ဆူညံသံများနှင့် ကျန်းမာရေးထိခိုက်မှု  အပိုင်း(၁)

570

သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်မှစ၍ နှစ်စဉ် သန်းရှစ်ဆယ်နှုန်းဖြင့် မှန်မှန်ကြီး တိုးပွားလာသော ကမ္ဘာ့လူဦးရေကြောင့် စက်မှု ကုန်ထုတ်လုပ်ငန်းများ သိသာစွာ တိုးပွားများပြားလားသလို မော်တော်ကားအပါအဝင် စက်တပ်ယာဉ်သုံးစွဲမှုများကလည်း သိသိသာသာ ကျယ်ပြန့်လာသည်။ လူဦးရေတိုးပွားလာမှု၊ စက်မှုနှင့် အီလက်ထရွန်းနစ်က@ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှု၊ လူမှုကွန်ရက် ပိုမိုကျယ်ပြန့်လာမှု၊ စီးပွားရေး နယ်ပယ် ပိုမိုချဲ့ထွင်လာမှု၊ နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံမှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ပိုမိုကောင်းမှု စသော အကြောင်းတရားများစွာတို့သည် ဆူညံသော ကမ္ဘာ့ပတ်ဝန်းကျင်ကြီးကို ဖြစ်တည်လာစေခဲ့သည်။ တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ကမ္ဘာကြီးသည် လှုပ်ရှားတက်ကြွပြီး ဆူညံသောဂြိုဟ်ကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

စက်ကိရိယာများ လှုပ်ရှားလည်ပတ်သံ၊ စက်တပ်ယာဉ်များ မောင်းနှင်သံ၊ တူရိယာများ တီးခတ်သံ၊ သဘာဝဘေးအန္တ ရာယ်ကျရောက်မှုကြောင့် တုန်ခါမြည်ဟီးသံ၊ လက်နက်များ ပစ်ခတ်ဖောက်ခွဲသံ၊ လေယာဉ်များ ပျံသန်းမောင်းနှင်သံ၊ ရေယာဉ်များ ခုတ်မောင်းသွားလာသံ၊ အာကာသယာဉ်များ ပျံသန်းထွက်ခွာသံ စသော အသံမျိုးစုံတို့သည် လူမှုပတ်ဝန်းကျင်၌ နေ့ စဉ်ကြားနေကြရသောအသံများ ဖြစ်ကြသည်။ ထိုထိုသော အသံများထဲတွင် ကြားလိုသဖြင့် နားစိုက်ထောင်ရသောအသံများ ရှိသလို မကြားချင်သော်လည်း ကြားနေရသော အသံများကလည်း ရှိနေကြသည်။

လူမှုပတ်ဝန်းကျင်တွင် အမြဲကြားနေရသော အသံမျိုးစုံတို့၏ စွမ်းအားပမာဏ၊ တစ်နည်းဆိုရသော် အသံ၏အတိုင်းအဆ ကို Decibel ယူနစ်ဖြင့် တိုင်းတာပြီး အတိုကောက်အားဖြင့် db ဟု ရေးသားဖော်ပြသည်။ သာယာငြိမ့်ညောင်းသော အသံတို့သည် Decibel နိမ့်ပြီး ဆူညံသောအသံတို့က Decibel မြင့်သည်။ Decibel နိမ့်သည့်အသံများ လွှမ်းခြုံနေသောပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်နေမည်ဖြစ်သလို Decibel မြင့်သည့်အသံများ လွှမ်းမိုးထားသော ပတ်ဝန်းကျင်သည်ကား ဆူဆူညံညံ ဖြစ်နေပေလိမ့်မည်။

သစ်ရွက်ကို လေတိုးသည့်အသံ၏ ပမာဏသည် 10 db မျှသာရှိသည်။ လှိုင်းကြပ်ခွက်ကလေးများ၏ အသံကမူ 20 db နှင့် 30 db အကြား ရှိနေသည်။ လူတစ်ဦးတစ်ယောက် ကြာရရုံမျှသာ ဖွင့်ထားသော သာယာညှင်းပျောင်းသည့် တေးဂီတအသံကမူ 40 db နှင့်အထက် အသံပမာဏရှိနေသည်။ လူအချင်းချင်း သာမာန်ပြောဆိုနေကြသောစကားသံ၏ ပမာဏက 60 db ရှိနေသည်။

