ဆိုင်ကယ်မောင်းနှင်သူတိုင်း မဖြစ်မနေထားရှိသင့်သည့် ကျန်းမာရေးအာမခံ

206

 

အာမခံလို့ပြောလိုက်ရင် အရင်ကတော့ ဘာမှန်း သိပ်မသိခဲ့ကြပေမဲ့ ဒီနေ့ ခေတ်မှာတော့ မြို့ရွာပါမကျန် ကြားဖူးနားဝ ရှိလာကြပါပြီ။ ဒီနေ့ခေတ်မှာ အာမခံကုမ္ပဏီတွေ အများအပြား ပေါ်ပေါက်လာတာက ပြည်သူ ပြည်သားတွေအတွက် သတင်းကောင်းလို့ဆိုရမှာပါ။ ဘာလို့လဲဆို အာမခံ ဆိုတာ အရင်းမပျောက်တဲ့စနစ်ဖြစ်ပြီး အာမခံကုမ္ပဏီရဲ့သဘောက အာမခံ ထားရှိသူတွေ ဖြစ်ပေါ်လာတဲ့အန္တရာယ်ကို လွှဲပြောင်းရယူပေးတာ ဖြစ်လို့ လူတိုင်း အာမခံ တစ်မျိုးမဟုတ်တစ်မျိုး ထားရှိသင့်လှပါတယ်။ အာမခံ လုပ်ငန်း များစွာရှိတဲ့အထဲက အရင်ကမရှိခဲ့ပေမဲ့ ဒီကနေ့ ခေတ်စားလာ တာက ကျန်းမာရေးအာမခံပါ။
ကျန်းမာရေးအာမခံဆိုတာ ဘာလဲ၊ ဘာကြောင့် ထားရှိသင့်သလဲ၊ အာမခံလျော်ကြေး ဘယ်လိုရနိုင်မလဲ စတာတွေနဲ့ပတ်သက်လို့ ဆိုင်ကယ် စီးနင်းသူတိုင်း၊ ဆိုင်ကယ်ချစ်သူတိုင်းလည်း မဖြစ်မနေ သိရှိထားသင့်တဲ့ အတွက် ဒီတစ်ပတ်ဆိုင်ကယ်ချစ်သူတွေကို ကျန်းမာရေးအာမခံအကြောင်း ဖော်ပြမှာ ဖြစ်ပါတယ်။
ခုဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေပါ ဝင်ရောက်လာတာကြောင့် အရင်က အာမခံလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီပေါင်း ၁၂ ခုပဲရှိခဲ့ရာကနေ ယခုဆိုရင် စုစုပေါင်း ၂၅ ခုအထိ ရှိလာပါတယ်။ အာမခံလုပ်ငန်းက မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာတာတွေ့ရသလို ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင် ရောက်လာပြီးနောက်ပိုင်းမှာ ခေတ်စားလာတာကတော့ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံပါ။ အခုဆိုရင် ကုမ္ပဏီတွေအသီးသီးက ကိုယ်စီကိုယ်ငှ အာမခံ ကိုယ်စားလှယ်တွေမွေးထုတ်ပြီး အသက်အာမခံကို အပြိုင်အဆိုင် ရောင်းချလာကြတာ ရန်ကုန်၊ မန္တလေးနေထိုင်သူတွေ မျက်မြင်ကိုယ်တွေ့ ပဲ ဖြစ်ပါတယ်။

ကျန်းမာရေးအာမခံဆိုတာ ဘာလဲ
ကျန်းမာရေးအာမခံဆိုတာ နာမကျန်းဖြစ်တာ၊ မတော်တဆတစ်ခုခု ကြောင့် ဆေးရုံတက်ရတာ၊ အခုလိုကာလမျိုးမှာဆို Covid-19 ရောဂါ ကြောင့် ဆေးရုံ၊ အသွားအလာ ကန့်သတ်ခံရခြင်းနဲ့ ကူးစက်ခံရခြင်းတို့ အတွက် အကျိုးခံစားခွင့်ပေးတဲ့ အာမခံအမျိုးအစားဖြစ်ပါတယ်။ အဓိက ကတော့ ဆေးရုံတက်စရိတ်နဲ့ ဆေးကုသမှု ကုန်ကျစရိတ်ကို အတိုင်းအတာ တစ်ရပ်အနေနဲ့ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ထားတာတဲ့ အာမခံ အမျိုးအစားတစ်မျိုးဖြစ်တာကြောင့် အခုလိုကာလမျိုးမှာ ဆိုင်ကယ်စီးနင်း သူတွေအားလုံးလည်း မဖြစ်မနေ ထားရှိသင့်လှပါတယ်။
ဆိုင်ကယ်နဲ့သွားလာရင်း မတော်တဆကြောင့် ဆေးရုံတက်ရတာ၊ အပြင်ထွက်ရင်း Covid-19 ကူးစက်လာတာ စတဲ့ မမျှော်လင့်ထားတဲ့ အခြေ အနေမျိုးကြုံလာခဲ့ရင် ငွေကုန်ကြေးကျ သက်သာစေမှာ သေချာပါတယ်။

