ဆီမစားသည့်ကားနှင့် အစာမစားသည့်လူ

188

 

ကျွန်တော်သည် အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်ပိုင်ကား မစီးနိုင်တော့ပါ။ ကားဈေးတွေတက်ပြီး ပြန်မကျသည့်အပြင်၊ ဓာတ်ဆီဈေးပါ တက်လာသဖြင့် ကားဝယ်ဖို့ စိတ်မဝင်စားတော့ပါ။ ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ တဖြည်းဖြည်း လှိမ့်မောင်းနေကြသည့်ကားတွေကိုမြင်ပြီး ကားမောင်းချင် စိတ်မရှိဖြစ်နေသည်။ အသက်ကြီးလာသည့် အပြင် ကျန်းမာရေးလည်း မကောင်းတော့သည့်အတွက် ရန်ကုန်မြို့တွင်း အပါအဝင် ဟိုနေရာ၊ ဒီနေရာ၊ ဟိုပွဲ၊ ဒီပွဲဆိုတာတွေကိုလည်း သွားချင်စိတ်မရှိ ဖြစ်လာသည်။ မလွဲသာ မရှောင်သာ သွားရမည့်ကိစ္စပေါ် လာလျှင် တက္ကစီဖြင့်သွားသည်။ တက္ကစီကားတွေကလည်း ပေါလိုက်တာလွန်ပါရော။လမ်းပေါ်မှာ လှိမ့်နေကြသည့် ကား ၁ဝ စီး မှာ ခုနစ်စီးလောက်က တက္ကစီဖြစ်နေသည်။ ကျွန်တော့်အိမ်ရှေ့သည်ပင် တက္ကစီဂိတ်ဖြစ် နေသည်။ နံနက် ငါးနာရီလောက်ကပင် ဂိတ်ကိုရောက်လာပြီး ခရီးသည်မျှော်နေ သည့်တက္ကစီကို တွေ့နေရပြီ ဖြစ်သည်။ နံနက် ခုနစ်နာရီထိုးသည်အထိ ဈေးဦးမ ပေါက်သေးသည့်အတွက် ဦးတည်ရာမဲ့ မောင်းထွက်သွားပြီး ခရီးသည် တွေ့လို တွေ့ငြား မောင်းသွားနေသူတွေ ရှိသည်။ နံနက်စောစော အိမ်က မောင်းထွက်လာပြီး ဆီဆိုင်ဝင်ကာ ဆီငါးထောင်ဖိုး ထည့်ခဲ့ရ သော်လည်း နေ့လယ် ၁၂ နာရီအထိ ဆီ ဖိုး ပြန်မရသေးသူရှိသည်။ ညနေ သုံးနာရီ ကျော်သည်အထိ အုံနာကြေးတစ်သောင်းခွဲ မရနိုင်သေးသူရှိသည်။ ကိုယ်ပိုင် တက္ကစီ မမောင်းနိုင်သူ ယာဉ်မောင်းအချို့၏အခြေ အနေသည် အတော်ကြေကွဲစရာကောင်းပြီး စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ကြသည်။
‘‘ကားဆရာ ဘယ်လောက်လဲ’’
‘‘ငါးထောင်ပဲ ပေးပါ ဆရာ’’
‘‘သုံးထောင်ကနေ လေးထောင်ဆိုလို့ ပေးစီးနေခဲ့တာ၊ အခု ငါးထောင်ဆိုတော့ ခင်ဗျား ကားကို မစီးနိုင်တော့ဘူးဗျာ’’
‘‘စီးပါ ဆရာရယ်…၊ ဆီဈေးက တစ်လီတာကို ကိုးရာကျော်ဖြစ်သွားပြီ၊ ဆီ ဈေးသာတက်တာ အုံနာကြေးကမကျဘူး၊ ကျွန်တော်လည်း မမောင်းချင်တော့ဘူး၊ ဘာမှလုပ်ကိုင်စားစရာမရှိလို့သာ ဒီအလုပ် လုပ်နေရတာ’’
