ဆိုင်ကယ်အရည်အသွေးအားနည်းမှုကြောင့်  ကလေးမြို့ရှိ   ဆိုင်ကယ်အရောင်းဆိုင်အများစု   တရုတ်   Auto    ဆိုင်ကယ်များ  ရောင်းချခြင်းမပြုတော့

1340

တရုတ် Auto Click ၊ Scoopy i စသော ဆိုင်ကယ်များသည် အင်ဂျင် အရည်အသွေးအားနည်းခြင်းကြောင့် ကလေးမြို့ရှိ ဆိုင်ကယ်အရောင်းဆိုင်အများစုမှာ တရုတ် Auto ဆိုင်ကယ်များ ရောင်းချခြင်း မပြုကြတော့ ကြောင်း သိရသည်။

 

”အရင်က တရုတ် Auto ဆိုင်ကယ်တွေ တံဆိပ်အစုံ ရောင်းသေးတယ်၊ နောက်ပိုင်း တချို့ Auto ဘီးတွေဆိုရင် လေး၊ ငါးလ စီးပြီး အင်ဂျင်ဆွဲအား အရမ်းကျသွားလို့ ဆိုင်ကို ပြန်လာပြောတာတွေက များနေတယ်၊ တချို့ဆိုရင် အပိုပစ္စည်းဝယ်ထည့်ဖို့၊ အင်ဂျင် ရုန်းအားကောင်းအောင်ပြင်ဖို့က အစ အဆင်မပြေတော့ ရေရှည်ဆို ဆိုင်နာမည် ထိခိုက်မယ်ဆိုပြီး အခု တရုတ် Auto ဘီးတွေ ဘယ်တံဆိပ်၊ ဘယ် Brand မှ မရောင်းတော့ဘူး၊ Auto ဘီးထဲမှာဆိုရင် ထိုင်း Honda နဲ့ အိန္ဒိယ Ray Z ပဲ ရောင်းတော့တယ်”ဟု ကလေးမြို့ ‘သီရိကမ္ဘာဆိုင်ကယ်အရောင်းပြခန်း’ ပိုင်ရှင် မစန္ဒာက ပြောကြားသည်။

 

တရုတ် Auto ဆိုင်ကယ်အများစုတွင် KenBo မှလွဲ၍ တံဆိပ်သစ် ဆိုင်ကယ်အများစုမှာ အင်ဂျင် Warranty မပေးကြဘဲ ထိုင်း Honda ဒီဇိုင်းအတိုင်း ထုတ်လုပ်ထားခြင်းကြောင့် ယခင်ဝယ်ယူသူ များပြားခဲ့ကြောင်း၊ ဆိုင်ကယ်အသုံးပြုသူများအနေဖြင့်လည်း တရုတ် Auto ဆိုင်ကယ်၏ အားနည်းချက်များကို သိရှိလာခြင်းကြောင့် ထိုင်း Honda ဆိုင်ကယ်ဒီဇိုင်းအတိုင်း ထုတ်လုပ်ထားစေကာမူ ယခုအခါ တရုတ် Auto ဆိုင်ကယ်များကို ဝယ်ယူစီးနင်းသူ အလွန်နည်းပါးသွားကြောင်း ကလေးမြို့ ဆိုင်ကယ်အရောင်းဆိုင်များမှ သိရသည်။

 

”တရုတ် ဆိုင်ကယ်တွေထဲမှာ Manual ဘီးတွေက တစ်နှစ်ကျော် အထိ အင်ဂျင်ရုန်းအား မကျဘူး အစီးခံတယ်၊ သေချာထိန်းထိန်း သိမ်းသိမ်းစီးမယ်ဆိုရင် သုံးနှစ်၊ လေးနှစ်လောက်အထိ စီးလို့ရတယ်၊ အခု တရုတ် Auto ဘီးတွေကျတော့ ဒီဇိုင်းကသာ လှတာ၊ အရည်အသွေးက လုံးဝမကောင်းဘူး၊ အခုလည်း တချို့ကုမ္ပဏီတွေက Auto ဘီး ရောင်းပေးဖို့ လာပြောတာတွေရှိတယ်၊ တရုတ် Auto ဘီးဆို လုံးဝ မရောင်းတော့ဘူးလို့ ဆုံးဖြတ်ထားတယ်”ဟု ကလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

 

တရုတ် Auto ဆိုင်ကယ်များသည် ခြောက်လခန့်ကြာလျှင် အင်ဂျင်သံ ဆူညံမှုများ ဖြစ်ပေါ်လာပြီး အင်ဂျင်ဆွဲအား ကျဆင်းသွားခြင်းကြောင့် ယခုအခါ ကလေးမြို့တွင် အိန္ဒိယ YAMAHA ကုမ္ပဏီထုတ်  Ray Z နှင့် ထိုင်း Honda Click ၊ Scoopy i ဆိုင်ကယ်များသာ လက်ငင်းရော အရစ်ကျစနစ်ဖြင့်ပါ အရောင်းသွက် နေကြောင်း အဆိုပါ ဆိုင်များမှ သိရသည်။

 

”အရင်က တရုတ် Auto Click လေးဝယ်စီးတယ်၊ တစ်နှစ်လောက်လည်းကြာတော့ အင်ဂျင်သံက အရမ်းဆူပြီး လီဗာတင်လည်း သိပ်မပြေးတော့ဘူး၊ ဒါနဲ့ ရတဲ့စျေးနဲ့ ပြန်ရောင်းပြီး အခု အိန္ဒိယ Ray Z Auto ဘီးလေး ဝယ်စီးနေလိုက်တယ်၊ အိန္ဒိယ Auto ဘီးကျတော့ စျေးသင့်တာရော၊ အကြမ်းခံတာရော၊ အင်ဂျင်ကောင်းတာရောနဲ့ ထိုင်းဘီးလောက်လည်း စျေးမများ တော့ ဝယ်စီးဖြစ်သွားတယ်၊ အကောင်းဆုံးကတော့ Auto ဘီး ဆိုရင် မိုဒယ်နိမ့်ဖြစ်နေပါစေ အိန္ဒိယဘီးနဲ့ ထိုင်းဘီးပဲ ဝယ်စီးတာ ကောင်းတယ်”ဟု ကလေးမြို့ခံတစ်ဦးဖြစ်သူ ကိုမာန်ခန့်က သုံးသပ်သည်။

 

ကလေးမြို့တွင် ဆိုင်ကယ်အရောင်းဆိုင်ပေါင်း ၁ဝ ဆိုင်ကျော်ရှိပြီး ယခုနှစ်မကုန်မီ အိန္ဒိယဆိုင် ကယ်ကုမ္ပဏီများမှ အရောင်းပြခန်း များဖွင့်လှစ်ရန် ပြင်ဆင်မှုများလည်း ရှိနေသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here