ဆူညံသံများနှင့် ကျန်းမာရေးထိခိုက်မှု အပိုင်း (၃)

725

သိပ္ပံစာရေးဆရာကိုကိုအောင်

db Level မြင့်မားသော ဆူညံသံကြီးများသည် အမိဝမ်းတွင်း၌ ရှိနေသော သနေ္ဓ သားကိုပင် ထိခိုက်မှု ဖြစ်စေနိုင်သည်။ လေယာဉ် အတက်/အဆင်းပြုလုပ်ရာတွင် ထွက်ပေါ်လာသော ဆူညံသံကြီးများသည် သနေ္ဓသား၏အပေါ်တွင် မည်သို့အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည်ကို ပြုလုပ်သည့် သုတေသနများအရ လေဆိပ်အနီးတွင်နေထိုင်သော ကိုယ်ဝန်ဆောင်မိခင်လောင်းများသည် ကိုယ်အလေးချိန်မပြည့် သည့် ကလေးများ၊ နှုတ်ခမ်းကွဲနေသည့် ကလေးများ၊ အာခေါင်ကွဲနေသည့်ကလေး များနှင့် ကျောရိုးဆစ် မူမမှန်သည့် ကလေးငယ်များ မွေးဖွားလာစေနိုင်ကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ် ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။

မွေးကင်းစ ကလေးငယ်များနှင့် လေးဘက်ထောက်သွားသည့်အရွယ် ကလေးငယ်များ၏ ပတ်ဝန်းကျင်တွင် ကျယ်လောင်သော သီချင်းသံများ ဖွင့်ထားခြင်းနှင့် ဆူညံသော အသံမျိုးစုံတို့ကို အချိန်ကာလ ကြာမြင့်စွာ ကြားနေရစေခြင်းတို့သည်   အဆိုပါ ကလေးငယ်များကို ပုံမှန်ထက် နောက်ကျပြီးမှ စကားပြောစေနိုင်ကြောင်း ကိုလည်း အခြားသော သုတေသနတစ်ခု၌ တွေ့ရှိရသည်။

ဆူညံသံများသည် လူသားများကိုသာမက တိရစ္ဆာန်များ၏ သဘာဝအလျောက် ရှင်သန်နေထိုင်မှု ပုံစံများအပေါ်၌ပါ သက်ရောက်မှုရှိစေကြောင်း တွေ့ရှိရသည်။ တိရစ္ဆာန်များ၏ သဘောသဘာဝအရ မိတ်လိုက်ရာသီတွင် အချင်းချင်းဆက်သွယ်သော စနစ်ကို ပတ်ဝန်းကျင် ဆူညံသံများက ရှုပ် ထွေးသွားစေသည်။ ဆူညံသံများကို ကြောက်လန့်နေကြသော တိရစ္ဆာန်များသည် မျိုးစိတ်တူအချင်းချင်း ပြုလုပ်သည့် ဖိုမအချက်ပြစနစ်ကို နားမလည်တော့သည့်အတွက် မျိုးပွားခြင်းကို ထိခိုက်မှု ဖြစ်စေသည်။

သဘာဝအလျောက် နေ့ခင်းပိုင်းများ၌သာ တွန်ကျူးလေ့ရှိကြသော သပိတ်လွယ် ငှက်ကလေးများသည် ဆူညံလွန်းသော ပတ်ဝန်းကျင်ကြောင့် အလေ့အကျင့်ပြောင်းသွားပြီး လူခြေတိတ်သည့် ညအခါရောက်မှသာလျှင် တွန်ကျူးလာကြတော့သည်။ ထို့အတူပင် ဆင်၊ မြင်း၊ ကျွဲ၊ နွား စသည့် လူတို့နှင့်နီးစပ်သော တိရစ္ဆာန်များသည်လည်း ဆူညံလွန်းသော ပတ်ဝန်းကျင်အသံများကြောင့် သခင်ကို ရန်ပြုတတ်လာကြသည်။ နှစ်ပေါင်းများစွာ ထိန်းကျောင်းလာခဲ့သော ဆင်ထိန်းကို ဆင်က အစွယ်ဖြင့် ထိုးသတ်ခြင်း၊ အစာကျွေးနေသည့် မြင်းထိန်းကို မြင်းက ခြေထောက်ဖြင့်ကန်ခြင်း စသော ဖြစ်ရပ်များသည် ကမ္ဘာပေါ်၌ မကြာခဏဆိုသလို ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စရပ်များ ဖြစ်ကြသည်။

