ဆိုင်ကယ်လိုင်စင်  သက်တမ်းတိုးရာတွင်   လိမ်လည်မှုများရှိနေဟု  ဆို

1208

ကလေးမြို့တွင် ယခင်က မည်သည့် ဆိုင်ကယ်အမျိုးအစားမဆို လိုင်စင်သက်တမ်းတိုးရာ၌ ဆိုင်ကယ် ယူဆောင်လာစရာ မလိုဘဲ အုံနာဘုတ်၊ ဝှီးတက်နှင့် မှတ်ပုံတင် မူရင်း/မိတ္တူပါရှိရုံဖြင့် လိုင်စင်သက် တမ်းတိုးပေးခဲ့သော်လည်း လိမ်လည်မှုများရှိလာသဖြင့် ယခုအခါ 125 CC နှင့်အထက် ဆိုင်ကယ်များကို ဆိုင်ကယ်နှင့် အုံနာဘုတ်၊ ဝှီးတက်ပါ အချက်အလက်များ မှန်ကန်မှု ရှိ မရှိ ပြန်လည်စစ်ဆေးပြီးမှသာ လိုင်စင်သက်တမ်းတိုးပေးတော့ကြောင်း ကလေးခရိုင်ကညနရုံးမှ သိရသည်။

 

”အရင်တုန်းကတော့ ရုံးရဲ့ ဝန်ထမ်းနည်းတော့ လိုင်စင် သက်တမ်းတိုးရင် ကြာမှာစိုးလို့ ဆိုင်ကယ်မပါလည်း အုံနာဘုတ်၊ ဝှီးတက်နဲ့ သက်တမ်းလာတိုးတဲ့သူရဲ့ မှတ်ပုံတင်မူရင်း/မိတ္တူပါရင် ခွင့်ပြုပေးခဲ့ပါတယ်၊ နောက်ပိုင်း Without ဆိုင်ကယ်တွေမှာ အုံနာဘုတ် အတုကပ်တာတွေ၊ အုံနာဘုတ်နဲ့ ဆိုင်ကယ်အမျိုးအစား လွဲနေတာတွေ၊ ပြဿနာပေါင်းစုံ ဖြစ်လာတော့ ဒါကို ကြပ်မတ်တဲ့အနေနဲ့ အခုလိုင်စင်သက်တမ်းတိုးရင် ဆိုင်ကယ်ရောပါမှ ခွင့်ပေးတော့တယ်၊ လောလောဆယ်တော့ 125 CC အထက်ဆိုရင် ဆိုင်ကယ်ရော၊ အုံနာဘုတ်ရော ဝှီးတက်ရော၊ မှတ်ပုံတင်ရောပါမှ သက်တမ်းတိုး ပေးတော့တယ်၊ 110 CC တို့၊ 90 CC ဆိုင်ကယ်တွေကတော့ ဆိုင်ကယ်မပါလည်း သက်တမ်းတိုးပေးပါတယ်”ဟု ကလေးခရိုင် ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယင်းသို့ လိမ်လည်မှုများရှိနေသဖြင့် ကလေးခရိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ဆိုင်ကယ်စီးခွင့်ရ မြို့တိုင်း 125 CC နှင့်အထက် ဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးပါက ကားများနည်းတူ ဆိုင်ကယ်ပါ တစ်ပါတည်း ယူဆောင်လာရမည်ဟု နေပြည်တော်ကညနရုံးချုပ်က လွန်ခဲ့သောနှစ်လမှ စတင်ညွှန်ကြားခဲ့ ကြောင်းနှင့် လိုင်စင်သက်တမ်းတိုးလာသည့် 125 CC နှင့်အထက် ဆိုင်ကယ်များကို အုံနာဘုတ်ပါ အင်ဂျင်နံပါတ်၊ ဘောင်နံပါတ်နှင့် ကိုက်ညီခြင်း ရှိ၊ မရှိ စစ်ဆေးရာတွင် ယခုအချိန်အထိ လိမ်လည်လျှောက်မှုများ တွေ့ရှိနေရဆဲဖြစ်ကြောင်း ကလေးခရိုင်ကညနရုံးမှ သိရသည်။