ကန့်သတ်ချက်အချို့ရှိ
ကျန်းမာရေး အာမခံလုပ်မယ်ဆိုရင် ကန့်သတ်ချက်အချို့ ရှိပါတယ်။ မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံအတွင်း နေထိုင်နေသော နိုင်ငံခြားသားများ၊ တစ်ဦးချင်းသော်လည်းကောင်း အစု အဖွဲ့အလိုက် အနည်းဆုံးငါးယောက်
ထားရှိနိုင်သလို အသက်ကန့်သတ်ချက်အနေနဲ့တော့ ခြောက်နှစ်ကနေ ၇၅ နှစ်အတွင်းထားရှိနိုင်ပါတယ်။

အာမခံသက်တမ်း
အာမခံသက်တမ်းကတော့ တစ်နှစ်သတ်မှတ်ထားပြီး ပရီမီယံကြေး ပေးသွင်းတဲ့ရက်ကစလို့ အကျုံးဝင်ပါတယ်။ ဒါပေမဲ့ အာမခံကုမ္ပဏီတစ်ခု နဲ့ တစ်ခု ဝယ်ယူရတဲ့ယူနစ်တွေတော့ မတူပါဘူး။ တချို့ကုမ္ပဏီတွေကတော့ ကျန်းမာရေးအာမခံအတွက် တစ်ယူနစ်တည်း အနည်းဆုံးဝယ်ယူလို့ရသလို တချို့ကုမ္ပဏီတွေကတော့ ငါးယူနစ် အနည်းဆုံး စဝယ်ရတာတွေလည်း ရှိပါတယ်။ တကယ်တမ်းကတော့ Customer ရဲ့ရွေးချယ်မှုအပေါ်မူတည်ပြီး အနည်းဆုံး တစ်ယူနစ်ကနေ ၁၀ ယူနစ်အထိ ဝယ်ယူရရှိနိုင်ပါတယ်။

ကုန်ကျမှု ဘယ်လောက်ရှိ
တစ်နှစ်စာအတွက် အနည်းဆုံး တစ်ယူနစ် ဝယ်ယူမယ်ဆိုရင် မြန်မာ ငွေကျပ် ၁၁,ဝဝဝ ပဲ ကျသင့်မှာဖြစ်ပြီး တစ်ပြိုင်တည်း ငါးယူနစ်ဝယ်ယူရင် မြန်မာငွေကျပ် ၅၅,ဝဝဝ ပဲကျသင့်မှာဖြစ်ပါတယ်။
ဘာအကာအကွယ်ရမှာလဲ
ဆိုင်ကယ်ချစ်သူတွေ၊ ဆိုင်ကယ်စီးနင်းသူတွေအနေနဲ့ ကျန်းမာရေး အာမခံ ထားရှိလိုက်မယ်ဆိုရင် ဥပမာ တစ်နှစ်စာအတွက် အနည်းဆုံး ကျပ် ၁၁çဝဝဝ နဲ့ ရင်းနှီးမြှုပ်နှံလိုက်တယ်ဆိုပါစို့။ အဲဒီလို ရင်းနှီးလိုက် ခြင်းအားဖြင့် အာမခံပရီမီယံကြေး စသွင်းတဲ့ရက်ကနေ တစ်နှစ်အတွင်း ဆေးကုသစရိတ် ကျပ်ကိုးသိန်းကနေ ၁၂ သိန်းအထိ အထောက်အပံ့ရရှိစေ နိုင်ပါတယ်။

