ဆီးချိုဝေဒနာရှင် ကားမောင်းသူများ သတိပြုမိစေဖို့

223

 

ကျွန်မတို့ လောကလူသားများသည် စားဝတ်နေရေးအတွက် ကိုယ်စီ အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရသည်။ အသက်မွေးဝမ်း ကျောင်းပြုကြရာတွင် ကြာရှည်စွာထိုင်ပြီး အလုပ် လုပ်ကိုင်ကြရသကဲ့သို့ ကြာရှည်စွာမတ်တတ်ရပ်ပြီး အလုပ်လုပ်ကြရသူများလည်း ရှိသည်။ ယင်း သို့ ကြာရှည်စွာထိုင်ပြီး အလုပ်လုပ်ကြရသူများတွင် ယာဉ်မောင်းသူများ လည်း အပါအဝင်ဖြစ်သည်။
အများစုမှာ အထိုင်များမှု၏အန္တရာယ်ကို မေ့လျော့နေတတ်ကြသည်။ အထိုင်များခြင်း၏ အကျိုးဆက်တစ်ခုအနေဖြင့် သွေးတွင်းသကြားဓာတ်များ မြင့်တက်ကာ ဆီးချိုရောဂါကို ခံစားရနိုင်သည်။ ဆီးချိုဖြစ်သူများ၏ ရောဂါရာဇဝင်ကို ပြန်ကြည့်မည်ဆိုလျှင်လည်း အထိုင်များသူ၊ လှုပ်ရှားမှု မရှိသူများတွင် အဖြစ်များသည်ကို တွေ့ရသည်။ ထို့အတူ ဆီးချိုရောဂါ ဝေဒနာသည်များအနေဖြင့် ကားမောင်းရင်း သွေးချိုကျခြင်း ဝေဒနာ ခံစား ရနိုင်သည်ကို သတိချပ်စေလိုသည်။
သွေးချိုကျခြင်း ဆိုသည်မှာ သွေးတွင်းအချိုဓာတ် ၇ဝ မီလီဂရမ် အောက်ကျသွားပြီး သွေးချိုကျခြင်း၏လက္ခဏာများ ဖြစ်ပေါ်လာခြင်းဖြစ် သည်။ အကယ်၍ သွေးတွင်းအချိုဓာတ် ၄ဝ မီလီဂရမ်အောက်အထိ ကျသွားပြီးဆိုလျှင် ဦးနှောက်ကို ထိခိုက်နိုင်ပြီး သတိလစ်ခြင်း၊ ကယောင် ချောက်ချားဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ယင်းအခြေအနေကို ချက်ချင်း မကုသနိုင်လျှင် အသက်ပါ အန္တရာယ်ရှိနိုင်သည်။

