ဆုံးရှုံးရန်အတွက် မဟုတ်သလို အမြတ်ရရန်လည်း  မဟုတ်ဘဲ ပိုင်ဆိုင်မှုတစ်ခု တည်မြဲရန်အတွက် ထားရှိသင့်သည့် မော်တော်ယာဉ်အလုံးစုံ အာမခံ

1617

စက်တပ်ယာဉ်တစ်စီးသည် အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် နေ့စဉ်နှင့်အမျှ မောင်းနှင်ရွေ့လျားနေရသဖြင့် အချိန်မရွေး ထိခိုက်ပျက်စီးမှုများ အနည်းနှင့်အများကြုံတွေ့ရမည်ဖြစ်သည်။ မိမိအမှားကြောင့်မဟုတ်သော်လည်း အခြားသူ၏အမှားကြောင့် ယာဉ်မတော်တဆမှုဖြစ်ပေါ်နိုင်သကဲ့သို့ သဘာဝဘေးအန္တရာယ်၊ မီးလောင်ခြင်း၊ မလိုတမာဖျက်ဆီးခံရခြင်း၊ ကုန်းလမ်း/ရေလမ်းဖြင့် သယ်ယူပို့ဆောင်စဉ် မတော်တဆ ထိခိုက်ဆုံးရှုံးခြင်း၊ စစ်ဘေးနှင့် အဓိကရုဏ်းများကြောင့် ပျက်စီးခြင်း စသည်တို့ကြောင့်လည်း ထိခိုက်ပျက်စီးမှုများ ရှိလာမည်ဖြစ်သည်။ ထို့ပြင် ကားတစ်စီးကို စိတ်ချရသည်ဟုယူဆကာ လမ်းဘေးတစ်နေရာတွင်ရပ်ထားစဉ် သစ်ကိုင်းကျိုးကျ၍ ဖြစ်စေ၊ သစ်သီးပြုတ်ကျ၍ ဖြစ်စေ၊ တစ်စုံတစ်ယောက်မှ ချွန်ထက်သောအရာဝတ္တုဖြင့် ခြစ်၍ ဖျက်ဆီးသည်ဖြစ်စေ၊ အခြားယာဉ်တစ်စီးစီးက ဝင်တိုက်မိ၍ ဖြစ်စေ၊ ယာဉ်ပစ္စည်းများ ဖြုတ်ခိုးခံရသည်ဖြစ်စေ၊  ကားတစ်စီးလုံး အခိုးခံရသည် ဖြစ်စေ ပျက်စီးဆုံးရှုံးမှုများ ရှိလာနိုင်ပေသည်။ ထိုသို့ ယာဉ်တစ်စီးသည် အချိန်မရွေး၊ နေရာမရွေး၊ အခြေအနေမရွေးဘဲ ထိခို်က် ပျက်စီးမှုများရှိလာနိုင်ရာ အလုံးစုံ အာမခံထားရှိခြင်းဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။

 

အာမခံလုပ်ငန်း စတင်ဖြစ်ပေါ်လာပုံ

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းသည် လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်ကတည်းက ပုဂ္ဂလိကအာမခံကုမ္ပဏီ တစ်ရာကျော်ဖြင့် လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့(Union Insurance Board)အဖြစ် နိုင်ငံပိုင် စတင်ထည်ထောင်ခဲ့သည်။ အာမခံလုပ်ငန်း စတင်ဆောင်ရွက်စဉ်က အသက်အာမခံလုပ်ငန်းဖြင့်သာ စတင်ခဲ့ပြီး နောက်ပိုင်းတွင် အထွေထွေအာမခံလုပ်ငန်းကိုပါ လုပ်ကိုင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ၁၉၆၄ ခုနှစ်နောက်ပိုင်းတွင် အာမခံလုပ်ငန်းကို နိုင်ငံပိုင်အစိုးရသာ လုပ်ကိုင်ရန် ပြဌာန်းခဲ့ဖူးသည်။ ၁၉၇၅ ခုနှစ်တွင်ပြည်သူ့ လွှတ်တော်ဥပဒေအမှတ်-၁ဝ ဖြင့် အာမခံလုပ်ငန်းဥပဒေကို ပြဌာန်းခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် မြန်မာ့အာမခံလုပ်ငန်းကော်ပိုရေးရှင်းဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် မြန်မာအာမခံဥပဒေကိုပြဌာန်းခဲ့ပြီး နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ် ဘ@ာရေးနှင့် အခွန်ဝန်ကြီးဌာန၏ လုပ်ငန်းဌာနတစ်ခုအဖြစ် ဆောင်ရွက်လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၆၅ နှစ် ကျော်လာပြီဖြစ်သည်။