 

”တချို့ကလည်း အရင်ရှိထားတဲ့ ဆိုင်ကယ်ကို မကောင်းလို့ ရတဲ့စျေးနဲ့ရောင်းလိုက်ပြီး အုံနာဘုတ်ကို ချန်ထားလိုက်တယ်၊ နောက်ထပ် Without တစ်စီးဝယ်ပြီး အုံနာဘုတ် ကပ်လိုက်တယ်၊ ဆိုင်ကယ်အမျိုးအစားတူပေမဲ့ အင်ဂျင်နံပါတ်၊ ဘောင်နံပါတ်တွေက လွဲနေတော့ သက်တမ်းတိုးခွင့် မပေးဘူး၊ အခုလာလျှောက်တဲ့အထဲမှာလည်း အုံနာဘုတ်ပါ အချက်အလက်တွေနဲ့ လွဲနေတာတွေ ရှိနေသေးတယ်၊ အဲဒီ ဆိုင်ကယ်တွေဆိုရင် သက်တမ်းတိုးခွင့်မပေးဘူး၊ အဓိကကတော့ အုံနာဘုတ် အလွဲကြီးနဲ့ ရောင်းလိုက်ရင် တစ်ဆင့်ဝယ်တဲ့သူတွေ နစ်နာမှာမို့လို့ အခုလို ကြပ်မတ်ရတာပါ၊ ပြီးတော့ ဆိုင်ကယ်နဲ့ အုံနာဘုတ်နဲ့လွဲနေရင် ခိုးမှုတွေ၊ ယာဉ်တိုက်ပြီး ထွက်ပြေး သွားတဲ့အမှုတွေဆိုရင် လိုက်ရတာ ခက်ခဲတာတွေကြောင့် ရုံးချုပ်က စိစစ်ဖို့ ညွှန်ကြားထားတာ”ဟု ကလေးခရိုင်ကညနရုံးမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

 

125 CC နှင့်အထက် ဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးလျှင် အုံနာဘုတ်၊ ဝှီးတက်၊ မှတ်ပုံတင်အပြင် ဆိုင်ကယ်ပါ ပါရှိရမည် ဖြစ်သည်။ သက်တမ်းတိုးခအနေဖြင့် ကညနလိုင်စင်ကြေးမှာ ကျပ် ၅,၄ဝဝ ဝန်းကျင် ကျသင့်မည်ဖြစ်ပြီး လိုင်စင်သက်တမ်းကုန်ဆုံးရက်ကျော်လွန်ပြီးမှ လာရောက်လျှောက်ထားပါက ရက်လွန်ကြေး ကျပ်နှစ်ထောင် ပိုသွင်းရန်ညွှန်ကြားထားကြောင်း ကလေးခရိုင်ကညနရုံးမှ သိရသည်။

 

”တချို့ဆိုရင် အဟောင်းဘီးကိုမှ အုံနာဘုတ်ပါ အချက်အလက်တွေနဲ့ ဆိုင်ကယ်နဲ့လွဲနေတာမဟုတ်ဘူး၊ အသစ်ဘီးရောင်းတဲ့ဆိုင်တွေမှာပါ စသွင်းကတည်းက လွဲနေတာတွေရှိတယ်၊ အကောင်းဆုံးက Customer ကလည်း ဆိုင်ကယ် တစ်စီး စဝယ်ပြီဆိုကတည်းက ဆိုင်ကယ်နဲ့ အုံနာဘုတ်ကို သေချာစိစစ်ပြီးမှ ဝယ်သင့်တယ်”ဟု ကလေးမြို့ခံဝပ်ရှော့ဆရာတစ်ဦး ဖြစ်သူ ကိုမင်းမင်းက အကြံပြုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here