအကုန် ဆောင်းအကူးကာလမျိုးမှာ ဆိုင်ကယ်နဲ့ခရီးသွားမယ်ဆိုရင် လက်ရှိ ရှေ့ မီးကြီး၊ နောက်မီးတွေအပြင် နှင်းခွဲမီး မဖြစ်မနေတပ်ဆင် ပေးဖို့လိုပါတယ်။ နောက်တစ်ချက်ကတော့ Original ပါရှိတဲ့ ရှေ့မီးကြီး အလင်းရောင်ကို နှိမ့်နိုင်၊ မြှင့်နိုင်ရမှာဖြစ်သလို ဘရိတ်မီးလင်းမလင်း  ဘရိတ်နင်းစစ်ဆေးပြီး မီးရောင်မှိန်တာ၊ မီးမလင်းတာဆိုရင်တော့ ပြုပြင်ဖို့ လိုပါတယ်။ ဒါ့ပြင် သင့်ဆိုင်ကယ်နောက်က နံပါတ်ပြားမှာ ရောင်ပြန်ပြားနဲ့ ဆိုင်ကယ်ဘေး ပတ်လည်မှာလည်း ဆိုင်ကယ်ရောင်ပြန်စတစ်ကာလေးတွေ ကပ်ပေးဖို့လို ပါတယ်။ ရောင်ပြန်စတစ်ကာရဲ့ လင်းအားဟာ အလင်းရောင် မသဲကွဲတဲ့ နေရာမျိုးမှာ အလွန်အရေးပါတဲ့အတွက် သင့်ဆိုင်ကယ်နောက်က ကပ်ပါ လာတဲ့ယာဉ်တိုင်းကို ဘယ်အချိန်ပဲဖြစ်ဖြစ် သတိပေးပြီးသား ဖြစ်စေပါ တယ်။ ကြိုတင်ပြင်ဆင်မှု၊ ကာကွယ်မှုမလုပ်ဘဲ သွားလာခဲ့မယ်ဆိုရင်တော့ ဆိုးရွားတဲ့ရာသီဥတုမျိုးနဲ့ကြုံရင် သင်သွားတဲ့ခရီးဟာ ဥပမာ နေ့လယ် ရောက်ဖို့မှန်းထားရင် ညနေစောင်း၊ ဒါမှမဟုတ် ညမှလည်း ရောက် သွားနိုင်ပါတယ်။ ဒါကြောင့် အခုလို မိုးအကုန် ဆောင်းအကူးကာလမှာ ဆိုင်ကယ်နဲ့ ခရီးထွက်မယ်ဆိုရင် နဂိုပါရှိတဲ့ ရှေ့မီးကြီးအပြင် နှင်းခွဲမီးပါ တပ်ဆင်ဖို့ အကြံပေးချင်ပါတယ်။

 

ဘယ်၊ ညာ အချက်ပြမီးများ စစ်ဆေးပါ

ဘယ်ခရီးမဆို လမ်းအကွေ့အကောက်များစွာ ကြုံတွေ့ရစမြဲမို့  ဝဲ၊ ယာ အချက်ပြမီးတွေ လင်းမလင်း၊ ပုံမှန်လုပ်ဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးထားဖို့လည်း အရေးကြီးပါတယ်။ ပုံမှန်လုပ်ဆောင်ခြင်းမရှိရင် ပြုပြင်ရပါမယ်။ ဆိုင်ကယ်တစ်စီးလုံးရဲ့ မီးတွေကောင်းမွန်အောင် စစ်ဆေး ပြီးပေမဲ့ လက်ဝဲ၊ လက်ယာရှိ နောက်ကြည့်မှန်တွေကိုလည်း ဆေးကြော သန့်စင်ပြီး ကောင်းစွာမြင်နိုင်တဲ့ မှန်အနေအထားကို ချိန်ညှိရပါမယ်။ ဝက်အူနတ် ချောင်နေတဲ့မှန်မျိုး၊ တုန်ခါမှုဖြစ်တိုင်း နေရာရွေ့လွယ်တဲ့ မှန် မျိုးဖြစ်နေရင်တော့ တည်ငြိမ်မှုရှိတဲ့ မှန်အသစ်ကို လဲလှယ်သွားဖို့လိုပါတယ်။