သွေးချို ကျနိုင်ခြေရှိသူများ
အသက်အရွယ် ကြီးလွန်းသူများ၊ နာမကျန်းဖြစ်နေသူများ၊ ခံတွင်း ပျက်ရာမှ အစားမမှန်သူများ၊ ဝမ်းလျှောနေသူများ၊ ကျောက်ကပ်ပျက် စီးနေသူများ၊ ဆီးချိုကျဆေး မှန်မှန်မသောက်သူများ၊ ပုံမှန်လုပ်နေကျ မဟုတ်သော လေ့ကျင့်ခန်းလုပ်သူများ၊ အင်ဆူလင် မပြတ်ထိုးနေရသူ များ၊ သွေးချိုကျခြင်းကြောင့် ဆေးရုံတက်ရဖူးသူများတို့ ဖြစ်သည်။
သွေးချိုကျသော လက္ခဏာများမှာ ရင်တုန်ခြင်း၊ ချွေးစေးများ ပြန်ခြင်း၊ ခြေလက်များတုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်းမူးပြီး အာရုံစူးစိုက်မှု လျော့နည်းလာခြင်း၊ စိတ်တို ဒေါသထွက်လွယ်ခြင်း၊ နားအူခြင်း၊ ဗိုက်ဆာလာခြင်း၊ အားမရှိ နုံးချည့်နေ ခြင်းတို့ ဖြစ်သည်။
အထက်ဖော်ပြပါ သွေးချိုကျသောလက္ခဏာများ ဖြစ်ပေါ်လာလျှင် ကစီဓာတ်ပါသော အစားတစ်ခုခု စားလိုက်ခြင်း၊ သို့မဟုတ် သကြားပါ သော အချိုရည်တစ်မျိုးမျိုး သောက်လိုက်ခြင်းတို့ဖြင့် ချက်ချင်းဆိုသလို ကုသနိုင်သည်။ ယင်းအခြေအနေတွင် သွေးချိုကို ဖောက်ကြည့်လိုက်လျှင် အများအားဖြင့် ၇ဝ မီလီဂရမ်အောက်၌ ရှိသည်ကိုတွေ့ရသည်။
အကယ်၍ သတိပေးအဆင့်ဖြစ်သည့် သွေးချိုကျခြင်းအခြေအနေကို ကျော်သွားလျှင် ဦးနှောက်တွင် အချိုငတ်ပြတ်သောလက္ခဏာများ ဖြစ်ပေါ် လာနိုင်သည်။ ဦးနှောက်တွင် အချိုငတ်ပြတ်သော လက္ခဏာများမှာ ကယောင်ချောက်ချားဖြစ်ခြင်း၊ စကားပြော မမှန်ခြင်း၊ တက်သွားခြင်း၊ အအိပ်များခြင်းနှင့် နောက်ဆုံးတွင် သတိလစ်သွားနိုင်သည်။ ထို အခြေ အနေသည် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း အရေးကြီးသောအခြေအနေ ဖြစ်သည်။ အချိန်ဆွဲမိရာမှ နှောင့်နှေးသွားလျှင် ဦးနှောက်ပျက်စီးမှုကို ဖြစ်ပွားနိုင်ပြီး အသက်ပါ သေဆုံးသွားနိုင်သည်။ သို့တည်းမဟုတ် အချိန် နှောင်းမှ ဂလူးကို့စ်ထိုးပြီး သွေးတွင်းအချိုဓာတ်ကို ပြန်လည်ပြုပြင်နိုင်ပါက အသက်မသေဆုံးဘဲ သတိပြန်လည်ခြင်း မရှိသောဘဝသို့ ရောက်ရှိသွား ကာ လေဖြတ်ခြင်းနှင့်ဆင်တူပြီး ကုသမှုလွဲမှားသော အခြေအနေသို့ ရောက်ရှိသွားတတ်သည်။
သို့ဖြစ်ပါသောကြောင့် ဆီးချိုရှိသော ကားမောင်းသူများအနေဖြင့် သွေးချိုကျခြင်းမှ အချိန်မီကုသနိုင်စေရန်အတွက် အထူးအားဖြင့် အင် ဆူလင်ထိုးရသော လူနာများအနေနှင့် လည်ပင်းတွင်ဆီးချိုရှိမှန်း အသိ ပေးသောဆွဲကြိုး၊ သို့မဟုတ် ဆီးချိုရှိကြောင်း အသိပေးသောကတ်ပြားကို ပိုက်ဆံအိတ်ထဲတွင် ဖြစ်စေ အမြဲလိုလိုထည့်ထားသင့်သည်။ သွားလေရာ နေရာများတွင်လည်း အချိုသကြားလုံး၊ သို့မဟုတ် သကြားခဲများကို ဆောင် ထားသင့်သည်။ သွေးချိုကျခြင်း၏ လက္ခဏာများနှင့် အရေးပေါ်ကုသနည်း များကို နီးစပ်ရာပတ်ဝန်းကျင်ထံ အသိပေးပြောကြားထားသင့်သည်။
တတ်ကျွမ်းသော ဆေးပညာရှင်များ၏ ခွင့်ပြုချက်မပါဘဲ ဆေးများ သောက်သုံးခြင်းကိုလည်း အထူးရှောင်ကြဉ်စေသည်။ အင်ဆူလင်ထိုး နေရသူများအနေဖြင့် အစာကို အချိန်မှန်မှန်စားရန် လိုအပ်သကဲ့သို့တစ် ရက်နှင့် တစ်ရက် အစားအစာပမာဏ တူညီအောင် စားသုံးပေးသင့်သည်။ဆီးချို အနိမ့်၊ အမြင့်ကို လွယ်ကူစွာတိုင်းတာနိုင်သည့် ဆီးချိုတိုင်းစက် ကိုလည်း ထားရှိထားသင့်သည်။
ဆီးချိုသမားများအနေဖြင့် သွေးချိုကျခြင်းမှ ကာကွယ်နိုင်စေရန် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လုပ်ခြင်းမှလည်း ရှောင်ကြဉ်ရမည်။ ဆီးချိုစစ်ထားသော မှတ်တမ်းများကို သေချာစနစ် တကျ မှတ်သားထားသင့်သည်။ အရက်သောက်တတ်သူများအနေဖြင့် လည်း အရက်သောက်ခြင်းမှ ရှောင်ကြဉ်ရမည်။
သွေးချိုကျသူ ဝေဒနာရှင်များအနေဖြင့် သွေးချိုကို ၁၅ မိနစ်မှ ၂ဝ မိနစ်အကြာတွင် ပြန်တိုင်းကြည့်သင့်သည်။ ဆီးချိုသမားများအနေဖြင့် သွေးချိုကျခြင်းမှ ကာကွယ်နိုင်စေရန် မကြာခဏဆီးချိုနိမ့်မြင့်ကို စစ် ဆေးမှုခံယူထားသင့်သည်။ ဆီးချိုကျဆေးများသောက်သုံးရာတွင်လည်း တတ်ကျွမ်းသော ဆေးပညာရှင်များ၏ လမ်းညွန်ချက်ဖြင့်သာ သောက် သုံးရင်း သွေးချိုကျခြင်းမှ ကာကွယ်နိုင်ပါသည်။
သို့ဖြစ်ပါ၍ ဆီးချိုရှိကားမောင်းသူများအနေဖြင့် Steering လက်ကိုင်နား ထိုင်ခါနီးအချိန်တွင် သွေးချိုစစ်ကြည့်သင့်သည်။ ထို့အတူ နှစ်နာရီပြည့်တိုင်း သွေးချိုစစ်ပေးခြင်းဖြင့် အန္တရာယ်များသော သွေးချိုကျ ခြင်း ဝေဒနာမှ ကာကွယ်နိုင်မည်ဖြစ်သည်။

ကိုးကားချက်။ ပါမောက္ခသန်းသန်းအေး ဆေး-၂
(ကျွန်မနှင့်ဆီးချိုလူနာများ)

LEAVE A REPLY

Please enter your comment!
Please enter your name here