 

ပုဂ္ဂလိကအာမခံလုပ်ငန်း ဖြစ်ပေါ်လာပုံ

၁၉၉၈ ခုနှစ်နောက်ပိုင်း စျေးကွက်စီးပွားရေးစနစ်ကို မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးခဲ့သည့်အတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပေါ် ထွန်းလာခဲ့သည်။ စီးပွားရေးကို အထောက်အပံ့ပြုမည့် အာမခံစျေးကွက်သည်လည်း အချိုးညီညီ တိုးတက်လာရန်လိုအပ်သည့်အတွက် ၁၉၉၆ ခုနှစ် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ ၁၉၉၇ ခုနှစ် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်နည်းဥပဒေတို့ကိုပြဌာန်းခဲ့သည်။ထိုဥပဒေများအရအာမခံလုပ်ငန်းလုပ်ကိုင်သူများကို ဖိတ်ခေါ်ခဲ့ရာ လျှောက်လွှာအစောင်နှစ်ဆယ် လက်ခံရရှိပြီး ကုမ္ပဏီ ၁၁ ခု ဖွင့်လှစ်ခွင့် ပြုခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၂ ခုကို လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့သည်။

 

အာမခံ အမျိုးအစားများ

မြန်မာအာမခံလုပ်ငန်းမှ လုပ်ငန်းအမျိုးအစားငါးဆယ်ကို လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ အသက်အာမခံ (ပြည်သူ့ဝန်ထမ်း၊ ပြည်သူ ပြည်သား၊ တပ်မတော်)၊ စုပေါင်းအသက်အာမခံ၊ သဘေၤာသား အသက်အာမခံ၊ ပြည်ပလုပ်သား အသက်အာမခံ၊ အားကစားသမားကိုယ် အဂၤါထိခိုက်မှု အာမခံ၊ မြွေအန္တရာယ်အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ မီးနှင့် အပိုအန္တရာယ် အကာအကွယ်များ၊ ပစ္စည်းပျက်စီးခြင်းနှင့် လုပ်ငန်းရပ်ဆိုင်း ဆုံးရှုံးမှုအာမခံ၊ စက်မှုလုပ်ငန်းဆိုင်ရာ အထူးအန္တရာယ်၊ စက်မှုလုပ်ငန်းဆိုင်ရာ အလုံးစုံအန္တရာယ်၊ ဆေးရုံတက်ရောက်မှုအာမခံ၊ ရေကြောင်း ကုန်ပစ္စည်းအာမခံ၊ ရေယာဉ်ကိုယ်ထည် အာမခံ၊ ရေယာဉ် လုပ်ငန်းရှင် တာဝန်ရှိမှု အာမခံ၊ လေယာဉ်ကိုယ်ထည် အာမခံ၊ လေယာဉ်စီးခရီးသည်များ သေဆုံးမှုနှင့် ကိုယ်အဂၤါထိခိုက်မှုအာမခံ၊ ခရီးသည်လက်ဆွဲ တန်ဆာပျောက်ဆုံး တာဝန်ရှိမှုအာမခံ၊ လေကြောင်းပို့ ကုန်ပစ္စည်း ပျောက်ဆုံး တာဝန်ရှိမှု အာမခံ၊ လေယာဉ်ချောစာ ပျောက်ဆုံး တာဝန်ရှိမှုအာမခံ၊ သူတစ်ပါးထိခိုက်မှု တာဝန်ရှိမှုအာမခံ၊ လေယာဉ်သား ထိခိုက်မှု တာဝန်ရှိမှုအာမခံ၊ လေယာဉ်ကိုယ်ထည် ဆုံးရှုံးမှု နုတ်ဖြတ်ငွေ အတွက် အာမခံ၊ လေယာဉ်ကိုယ်ထည် စစ်မက်ဘေးအန္တရာယ် အာမခံ၊ အလုံးစုံမော်တော်ယာဉ် အာမခံ၊ စက်တပ်ယာဉ်ဖြင့် သူတစ်ပါးထိ ခိုက်မှုအာမခံ၊ အလုံးစုံ အန္တရာယ်အထွေထွေ တာဝန်ရှိမှုအာမခံ၊ အလုပ် သမားလျော်ကြေးအာမခံ၊ အလုပ်သမား။ဝန်ထမ်းများ တာဝန်ရှိမှုအာမခံ၊ သို့မဟုတ် အလုပ်ရှင်များ တာဝန်ရှိမှု အာမခံ၊ မြေသယံဇာတ တူးဖော်ရေး လုပ်ငန်းရှင် တာဝန်ရှိမှု အာမခံ၊ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း လုပ်ကိုင် သူများ စိုက်ထုတ်ကုန်ကျမှု အာမခံ၊ ကန်ထရိုက်တာ အလုံးစုံအန္တရာယ် အာမခံ၊ ကန်ထရိုက်တာ လုပ်ငန်းခွင်နှင့် စက်ပစ္စည်းများ အာမခံ၊ တည် ဆောက်မှုအလုံးစုံ အန္တရာယ်အာမခံ၊ အီလက်ထရွန်းနစ် ပစ္စည်းအာမခံ၊ စက်ပစ္စည်းအာမခံ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့အာမခံ၊ သမာဓိအာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ ငွေပို့ ငွေသယ် အာမခံ၊ ကိုယ်အဂၤါထိခိုက်မှုနှင့် ရောဂါဘယ အာမခံ၊ သမဝါယမ အမှုဆောင်များ ကိုယ်အဂၤါထိခိုက်မှုနှင့် ရောဂါဘယ အာမခံ၊ ဆေးရုံတက်ရောက်ခြင်းနှင့် ခွဲစိတ်ကုသမှု အာမခံ၊ ဖောက်ထွင်းခိုးယူမှု အာမခံ၊ ခရီးသွား အာမခံ၊ ကမ္ဘာလှည့်ခရီးသည် ခရီးသွား အာမခံ၊ အပ်ငွေ အာမခံ၊ ချေးငွေ အာမခံ၊ ကျားဖောင်လုပ်ငန်းရှင် တာဝန်ရှိမှု အာမခံ၊ တောင်သူလယ်သမား အသက်အာမခံတို့ ဖြစ်သည်။

 