 

ဟွန်းရဲ့ အလုပ်လုပ်ပုံနှင့် အရေးပါမှု

ဆိုင်ကယ်တစ်စီးမှာ အင်ဂျင် ဘယ်လောက်ကောင်းကောင်း ဟွန်းမပါရင် အန္တရာယ်ကို ဖိတ်ခေါ်ထားတာနဲ့အတူတူပဲ ဖြစ်ပါတယ်။ အခုလို မိုးအကုန် ဆောင်းအကူးကာလမျိုးမှာဆိုရင် တကယ်လို့ မြူမှိုင်း တိုက်ခဲ့ရင် ရှေ့ကမြင်ကွင်းကို အလွယ်တကူ မမြင်နိုင်တဲ့အတွက် ဟွန်းက အတော်လေး အရေးပါအရာရောက်စေပါတယ်။ ဒါကြောင့် ဟွန်းမြည်၊ မမြည်ကို ကြိုတင်စစ်ဆေးထားဖို့လိုပြီး မမြည်ရင် ပြင်ဆင်ဖို့လိုအပ်ပါတယ်။ တပ်ဆင်ထားတဲ့ ဟွန်းကလည်း အသံကျယ်စေမယ့် ဟွန်းမျိုးဖြစ်ဖို့လိုပါ တယ်။ ဆိုင်ကယ်နောက်ကြည့်မှန်နဲ့ ဟွန်းဟာ အတက်၊ အဆင်းများတဲ့ တောင်ပေါ်ဒေသတွေနဲ့ မြူနှင်းအုံ့ဆိုင်းမှုဖြစ်ပေါ်တတ်တဲ့ နေရာတွေမှာ သင့်ဆိုင်ကယ်အန္တရာယ်ကင်းစေဖို့ အထောက်အကူအများကြီး ရစေပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် နောက်ကြည့်မှန်ကတစ်ဆင့်  နောက်ကလိုက်ပါ လာတဲ့ကား၊ ဒါမှမဟုတ် ဆိုင်ကယ် လိုက်ပါလာပြီဆိုတာနဲ့ လမ်းဘေးကို ချရပ်ပေးတာ၊ နောက်ယာဉ်ကို ကျော်တက်စေတာမျိုးတွေ လုပ်ဆောင်နိုင် အောင် ကူညီထောက်ပံ့ပေးနိုင်လို့ပါပဲ။ အဲဒီလိုပဲ အကွေ့အကောက်နဲ့ အတက်အဆင်းတွေရောက်တိုင်း ဟွန်းကို မကြာမကြာတီးပေးဖို့ လိုပါ တယ်။ ဟွန်းကို မကြာမကြာအသုံးပြုတဲ့အတွက် မမြင်ရတဲ့ မျက်ကွယ်က နေ ထွက်ပေါ်လာနိုင်တဲ့ ယာဉ်တွေ၊ ဆိုင်ကယ်တွေကို သတိပေးစေတာ ကြောင့် ဟွန်းကောင်း၊ မကောင်းစစ်ဆေးပြုပြင်ဖို့ အရေးကြီးရခြင်းဖြစ်ပါ တယ်။ ရာသီဥတုအကူးအပြောင်းဖြစ်တဲ့ မိုးအကုန် ဆောင်းအကူးကာလမှာ ရှေ့က ပြောပြခဲ့တဲ့ အချက်တွေအတိုင်း လိုက်နာကျင့်သုံးခဲ့မယ်ဆိုရင် သင့်အနေနဲ့ ဘယ်ခရီးသွားသွား အန္တရာယ်ကင်းစေဖို့ အထောက်အပံ့ ဖြစ်စေမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here