ဆောင်းတွင်းကာလမှာ ဆိုင်ကယ်အင်ဂျင်စက်နှိုးရမခက်အောင် ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ

81

 

မြန်မာနိုင်ငံရဲ့ ရာသီဥတု သုံးမျိုးရှိတဲ့ထဲမှာ ဒီဇင်ဘာလရောက်ပြီဆိုတာနဲ့ ဆောင်းဥတုကာလထဲ ဝင်ရောက်လာပြီဆိုတာ မနက်နဲ့ ညပိုင်းရဲ့ ရာသီ ဥတုအအေးဒဏ်က သက်သေပြလို့နေပါတယ်။ဆောင်းရာသီမှာ တစ်ခါတလေ
ရာသီဥတု ဖောက်ပြန်တတ်တာကလွဲလို့ ပုံမှန်အားဖြင့် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလက အအေးဓာတ်အကဲဆုံးလတွေပဲ ဖြစ်ပါတယ်။ ဆောင်းတွင်းရဲ့ အငွေ့အသက် အအေးဓာတ် အအေးဒဏ်ကို သက်ရှိ လူနဲ့ တိရစ္ဆာန်တွေတင် ခံစားရတာမဟုတ်ဘဲ သက်မဲ့ဖြစ်တဲ့ စက်ပစ္စည်းတွေကိုလည်း ရိုက်ခတ်စေ ပါတယ်။
လူတွေ နေ့စဉ်သုံးစွဲနေတဲ့ထဲမှာ မဖြစ်မနေ သုံးစွဲရမှုအများဆုံးက နေအိမ် အသုံးအဆောင်၊ အလှဆင်ပစ္စည်းပြီးရင် သွားလာရေးယာဉ်တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးအခြေအနေအရ မော်တော်ကားထက် ဆိုင်ကယ်စီးသူဦးရေ ပိုများသလို ဆိုင်ကယ်မောင်းနှင်တတ်သူတိုင်းဟာ
ဆိုင်ကယ်ဘီးလှိမ့်ရုံ မောင်းနှင်တတ်တာလောက်နဲ့မပြီးဘဲ ဆိုင်ကယ် ကြာ ရှည်ခံဖို့ထိန်းသိမ်းပုံ၊ ထိန်းသိမ်းနည်းတွေလည်း လေ့လာထားဖို့ လိုအပ် လာပါတယ်။ ဒါမှလည်း ငွေ သိန်းနဲ့ ချီပြီး ပေးဝယ်ထားရတဲ့ဆိုင်ကယ်ကို ရေရှည် အသုံးပြုနိုင်မှာဖြစ်သလို ငွေကုန်ကြေးကျလည်း နည်းစေမှာဖြစ်ပါ တယ်။
ဒါကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှာ အအေးဓာတ်ပိုလာတာနဲ့အမျှ သင်နေ့စဉ် သုံးစွဲနေတဲ့ ဆိုင်ကယ်တစ်စီး မနက်ခင်းရောက်တိုင်း ဆိုင်ကယ် အင်ဂျင်စက် နှိုးရခက်နေတယ်ဆိုရင် ဘယ်လို လုပ်ဆောင်ရမယ်၊ အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေပြီး ဘာတွေ ကြိုတင်ကာကွယ် ပြင်ဆင် သင့်တယ်ဆိုတဲ့ အချက်တွေကို ဒီတစ်ပတ်ဆိုင်ကယ်ချစ်သူတွေအတွက် ဖော်ပြမှာ ဖြစ်ပါတယ်။

Carburetor Type များ အင်ဂျင်စက်နှိုးရခက်သည့် အကြောင်းရင်း