မော်တော်ယာဉ် အလုံးစုံအာမခံ

မော်တော်ယာဉ်များ မောင်းနှင်အသုံးပြုရာတွင် သဘာဝဘေးအန္တရာယ်နှင့် ယာဉ်မောင်းသူ၏ အမှားများကြောင့် ဖြစ်ပေါ်တတ်သော မတော်တဆထိခိုက်မှုနှင့် ပျက်စီးမှုများအတွက် နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပြုပေးရန် အတွက်ဖြစ်ပြီး ကိုယ်ပိုင်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ အာမခံထားရှိနိုင်သည်။ အာမခံသက်တမ်းကို အနည်းဆုံး သုံးလမှ အများဆုံး တစ်နှစ်အထိ ထားရှိနိုင်သည်။ အကျိုးခံစားခွင့်များအဖြစ် မတော်တဆထိခိုက်ခြင်း၊ တိမ်းမှောက်ခြင်း၊ ယာဉ်ပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျခြင်း၊ မီးလောင်ခြင်း၊ မိုးကြိုး ပစ်ခြင်း၊ မလိုတမာ ပျက်စီးခံရခြင်း၊ ကုန်းလမ်း/ရေလမ်းဖြင့် သယ်ယူပို့ ဆောင်စဉ် ပျက်စီးခြင်းစသည်တို့အတွက် လုံးဝပျက်စီးလျှင် အာမခံတန် ဖိုး၊ တစ်စိတ်တစ်ဒေသ ပျက်စီးခြင်းအတွက် ပြင်ဆင်စရိတ်ကို အာမခံ ကုမ္ပဏီများမှ ပေးလျော်မည်ဖြစ်သည်။ ထို့ပြင် သူတစ်ပါးယာဉ်နှင့် ပျက်စီးဆုံးရှုံးမှုအတွက် ပျက်စီးတန်ဖိုး၊ လူတစ်ဦး သေဆုံးခြင်း၊ ဒဏ်ရာရခြင်းတို့အတွက် အများဆုံး ကျပ် ၁ဝ သိန်း ပေးလျော်ခြင်းဖြင့် သူတစ်ပါးထိခိုက် နစ်နာဆုံးရှုံးခြင်းကို အာမခံကုမ္ပဏီများမှ ပေးလျော်မည်ဖြစ်သည်။ အာမခံထားရှိရာတွင် ပရီမီယံနှုန်းကို အာမခံထားငွေ၊ အင်ဂျင်ပါဝါ၊ တင်အား၊ ကိုယ်ပိုင်၊ အငှားစသည်တို့အပေါ် အခြေခံတွက်ချက်ပြီး ခန့်မှန်းပရီမီယံ နှုန်းမှာ အာမခံတန်ဖိုး ကျပ်သိန်းတစ်ရာလျှင် ကိုယ်ပိုင်ယာဉ်သည် ၁ ဒသမ ဝ၆ ရာခိုင်နှုန်း၊ လုပ်ငန်းသုံးယာဉ်သည် ၁ ဒသမ ၆ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။ အပိုအကာအကွယ်များအဖြစ်လည်း သဘာဝဘေးအန္တရာယ်၊ စစ်နှင့်စစ်အသွင်၊ ခိုးယူမှု၊ လေကာမှန်တို့အတွက်လည်း အာမခံထားရှိနိုင်ကြောင်း သိရသည်။ အာမခံထားရှိရာတွင် တစ်နှစ်အတွင်း ထိခိုက်မှုတစ်စုံတစ်ရာမရှိ၍ လျော်ကြေးမတောင်းခံခဲ့ပါက သက်တမ်းဆက် တိုးရာတွင် ဒုတိယနှစ်အတွက် ကိုယ်ပိုင်ယာဉ်သည် ၂၅ ရာခိုင်နှုန်း၊ အငှားယာဉ်သည် ၁၅ ရာခိုင်နှုန်း၊ တတိယနှစ်အတွက် ကိုယ်ပိုင်ယာဉ် သည် ၃ဝ ရာခိုင်နှုန်း၊ အငှားယာဉ်သည် ၂ဝ ရာခိုင်နှုန်း၊ စတုတ္ထနှစ်အထက်အတွက် ကိုယ်ပိုင်ယာဉ်သည် ၄ဝ ရာခိုင်နှုန်း၊ အငှားယာဉ်သည် ၂၅ ရာခိုင်နှုန်း သက်သာခွင့်ရမည်ဖြစ်သည်။ ထိုသို့ လျော်ကြေးမဲ့ဆုကို ရရှိလိုပါက အာမခံထားရှိသည့် သက်တမ်းစေ့သော ရက်မှစ၍ ရက်ပေါင်း သုံးဆယ်အတွင်းသာ ခံစားခွင့်ရမည် ဖြစ်သည်။ အာမခံထားရှိသည့် ကာလအတွင်း၌ ကားတစ်စီးနှင့်တစ်စီး အပြောင်းအလဲ ပြုလုပ်မည်ဆိုပါက အပြောင်းအလဲ ပြုလုပ်ခဲ့သည့်ကားကို တန်ဖိုးအသစ်ဖြတ်ပြီး လိုငွေကို အာမခံကုမ္ပဏီသို့ ပေးသွင်းရမည်ဖြစ်သည်။