ကျွန်တော်အမြဲခေါ်စီးနေကျ တက္ကစီ သမားက ဓာတ်ဆီဈေးတက်လို့ ကားခ ပို တောင်းသည်။ သူ့ဘက်ကကြည့်တော့ လည်း မှန်နေသည်။ ကျွန်တော် စဉ်းစားရ တော့သည်။ ဒီလိုသာ လောင်စာဆီဈေး တက်တိုင်း အငှားယာဉ်စီးခ ဈေးနှုန်းတွေ လိုက်တက်နေမည်ဆိုလျှင် အငှားယာဉ်ကို မကြာခဏ စီးနိုင်ပါတော့မလား။ မိသားစု သုံးဖို့ သင့်ရာတော်ရာ ကားလေးတစ်စီး ဝယ်ရကောင်းမလား စဉ်းစားရတော့သည်။ ကျွန်တော့်သား သင်္ဘောသားကတော့ သင်္ဘောပေါ်က ဖုန်းဆက်သည်။ သူပြန်လာလျှင် အိမ်သုံးကားလေးတစ်စီးဝယ်မည် ဟု ပြောသည်။ ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ၊ ငါကတော့ ကားမောင်းချင်စိတ်လည်း မရှိ တော့ဘူး၊ သွားချင်လာချင်စိတ်လည်း မရှိ တော့ဘူးလို့ စိတ်ထဲကပြောလိုက်မိသည်။
ကျွန်တော်စဉ်းစားနေမိသည်။ သား ပြန်ရောက်လာလို့ ကားဝယ်မည်ဆိုလျှင် ဘယ်လိုကားမျိုးကို ဝယ်မလဲ။ မိသားစု အလှစီးလို့ရသည့် ဆလွန်းကားဝယ်မလား၊ အလှလည်း စီးလို့ရ၊ အကြမ်းလည်း သုံး လို့ရမည့် ဘော်ဒီခါးပြတ် ပစ်ကပ်ကားဝယ် မလား။ အဓိက ကတော့ ဆီစားသက်သာ သည့်ကား ဖြစ်ရမည်။ မော်တော်ကားဆို တာကတော့ အင်ဂျင်ပါဝါကြီးလာလျှင် ဆီ များများစားမှာ သေချာသည်။ ဆီမစား သည့်ကားဆိုတာတော့ မရှိ။ ဆီစားနည်း သည့်ကားနှင့် ဆီစားများသည့်ကားဟူ၍ နှစ်မျိုးသာရှိသည်။ မြန်မာနိုင်ငံမှာ ဆီစား သက်သာသည်ဆိုသည့်ကားကို လူကြိုက် များသည်၊ အဝယ်လိုက်သည်၊ အရောင်း သွက်သည်ဟုပြောကြသည်။Harrier ဆို သည့်ကားသည် ကောင်းသော်လည်း အင် ဂျင်ပါဝါကြီးသည်၊ ဆီစားများသည်ဆိုပြီး အဝယ်မလိုက်သည့်ကားဖြစ်သည်။ အင် ဂျင်ပါဝါ ၁ဝဝဝ၊ ၁၃ဝဝ စီစီ ဆိုသည့်ကား လေးတွေသည် ဆီစားသက်သာသည်ဆိုပြီး အရောင်းအဝယ်သွက်သည်။
မြန်မာနိုင်ငံမှာ ဓာတ်ဆီ/ဒီဇယ်ဆီ အရောင်းအဝယ် အခြေအနေသည် ခေတ် ကာလအလိုက် သုံးမျိုးဖြစ်ခဲ့ဖူးသည်။ မြန်မာ နိုင်ငံ လွတ်လပ်ရေးရပြီးစ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရမတက်မီက ပစ္စည်းလည်းပေါ၊ ဈေးလည်းသက်သာသည့် ပထမအခြေအနေဖြစ်ခဲ့သည်။ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အစိုးရခေတ်မှ နဝတ၊ နအဖ စစ်အစိုးရတွေအုပ်ချုပ်သည့် ကာလ တွေမှာတော့ ပစ္စည်းလည်းရှား၊ ဈေးလည်း ကြီးသည့် ဒုတိယအခြေအနေဖြစ်ခဲ့သည်။ ယနေ့ ၇၅ ပြားတန် ဒီမိုကရေစီခေတ်မှာ တော့ မြန်မာနိုင်ငံမှာ ဆီစားသက်သာသည့် ကားသည် လူကြိုက်များနေဆဲဖြစ်သည်။ လူကြိုက်များတယ်ဆိုတာ အရောင်းအဝယ် သွက်တာကို ပြောချင်တာဖြစ်သည်။ ကား ကောင်းလို့ အရောင်းအဝယ်သွက်တာ မ ဟုတ်၊ ကားမကောင်းလို့ ရောင်းမထွက်တာ မဟုတ်။ ဆီမစားလို့ အရောင်းသွက်တာ၊ ဆီစားလို့ ရောင်းမထွက်တာ ဖြစ်နေသည်။ မော်တော်ကားအကြောင်းသိသည့် သင်္ဘောသားအင်ဂျင်နီယာ အရာရှိတစ်ယောက် ပြောဖူးတာကို သတိရသည်။
‘‘အကောင်းစားကားတွေဟာ ဆီစား ကားချည်းပဲ၊ ဆီစားသက်သာတဲ့ကားဆို တာ အကြမ်းသုံးမရဘူး၊ ဟိုနား၊ ဒီနား အလှပြစီးလို့ပဲရမယ်’’
ကျွန်တော် သဘောပေါက်သွားသည်။ ကျွန်တော့်မိတ်ဆွေ သူဌေးတစ်ယောက် သည် အမေရိကန်လုပ် Hummer ဆို သည့်ကားကို ဝယ်ချင်နေသည်။ အဲဒီကား သည် ဓာတ်ဆီတစ်ဂါလန်ကို ၁ဝ မိုင် လောက်ပဲ မောင်းနိုင်သည်ဆိုသည့် အတွက် မိသားစုက သဘောမတူ လို့ မဝယ်ရဖြစ်နေသည်။ အဲဒီကားသည် စစ်မြေပြင် သုံးကားဖြစ်သည်။ တောင်ပေါ်ကို သာမက အုတ် လှေကားထစ် တွေကိုပါ တက် နိုင်သည့်ကား ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ဖြင့် သိနိုင်ပါ သည်။ အစားနည်းသူသည် အားနည်းမည်။ အစားများသူသည် အားကောင်းမည် ဖြစ် သည်။
ကျွန်တော်သည် သင်္ဘောမလိုက်တော့ ဘဲ စာပေဟောပြောပွဲတွေ လိုက်ဟောသည့် အခါ ဆရာအောင်သင်းနှင့် ပွဲတော်တော် များများတွဲဟောဖူးသည်။ ဆရာအောင်သင်း သည် အစားအသောက်အလွန်နည်းသည်။ ဘာကိုမျှ မက်မက်မောမော၊ ပလုတ်ပ လောင်း၊ တဝတပြဲစားတာမျိုး မလုပ်ခဲ့ပါ။ ဟို ဟာနည်းနည်း ကော်ယူလိုက်၊ ဒါလေးနည်း နည်း နှိုက်ယူလိုက်ဖြင့် တို့ခမန်း၊ ဆိတ် ခမန်း မြည်းတယ်ဆိုရုံလေးပဲ စားသည်။ ဒေသခံ စာပေဝါသနာရှင်တွေနှင့် စကား များများပြောသည်။ ဟောပြောပွဲပြုလုပ် သည့်ဒေသခံတွေ ကျွေးတာ၊ တိုက်တာတွေ ကို မရပ်မနား၊ တဝတပြဲစားသောက်တာ ကျွန် တော်ဖြစ်သည်။ ဆရာအောင်သင်းသည် ကျွန်တော် စားတာ၊ သောက်တာကိုကြည့် ပြီး အမြင်ကတ်လာသလားမသိ။ အော် ဟောက်တော့သည်။
‘‘ဟေ့ကောင် စားလှချေလား’’
‘‘စားနိုင်၊ သောက်နိုင်တာ ကောင်း တာပေါ့ ဆရာရဲ့’’
‘‘လူကိုသတ်တာ အစားနဲ့အသောက် ကွ’’
