ဆီတိုင်ကီပေါက်နှင့် Air Intake Filter အဖုံးမှားဖွင့်၍  ဓာတ်ဆီဖြည့်မိသောကြောင့် Smart ကားတစ်စီး မီးထလောင်ခဲ့ ကားပိုင်ရှင်အမျိုးသမီးအား  အမျိုးသားတစ်ဦးမှ သက်စွန့်ဆံဖျား ကယ်တင်ခဲ့ရ

888

ဓာတ်ဆီဖြည့်စဉ် ဓာတ်ဆီတိုင် ကီအပေါက်နှင့် Air Intake Filter အပေါက်ကို မှားယွင်းဆီးဖြည့်မိရာမှ Smart ကားတစ်စီး ရုတ်တရက် မီးအကြီးအကျယ် ထလောင်ခဲ့ရာ ကားအတွင်းပိတ်မိနေသည့် ယင်းအမျိုးသမီးကို အမျိုးသားတစ်ဦးမှ သက်စွန့်ဆံဖျား ကယ်ဆယ်ပေးခဲ့ရ ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

အသက် ၅၄ နှစ်အရွယ် Julie Nickin ဆိုသူ အမျိုးသမီး သည် ကားညာဘက်ခြမ်းရှိ ဓာတ်ဆီတိုင်ကီအဖုံးနှင့် ဆင်တူ သည့် ဘယ်ဘက်ခြမ်းရှိ Air Intake Filter အဖုံးကိုဖွင့်၍ ဓာတ်ဆီ မှားဖြည့်မိခဲ့သည့်အတွက် စက်နှိုးလိုက်ချိန်တွင် ကားတစ်စီးလုံး မီးထတောက်ခဲ့ခြင်းဖြစ်သည်။ Julie ကားထဲမှ မထွက်နိုင်ခင်လေးမှာပင် ၂ဝဝ၅ မိုဒယ် Fortwo Pulse ကားတစ်စီးလုံး အား မီးတောက်များ ဝါးမြိုသွားသည်အထိ မီးထလောင်ခဲ့ခြင်း ဖြစ်သည်။ အဂင်္လန်နိုင်ငံ၊ Lancaster မြို့ရှိ Asda ဓာတ်ဆီဆိုင်တွင် အမျိုးသားတစ်ဦးက မကြောက်မရွံ့ ကယ်ဆယ်ခဲ့မှုကြောင့် Julie တစ်ယောက် မီးလောင်ခံရမည့်ဘေးမှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ရသည်။ Julie ကားနောက်တွင် တန်းစီနေသော ကားပေါ်မှ Brian Turner ဆိုသူက ရုတ်တရက် ကျယ်လောင်လွန်းသည့် ပေါက်ကွဲသံကြီးအား ကြားလိုက်ရပြီးနောက် မီးထလောင်သည့် ဓာတ်ဆီပန့် အနီးရှိ ကားထံ ချက်ချင်း ပြေးသွားကာ ကားတံခါးဆွဲဖွင့်ပြီးအထဲတွင် ပိတ်မိနေခဲ့သည့် Julie ကို ဆွဲထုတ်၍ ကယ်တင်ခဲ့ခြင်း ဖြစ်သည်။

 

”ကားထဲမှာ မီးတောက်တွေပဲ မြင်ရတော့တယ်၊ ကားတံခါးကို ဆွဲဖွင့်လိုက်တဲ့အချိန်မှာပဲ နောက်တစ်ကြိမ် ထပ်ပေါက်ကွဲခဲ့ပြီး ကျွန်တော့်လက်မောင်းတွေ၊ လက်တွေနဲ့ လည်ပင်းတွေကို မီးဟပ်ခဲ့တယ်” ဟု Brian က ပြန်ပြောပြခဲ့သည်။ ကံကောင်းထောက်မစွာပင် Julie မှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။

 

”ကျွန်မ ကားရပ်ထားတဲ့ နေရာက ဓာတ်ဆီပန့်နဲ့ အရမ်းနီးကပ်နေတဲ့အတွက် ကားမီးလောင်တဲ့အခါ ကားထဲက လုံးဝ ထွက်လို့မရခဲ့ဘူး၊ ကျွန်မ အသက်ကို Brian က ကယ်တင် ပေးခဲ့ပါတယ်၊ ကားတစ်စီးလုံးရော ကျွန်မအဝတ်အစားတွေ အားလုံးပါ မီးလောင်ခဲ့တယ်” ဟု Julie က ဆိုသည်။ Julie သည် ခပ်ဆင်ဆင်တူသည့် ဆီတိုင်ကီအဖုံးနှင့် Air Intake Filter ကို မှားယွင်းသော ပထမဦးဆုံးသူ မဟုတ်ဘဲ ထိုကဲ့သို့ မှားယွင်းသည့် Smart ကား အသုံးပြုသူများလည်းရှိကြောင်း သိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here