 

”ပုဂ္ဂလိက အာမခံကုမ္ပဏီတွေကနေ အလုံးစုံမော်တော်ယာဉ်အာမခံ ထားရှိခွင့်ပေးတာကို ၂ဝ၁၃ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်၊ အာမခံထားဖို့အတွက် ဝှီးတက်/လိုင်စင် မိတ္တူ၊ အုံနာဘုတ် မိတ္တူနဲ့ ပိုင်ရှင် အမည်ပေါက် မဟုတ်ရင်အရောင်းအဝယ်စာချုပ်လိုပါတယ်၊ပရီမီယံကြေးသတ်မှတ်တဲ့အခါမှာကာလပေါက်စျေးနဲ့တန်ဖိုးဖြတ်ပြီး ကားအမျိုးအစားအပေါ်မူတည်လို့ရာခိုင်နှုန်းကွဲပြားပါတယ်၊အာမခံထားရှိတဲ့ကားပျက်စီးသွားရင်အစိတ်အပိုင်းဆိုရင်အစိတ်အပိုင်းတန်ဖိုး၊တစ်စီးလုံးပျက်စီးရင်တစ်စီးလုံးတန်ဖိုးပေးလျော်ပါတယ်၊ကိုယ့်ရဲ့ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာတွေအတွက် ပျက်စီးဆုံးရှုံးမှုကို အာမခံထားခြင်းကနေ ကာကွယ်ပေးနေပါတယ်၊ ပုဂ္ဂလိကအာမခံကုမ္ပဏီတွေမှာ အာမခံအမျိုးအစား ၁၉ ခုရှိတဲ့အထဲက မော်တော်ယာဉ်အလုံးစုံအာမခံထားရှိမှုက အများဆုံး ဖြစ်ပါတယ်”ဟု IKBZ မှ အထွေထွေ မန်နေဂျာကိုအောင်စိုးဦးက ဆိုသည်။

 

မော်တော်ယာဉ် အလုံးစုံအာမခံထားရှိသော်လည်း ထိခိုက်ပျက်စီးမှုရှိပါက ယာဉ်မောင်းလိုင်စင်မပါဘဲ မောင်းနှင်ခြင်း၊ ယာဉ်မောင်းလိုင်စင်သက်တမ်းကုန်နေခြင်း၊ ဖမ်းဆီးချလန်ဖြင့် ကားမောင်းခြင်း၊ လမ်းပြောင်း ပြန်မောင်း၍ သူများကားများအား လိုက်တိုက်ခြင်း၊ ကညနလိုင်စင်သက်တမ်းကုန်နေခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ အရက်သောက်ပြီး ယာဉ်တိုက်မှု ဖြစ်ခြင်း၊ သတ်မှတ်လိုင်စင်ဖြင့် မောင်းနှင်ခြင်း မဟုတ်သည်တို့အတွက် အာမခံလျော်ကြေး ရရှိမည် မဟုတ်ပေ။

 