လမ်းမများပေါ်၌ မောင်းနှင်သွားလာနေသော ဆလွန်းကားများနှင့် ပစ်ကပ်ကားများ၏ အသံပမာဏမှာ 70 db နှင့် 80 db အကြား၌ရှိပြီး ထရပ်ကားကြီးများနှင့် ဘတ်စ်ကားကြီးများက ထုတ်လွှတ်သော အသံပမာဏကမူ 90 db အထိပင် ရှိနေသည်။ ကောင်းကင်ယံ၌ လေယာဉ်များပျံသန်းနေစဉ် ကြားနေရသောအသံပမာဏက 120 db ရှိပြီး အာကာသအတွင်းသို့ လွှတ်တင်သော ဒုံးပျံများ၏အသံကမူ ဂျက်တွန်း ကန်အားအပေါ် မူတည်ပြီး 150 db နှင့် အထက်၌ ရှိနေသည်။

လူတို့၏ သောတအာရုံခံစားမှု နေရာဖြစ်သော နား(Ear)သည် 70 db ထက်နိမ့်သည့်အသံများအနက် စိတ်ဝင်စားမှုမရှိသော အသံများအပေါ် အလိုအလျောက် ဥပေက္ခာပြုထားနိုင်သည့်အစွမ်းကို သဘာဝ မှ ပေးအပ်ထားသည်။ ဆိုလိုသည်မှာ လူမှုပတ်ဝန်းကျင်၌ကြားနေရသော 70 db ထက်နိမ့်သည့် အသံမျိုးစုံတို့အနက် စိတ်အာရုံက ညွှတ်မထားသောအသံတို့ကို နား က လက်မခံသည့်အတွက် ထိုအသံလေးများကို ကြားရခြင်းမရှိပေ။

သို့ရာတွင် 70 db ထက်မြင့်သော  အသံတို့ကိုမူ စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ၊ နားထောင်လိုသည် ဖြစ်စေ၊ နားမထောင်လိုသည်ဖြစ်စေ၊ ကြားလိုသည်ဖြစ်စေ၊ မကြားလိုသည်ဖြစ်စေ နားက အလိုအလျောက်လက်ခံပြီးသားဖြစ်နေသည်။ ထို့ကြောင့်ပင်လျှင် အော်ဟစ်ပြောဆိုသောအသံများ၊ ခိုက်ရန်ဖြစ်ပွားသည့်အခါ အပြန်အလှန်ပြောဆိုသောအသံများ၊ ကျယ်လောင်သော သီချင်းသံများ၊ အသံချဲ့စက်ဖြင့် ပြောဆိုနေသာအသံများ၊ ယာဉ်ရထားတို့ မောင်းနှင်သွားလာနေသောအသံများ၊ လေယာဉ်ပျံသန်းနေသည့် အသံများ၊ စက်ယန္တရားကြီးများ လည်ပတ်လှုပ်ရှားနေသော အသံများသည် 70 db ထက်ကျော်လွန်နေသည့်အတွက် မကြားချင်သော်လည်း ကြားနေရမည်သာ ဖြစ်သည်။

70 db ထက် ကျော်လွန်သော အသံတိုင်းသည် သွေးခုန်နှုန်း ပိုမိုမြန်ဆန်လာစေပြီး အချိန်ကြာမြင့်စွာ ဆက်တိုက်ကြားနေရပါက အာရုံကြောများကို ထိခိုက်သည့် သက်ရောက်မှုများပင် ဖြစ်စေနိုင်ကြောင်း သိပ္ပံပညာရှင်တို့က သုတေသနပြု တွေ့ရှိခဲ့ကြသည်။ ဆူညံမှုမြင့်မားသော ပတ်ဝန်းကျင်သည် စဉ်းစားတွေးခေါ်မှုကိုပါ သိသာစွာ ထိခိုက်စေသည်ကို မရေမတွက်နိုင်အောင် များပြားလှသော သာဓကများက ထောက်ပြလျက်ရှိနေကြသည်။

 

သိပ္ပံစာရေးဆရာကိုကိုအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here