ကျွန်တော် အလန့်တကြားဖြစ်သွား သည်။ ပညာရှိပီပီ စကားကို တိုတိုပဲပြော သည်။ ဆရာပြောလိုက်သည့် စကားတိုတို၊ နည်းနည်းသည် အသိပညာများများရလိုက် သည်။ လူကို(သတ္တဝါကို) အသက်ရှည်စေ တာလည်း အစားနှင့်အသောက်၊ အသက် တိုစေတာလည်း အစားနှင့်အသောက်ဆို တာ သိခွင့်ရလိုက်သည်။ အစားမတော်လျှင် တစ်လုပ်တည်းဖြင့် သေနိုင်သည်။ လူ တော်တော်များများကို ဒုက္ခပေးနေ သည့် ဆီးချို၊ သွေးချို၊ နှလုံးသွေး ကြောပိတ်ရောဂါ ဆိုတာတွေသည် အစားအသောက်မဆင်ခြင်လို့ ဖြစ် သည့် ရောဂါတွေဖြစ်သည်။ ဆရာ အောင်သင်း ဆုံးမလိုက်သည့် အချိန်ကစပြီး ကျွန်တော်လိုက် နာသည့်အနေဖြင့် အစား အသောက် ဆင်ခြင်တော့သည်။ မတည့်တာမစား၊ များများ မစား၊ အာဟာရ ဖြစ်ရုံ၊ အသက် ရှင်ရုံသာ စားတော့သည်။ ကျန်းမာလာ သည်။ နေထိုင်လို့ ကောင်းသည်။ ကိုယ် အလေးချိန်မတက်ဘဲ ကြည့်ကောင်းသည့် အနေအထား ဖြစ်သွားသည်။
ဆရာအောင်သင်းသည် ကျွန်တော့် ဆရာအရင်းဖြစ်သည်။ ဆရာကြီးမင်းသုဝဏ်၊ ဆရာတင်မိုး၊ ဆရာအောင်သင်းတို့သည် တပ်မတော်ပညာရေးကျောင်းမှာ မြန်မာစာ လာသင်ပြကြသည်။ ကျွန်တော်သည် တပ် မတော် ပညာရေးကျောင်းက ၁ဝ တန်း အောင်ခဲ့သူဖြစ်သည်။ ဆရာ့တပည့် ဖြစ်ခဲ့ သည်။ မြန်မာစာအဓိက ကျောင်းသားအဖြစ် နဲ့ လုပ်သားကောလိပ်တက်တော့ တတိယ နှစ်အထိ ဆရာအောင်သင်း၏ တပည့်ဖြစ်ခဲ့ ပြန်သည်။ စတုတ္ထနှစ်ကျတော့ ပြည်လမ်း ကလိပ်ခုံးကျောင်းကို ပြောင်းတက်ရသည့် အတွက် ဆရာနဲ့ပြန်မတွေ့ရဖြစ်သွားသည်။ စာရေးဆရာဘဝဖြင့် ဆရာနှင့်အတူ စာပေ ဟောရန် ခရီးအတူထွက်ကြတော့မှ ပြန် တွေ့ကြတာဖြစ်သည်။ ဆရာ့စကားကို လိုက် နာသည့်အနေဖြင့် အစားအသောက်ဆင် ခြင်ရုံသာမက လျှော့စားရာမှ များများစား မရ ဖြစ်လာသည်၊ စားချင်စိတ်မရှိဖြစ်လာ သည်၊ အစားနည်းလာသည်၊ အစားနည်း တော့ အားယုတ်ပြီး သွေးပေါင်ကျလာသည်။ သင်္ဘောသားဘဝဖြင့် အပေါ်သွေး/အောက် သွေး ၁၆ဝ/၉ဝ နဲ့ နှစ်ပေါင်း နှစ်ဆယ် လောက်နေခဲ့သည်။ ဘာမျှမဖြစ်၊ အဲဒီ လောက်မှ နေလို့၊ ထိုင်လို့ကောင်းသည်။ အခုတော့ အသက်ကလည်းကြီးလာသည်။ အစားလည်း နည်းလာသည့်အတွက် သွေး ပေါင်ကျပြီး အားမရှိဖြစ်နေပါသည်။ အပေါ်/ အောက် ၁ဝဝ/၅ဝ ဖြစ်သွားပြီဆိုလျှင် မူးနောက်ပြီး မလှုပ်နိုင်ဖြစ်နေတော့သည်။
ဆီမစားသည့် မော်တော်ကားသည် အားမရှိဆိုတာ ဖြစ်နိုင်သည်။ ကျွန်တော်က တော့ အစားလျှော့စားရာမှ သွေးပေါင်ကျ ပြီး အားပြတ်နေတာ လက်တွေ့ပင် ဖြစ် တော့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here