”အာမခံ ထားတယ်ဆိုတာ ဆုံးရှုံးဖို့အတွက် မဟုတ်သလို အမြတ်ရဖို့အတွက်လည်း မဟုတ်ပါဘူး၊ ပိုင်ဆိုင်မှုတစ်ခုကို တည်မြဲနေဖို့အတွက် ဖြစ်ပါတယ်၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတစ်ခုကို ရန်သူမျိုး ငါးပါး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိအောင် ကာကွယ်ပေးတဲ့ သဘောပါ၊ မော်တော်ယာဉ် အလုံးစုံအာမခံ ထားရှိမယ်ဆိုရင် အာမခံ ထားရှိစဉ်က စာချုပ်မှာ ပါတဲ့အတိုင်း ကုမ္ပဏီကနေ ပေးလျော်ရမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ကားတစ်စီးလုံး အခိုးခံရတယ်ဆိုရင်တော့ လျော်ကြေးငွေရဖို့ ခြောက်လ အထိ စောင့်ရပါတယ်၊ အာမခံမှာ သူတစ်ပါးထိခိုက်မှုအာမခံလည်း ပါတဲ့ အတွက် ကိုယ့်ကားက တခြားကားကို တိုက်မိခဲ့ရင် ကိုယ့်ကားကိုလည်း ပြင်ပေးတယ်၊ ကိုယ်တိုက်တဲ့ကားကိုလည်း လျော်ပေးပါတယ်၊ တစ်ခုရှိ တာက တစ်စီးချင်းတိုက်တာ မဟုတ်ဘဲ ကား ခုနစ်စီး/ရှစ်စီးလောက် ဆင့်ကဲတိုက်မိတယ်ဆိုရင်တော့ ပျက်စီးမှုတွေ အရမ်းများတဲ့အတွက် သူတစ်ပါး ပျက်စီးဆုံးရှုံးမှုအတွက် အများဆုံး သိန်း ငါးရာအထိပဲ ပေး လျော်ပါတယ်၊ နောက်ပြီး ကိုယ့်ကားက လူတစ်ဦးကို တိုက်မိလို့ သေဆုံးသွားခဲ့ရင် သူတစ်ပါးထိခိုက်မှု အာမခံအတွက် ၁ဝ သိန်း ကရုဏာကြေး ပေးပါတယ်၊ ကညနမှာ မှတ်ပုံတင်တဲ့အခါ ပေးသွင်းထားတဲ့ သူတစ်ပါး အာမခံအတွက်လည်း မြန်မာ့အာမခံဌာနက သေဆုံးသူကို ၁ဝ သိန်း ကရုဏာကြေး ထပ်မံပေးပါတယ်၊ အန္တရာယ်ဆိုတာ ကြိုမမြင်နိုင်တဲ့အတွက် အိမ်ဆိုရင် မီးအာမခံ၊ ကားဆိုရင်လည်း အလုံးစုံအာမခံ ထားသင့်ပါတယ်၊ နိုင်ငံတကာမှာလည်း ကိုယ့်ရဲ့ပိုင်ဆိုင်မှုအတွက် လူတိုင်းလိုလို အာမခံထားကြပြီး ကားဆိုရင်လည်း မှတ်ပုံတင်ကတည်းက အာမခံထားရပါတယ်၊ နောက်ပြီး တိုက်ကြေစလစ် ပပျောက်ဖို့အတွက်လည်း မှတ်ပုံတင်ကတည်းက အာမခံထားရှိသင့်ပါတယ်၊ Land Cruiserလိုသိန်းထောင်ကျော် ကားက တိုက်ကြေပျက်စီးသွားလို့ တိုက်ကြေအပ်နှံမယ်ဆိုရင် ကျပ်သိန်း တစ်ရာလောက်ပဲရပြီး အာမခံ ထားရှိမယ်ဆိုရင် တော့ ကားတန်ဖိုးအတိုင်းရရှိမှာ ဖြစ်ပါတယ်၊ အာမခံထားရှိပြီးရင်လည်း ကိုယ့်ကားက အာမခံ ထားထားတယ်ဆိုပြီး စည်းမဲ့ကမ်းမဲ့ မောင်းနှင်လို့ မရပါဘူး၊ မော်တော်ယာဉ်ဥပဒေပါရှိတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာ ပြီး မောင်းနှင်မယ်ဆိုရင် တစ်စုံတစ်ရာထိခိုက်မှုရှိခဲ့တဲ့အခါ အာမခံလျော် ကြေး အပြည့်အဝရရှိမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ကိုအရည်ကြိုက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here