Carburetor Type တရုတ်ဆိုင်ကယ်သုံးစွဲသူအများစုဟာ နေ့စဉ် သွားလာရာမှာ ဆိုင်ကယ် ဆီကုန်သက်သာအောင် ဆိုင်ကယ် ဆီသွား လမ်းကြောင်း၊ Carburetor မှာ အပ်ပင်၊ အပ်ခွက်ကို အနည်းငယ် ကျဉ်းထားကြလေ့ ရှိပါတယ်။ နေ့စဉ်သွားလာတိုင်း ဆီကုန်မှုနည်းလို့ ငွေကုန်ကျတာနည်းပေမဲ့ အဲဒီလို ဆီချုပ်ထားတဲ့ ဆိုင်ကယ်ဟာ အေးတဲ့ ရာသီဥတုရောက်တိုင်း ဆိုင်ကယ်စက်နှိုးရခက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။ နောက်တစ်ချက်က ဆိုင်ကယ် အင်ဂျင်ဝိုင် ပုံမှန် လဲလှယ် ပေးခြင်းမရှိတဲ့ ဆိုင်ကယ်တွေမှာလည်း မနက်ပိုင်း အအေးဓာတ်ကြားမှာ စက်နှိုးရခက်စေတတ်ပါတယ်။ ဆိုင်ကယ်အင်ဂျင်ဝိုင် ကုမ္ပဏီ အများစုကတော့ အင်ဂျင်ဝိုင်တစ်ဘူးကို ကီလို လေးထောင် စီးနင်း အသုံးပြုနိုင်တယ်လို့ ကြေ ညာထားကြပေမဲ့ အကောင်း ဆုံးကတော့ ကီလို သုံး ထောင်ပဲ စီးနင်းတာပါ။ ကီလို သုံးထောင် ပြည့်တိုင်း အသစ် လဲပေးဖို့ အထူး လိုအပ်သလို အင်ဂျင် ဝိုင်မလဲဘဲ ဆက်စီးနေမယ်ဆိုရင် အင်ဂျင်ဝိုင်ရည် ကျဲလာတာတွေ ဖြစ် တတ်ပါတယ်။ အင်ဂျင်ဝိုင်ရည် ကျဲလာတာနဲ့ အမျှ တဖြည်းဖြည်းခန်းပြီး အိပ်ဇောပိုက်ကနေ မီးခိုးတွေ အရမ်းထွက်လာတတ်ပါတယ်။ ပုံမှန်နှုန်း ထားထက် မီးခိုးထွက်တာများတာဟာ အင်ဂျင်ဝိုင်လဲဖို့လိုနေပြီလို့ ပြသ ခြင်းပဲ ဖြစ်ပါတယ်။ မီးခိုးထွက်တာများရင် မီးကူးပေးတဲ့ ဆိုင်ကယ်ပလပ်မှာ မီးခိုးငွေ့ရိုက်ထားတဲ့ ချေး(ကြေး)စတွေ အများကြီးကပ်နေတတ်သလို အဲဒီ ချေးစတွေများလာပြီဆိုရင် ဆီနဲ့မီး ထိတွေ့မှုနည်းပြီး ဆိုင်ကယ်အင်ဂျင် စက်နှိုးဖို့ ခဲယဉ်းစေတော့တာပါပဲ။ ဒါကြောင့် မနက်တိုင်း Carburetor Type ဆိုင်ကယ်တွေ စက်နှိုးရခက်နေပြီဆိုရင် ဘယ်ဘက်လက်ကိုင် တန်းမှာရှိတဲ့ ချုပ်ကိုဆွဲပြီး Type မိုတာကို အလုပ် လုပ်ခိုင်းဖို့ လိုပါတယ်။ ဆီချုပ်ကိုဆွဲလိုက်တဲ့အတွက် Carburetor ထဲက ဆီကို များများတွန်းပို့ လိုက်တာဖြစ်လို့ ပလပ်က မီးက ဆီများများ ထိတွေ့မှုများပြီး ပေါက်ကွဲမှု မြန်ဆန်စေမှာ ဖြစ်ပါတယ်(သတိထားရမှာက ဆီချုပ်ကို ဆွဲပြီးတိုင်း အင်ဂျင်စက်နိုးသွားပြီဆိုရင် ပြန်လွှတ်ဖို့တော့ ဂရုပြုရပါမယ်၊ ပြန်မလွှတ် မိဘဲ ချုပ်ဆွဲမိလျက်သား ရှိနေမယ်ဆိုရင်တော့ ပုံမှန် ဆီကုန်နှုန်းထက် ပိုကုန်စေပါတယ်)။ အဲဒီလို ပေါက်ကွဲမှုများမှသာလျှင် အင်ဂျင်လည်ပတ်မှုနှုန်း မြန်အောင် အထောက်အကူဖြစ်စေမှာပါ။ ဒါကြောင့် မနက်တိုင်း Carburetor Type ဆိုင်ကယ်တိုင်း ရာသီဥတုအေးလို့ အင်ဂျင်နှိုးရခက်နေ ပြီဆိုရင် ဆီချုပ်ကို စက္ကန့်အနည်းငယ်ကြာဆွဲပြီး နှိုးပေးဖို့လိုပါတယ်။

EFI Type ဆိုင်ကယ်တွေ စက်နှိုးရခက်စေသည့်အကြောင်းရင်း
EFI Type သုံးဆိုင်ကယ်တွေမှာ များသောအားဖြင့် ထိုင်းနဲ့ အိန္ဒိယ ဆိုင်ကယ်တွေ များပါတယ်၊ EFI Type အများစုဟာ Carburetor Type လို စက်နှိုးရအရမ်းခက်ခဲစေတာမျိုး မဟုတ်ပေမဲ့ ဆိုင်ကယ် ထိန်း သိမ်းမှု အားနည်းချက်ကြောင့် ရံဖန်ရံခါ မမျှော်လင့်ထားတဲ့ ပြဿနာ မျိုးလေးတွေ ကြုံတွေ့ရတတ်တာပါ။ EFI Type ဆိုင်ကယ်တွေရဲ့ အေးတဲ့ ရာသီဥတုမှာ အင်ဂျင်နှိုးရခက်စေတဲ့ အကြောင်းရင်းကတော့ Air Cleaner နဲ့ ပန့် အလုပ်လုပ်မှု လျော့ကျလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။Air Cleaner ဟာ လူတွေအသက်ရှူသလို လေကိုစုပ်ပေးရတာဖြစ်တဲ့အတွက် ဖုန်မှုန့်တွေ ကပ်ပါတတ်ပါတယ်။ ဖုန်မှုန့်ကပ်ပါမှု များလာပြီဆိုရင် အင်ဂျင် အလွယ်တကူ နိုးဖို့ ခဲယဉ်းစေပါတယ်။ အကောင်းဆုံးကတော့ Air Cleaner ကို တစ်လတစ်ကြိမ် စစ်ဆေးပေးတာ၊ ဒါမှမဟုတ် ကုမ္ပဏီရဲ့ Munual Owner Book ထဲမှာ ပြထားတဲ့ သတ်မှတ်ကီလိုအတိုင်း ပုံမှန်စစ်ဆေး ပေးတာဟာ သင့်ဆိုင်ကယ်ကြာရှည်ခံစေဖို့ အထောက်အပံ့ပဲဖြစ်ပါတယ်။
နောက်တစ်ချက်က EFI Type တွေသည် ဆီကို ပန့်ကနေတစ်ဆင့်
တွန်းပို့ပါတယ်။ ပန့်ကနေ ဆီတွန်းပို့မှုနည်းနေပြီဆိုရင် အင်ဂျင်စက် နှိုးရ ခက်စေပါတယ်။ ဒါကြောင့် အဓိက ဂရုပြုရမှာက စက်သုံးဆီပါ။ EFI Type တိုင်း ရိုးရိုးဓာတ်ဆီ ထည့်လို့မရပါဘူး။ အောက်တိန်း ၉၅ ဆီအမျိုးအစား ကိုသာ ထည့်သုံးစွဲရပါမယ်။ အောက်တိန်း ၉၅ မဟုတ်ဘဲ လမ်းဘေးမှာ ရောင်းတဲ့ ဆီမျိုးကို အလွယ်တကူရွေးထည့်လိုက်ပြီဆိုရင်တော့ Carburetor Type လို ပလပ်မှာ ဒုက္ခပေးတတ်ပါတယ်။ ပလပ်တစ်ခုကို ပုံမှန် သုံးလလောက် အသုံးခံရမယ့်ဟာ ၁၅ ရက်လောက်နဲ့ ပလပ်အသစ်တစ်လုံး အထပ်ထပ် လဲနေရတတ်ပါတယ်။ အဲဒီလို ဆီသန့်သန့် မသုံးလိုက်ခြင်း က အပိုငွေကုန်ကျမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