အချို့သော အသံများသည် လူတို့အတွက် မပြောပလောက်သော ဆူညံမှုများ ဖြစ်သော်လည်း ကြိမ်နှုန်းအလွန်နိမ့်သည့် အသံများကိုပင် ကြားနိုင်စွမ်းရှိသည့် ဆင် ကဲ့သို့သော သတ္တဝါများအတွက်မူ ထိတ်လန့်တုန်လှုပ်မှုကို ကြီးမားစွာဖြစ်စေသည်။ နှစ်ကာလကြာရှည်စွာ ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့သော တိရစ္ဆာန်ထိန်းသိမ်းရေးသမားများကို တိရစ္ဆာန်တို့က ပြန်လည်ရန်ပြုတတ်ခြင်းများသည် အဆိုပါသဘောတရား ကြောင့်ပင် ဖြစ်သည်။

ဆူညံလွန်းသော အသံများသည် သက်ကြီးရွယ်အိုများကို စိတ်ကျဝေဒနာ ခံစားရစေနိုင်သလို ဆူညံမှု လွန်ကဲသော ပတ်ဝန်းကျင်၌ ကြီးပြင်းကျင်လည်ခဲ့ရသော လူငယ်များသည်လည်း လူလတ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် အကြားအာရုံ ချို့တဲ့ မှုများနှင့် ကြုံတွေ့ကြရဖွယ်ရှိသည်။

ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများ၌ လူမှုပတ်ဝန်းကျင်ကို ဆူညံသံများဖြင့် နှောင့်ယှက်သော အပြုအမှုများ မကြာခဏ ဆိုသလို တွေ့မြင်ကြရလေ့ရှိသည်။ ယင်း နိုင်ငံများတွင် အခမ်းအနားနှင့် ပွဲတော်များ၊ အလှူအတန်းများ အကြောင်းပြု၍ အသံချဲ့စက်များ အသုံးပြုကာ ဘေးပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စေသော အသံများကို ထုတ်လွှတ်ပေးလျက် ရှိနေကြသည်။ ထို နိုင်ငံမျိုးများ၌ ကျင်းပကြသည့် ပွဲတော်များ နှင့် အခမ်းအနားများ၊ အလှူအတန်းများ နှင့် အလှူခံ မ@ပ်များသည် ၉ဝ db မှ ၁၅ဝ db အထိရှိသော ဆူညံသံကြီးများကို ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်သို့ စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးလျက်ရှိနေကြသည်။

ထိုသို့သော အပြုအမူများက ပတ်ဝန်းကျင်ရှိ အများပြည်သူတို့၏ ခန္ဓာကိုယ် ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို သိသာစွာ ထိခိုက်စေသော်လည်း ယင်းကဲ့သို့သော ဆူညံသံများကို အတိုင်းအဆမဲ့ ထုတ်လွှတ်နေမှုမျိုးကို အရေးယူမည့်ဥပဒေ ပြဌာန်းထားမှု မရှိခြင်း၊ ဥပဒေ ပြဌာန်းထားသည့်တိုင် လက်တွေ့တွင် ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုမရှိဘဲ ဥပေက္ခာပြုထားခြင်းများကြောင့် အများပြည်သူတို့အဖို့ ဥပဒေ အကာအကွယ်ရရှိမှု ကင်းမဲ့လျက်ရှိနေကြ သည်။

ထို့ကြောင့်ပင် ဆူညံလွန်းသော ပတ်ဝန်းကျင်ကို ရှောင်ရှားခြင်း၊ ဆူညံသံများကို တတ်နိုင်သည့် နည်းလမ်းများဖြင့် လျော့ကျအောင်ပြုလုပ်ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများကို ဆူညံသံများနှင့် ကင်းဝေးရာတွင်သာ နေထိုင်စေခြင်း၊ လူမမယ် ကလေးသူငယ်များ၏ ပတ်ဝန်းကျင်တွင် ဆူညံမှုများ မဖြစ်ပေါ်အောင် ဂရုပြုခြင်း၊ Mp3 ကဲ့သို့သော ဖျော်ဖြေရေး စက်ကိရိယာ များဖြင့် နားထောင်ခြင်းကို တစ်ရက်လျှင် တစ်နာရီထက် မကျော်လွန်အောင် ဂရုပြုခြင်း၊ မိမိကိုယ်တိုင်က ဆူညံသံထုတ်လွှတ်ရာ အရင်းအမြစ်တစ်ခု မဖြစ်ရလေအောင် ဆင်ခြင်ပြုမှုနေထိုင်ခြင်း စသည်တို့ကို အလေးထားလိုက်နာ လုပ်ဆောင်ကြခြင်းအားဖြင့် ဘဝတစ်သက်တာ ကျန်းမာရေးကို စောင့်ရှောက်သွားသင့်ကြပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here