EFI Type ဆိုင်ကယ်တွေဟာ ကာပရိုက်တာ Type လို ရာသီဥတု အေးတိုင်း စက်နှိုးရခက်တယ်ဆိုတာ နည်းပါတယ်။ အကယ်၍ စက်နှိုးရ ခက်တယ်ဆိုရင်လည်း ရှေ့က ပြောခဲ့တဲ့ Air Cleaner နဲ့ ပန့်အလုပ်လုပ်မှု အားနည်းလာသလို မသန့်တဲ့ဆီထည့်မိလို့ ပလပ်မကောင်းတာမျိုးကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် EFI Type ဆိုင်ကယ်တိုင်းကို အမြဲ Air Cleaner ၊ ပန့်၊ အောက်တိန်း ၉၅ ဆီကို ဂရုပြုသုံးစွဲဖို့ အရေးကြီး ပါတယ်။

ဆိုင်ကယ်အင်ဂျင် နှိုးရမခက်အောင် ထိန်းသိမ်း ပုံ၊ ထိန်းသိမ်းနည်း
ဆိုင်ကယ်တစ်စီးဟာ မြို့တွင်းမှာ အမြဲ စီးနေမှာမဟုတ်ဘဲ နယ်ဝေးခရီးတွေ သွားလာ တာမို့ အနည်းဆုံး တစ်လ တစ်ကြိမ်၊ ဒါမှမဟုတ် သုံးလတစ်ကြိမ် ပုံမှန် စစ်ဆေးဖို့ လိုပါတယ်၊ အဓိကကတော့ အင်ဂျင်ဝိုင် ကီလို သုံးထောင် ပြည့်တိုင်းစစ်ဆေးဖို့နဲ့ အောက်တိန်း ၉၅ ဆီကိုသာ အသုံးပြုဖို့ အလွန်အရေးကြီးလှပါတယ်။ ဆိုင်ကယ် တစ်စီးမှာ အင်ဂျင်ရဲ့အသက်ဟာ အင်ဂျင်ဝိုင်ပဲ ဖြစ် ပါတယ်။ အင်ဂျင်ဝိုင် ကီလို သုံးထောင် ပြည့်၊ မပြည့် ကြည့်ဖို့ဆိုတာလည်း ကီလိုမီတာနှုန်းပြ တဲ့ မိုင်းလစ်ကြိုး ကောင်းမွန်နေဖို့ လိုပါတယ်။ မိုင်းလစ်ကြိုး ကောင်းမွန်နေမှသာ သင်မောင်း နေတဲ့ ကီလိုမီတာနှုန်းကို ပြမှာဖြစ်ပြီး သွားလာခဲ့တဲ့ ခရီးအကွာအဝေးအလိုက် ကီလိုမီတာ နှုန်းထားကလည်း မှတ်တမ်းတင် ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကီလိုမီတာနှုန်းပြ မိုင်းလစ်ကြိုး ကိုလည်း အမြဲ စစ်ဆေးပေးဖို့လို ပါတယ်။ အင်ဂျင်ဝိုင်ကို ကီလိုမီတာ သုံးထောင်ပြည့်တိုင်း လဲမယ်။ Air Cleaner နဲ့ ပန့်ကိုလည်း တစ်လတစ်ကြိမ် ပုံမှန်စစ်မယ်၊ အောက်တိန်း ၉၅ ဆီကိုပဲ ရွေးသုံးမယ်ဆိုရင်တော့ ပလပ်မကြာခဏ လဲရတဲ့ဒဏ်လည်း ကင်းဝေးမှာဖြစ်သလို အေးချမ်းတဲ့ ဆောင်းဥတုမှာ မနက်တိုင်း ဆိုင်ကယ်အင်ဂျင်နှိုးရ ခက်စေမှုကနေ ကင်းဝေးစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here