Covid-19 ကာလ အထူးအစီအစဉ်တွေပါရှိ
အာမခံကုမ္ပဏီတွေမှာ စုံစမ်းသိရှိရသလောက် မြန်မာနိုင်ငံမှာ Covid-19 ပထမလှိုင်းကစပြီး လက်ရှိအချိန်အထိ ကျန်းမာရေးအာမခံအမျိုး အစားက နေ့စဉ် ထိပ်ဆုံးက အရောင်းအသွက်ဆုံး ဖြစ်ပါတယ်။ အာမခံ ကုမ္ပဏီတချို့ကတော့ လက်ရှိ Covid-19 ကာလအတွင်းမှာ အထူးအစီ အစဉ်တွေနဲ့ပါ ရောင်းချလာတာ တွေ့ရပြန်ပါတယ်။ ပုံမှန်အားဖြင့် မတော်တဆကြောင့်ပဲဖြစ်ဖြစ်၊ ကျန်းမာရေး ကိစ္စတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ဆေးရုံ တက်လိုက်ရမယ်ဆိုရင် ဆေးရုံတက်ရက် တစ်ရက်ကို ကျပ် တစ်သောင်း နှုန်းနဲ့ ဆေးရုံတက်ရက် သုံးရက်ကစလို့ ရက် ခြောက်ဆယ်အထိ ထောက်ပံ့ ပေးကြသလို အသက်ဆုံးရှုံးခဲ့ရင် ကျပ် ၁၀ သိန်း လျော်ကြေးပေးအပ်သွားမှာ ဖြစ်ပါတယ်။ အခု Covid-19 ကာလမှာတော့ အာမခံကုမ္ပဏီတချို့က CSR Program အဖြစ် Covid-19 ကူးစက်ခံရမှုကြောင့် ဆေးရုံတက် ရရင် တစ်ရက်ကို ကျပ် ၁၅,ဝဝဝ၊ Covid-19 ကြောင့် အသက်ဆုံးရှုံးခဲ့ ရင် ကျပ်သိန်း နှစ်ဆယ် စသဖြင့် ခံစားခွင့်ပြုကြတာတွေလည်း ရှိပါတယ်။
အဲဒီလိုဝန်ဆောင်မှုတွေနဲ့အတူ ပိုထူးခြားတာက Covid-19 တိုက် ဖျက်ရေးလုပ်ငန်းတွေမှာ ရှေ့တန်းက အဓိကပါဝင်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ မီဒီယာဝန်ထမ်းတွေအတွက် Covid-19 ကြောင့် ဆေးရုံ တက်ခဲ့ရမယ်ဆိုရင် တစ်ရက်လျှင် ကျပ် နှစ်သောင်း၊ အသက်ဆုံးရှုံးခဲ့ရင် ကျပ်သိန်း သုံးဆယ်ကို ခံစားခွင့်အဖြစ် ပေးအပ်သွားမယ်ဆိုတဲ့ အစီအစဉ် တွေ ဖန်တီးပေးထားတာလည်း တွေ့မြင်ရပါတယ်။

တစ်ဦးတစ်ယောက်ချင်းအပြင် အစုအဖွဲ့လိုက်လည်းထားရှိနိုင်
တစ်ဦးချင်းဝယ်ယူမယ်ဆိုရင်တော့ ကျန်းမာရေးအာမခံ တစ်ယူနစ်ကို ၁၁çဝဝဝ ကျပ် ရင်းနှီးမြှုပ်နှံရပေမဲ့ ငါးဦးနှင့်အထက် အစုအဖွဲ့နဲ့ ဝယ် ယူမယ်ဆိုရင်တော့ အဲဒီလောက် ငွေမများတော့ဘဲ ရင်းနှီးမြှုပ်နှံရငွေ ပိုလို့သက်သာသွားပါတယ်။
ဒါကြောင့် ဆိုင်ကယ်စီးနင်းသူ ဆိုင်ကယ်ချစ်သူတွေအနေနဲ့ အခုလို အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ Covid-19 ကာလမှာ ကျန်းမာရေး အာမခံက လူတိုင်း ဝယ်ယူရင်းနှီးမြှုပ်နှံထားသင့်တယ်လို့ ပြောချင်ပါတယ်။ ကျန်းမာရေးကောင်းဖို့ဆိုရင် ဆိုင်ကယ်စီးနင်းသူတွေအပါအဝင် လူတိုင်း အစားအသောက်၊ အနေအထိုင်၊ ကိုယ် လက်လှုပ်ရှားမှု စတာတွေအားလုံး အပေါ်မူတည်နေသလို တစ်ခုခုသွားတိုင်းလာတိုင်း တစ်ခုခုလုပ်တိုင်း သတိ ရှိမှု၊ သတိဝီရိယနဲ့လုပ်ဆောင်မှုတွေကို အသက်ကို ဉာဏ်စောင့်၏ ဆိုသလို ဆင်ခြင်တုံတရားရှိစွာ အတွေးအခေါ်ကောင်းကောင်းနဲ့ လုပ်ကိုင်တတ်ဖို့ စတာတွေလည်း လိုပါတယ်။ လူတိုင်းရင်ဆိုင်နေရတဲ့ ယခုလို Covid-19 ကာလမျိုးမှာတော့ ဘယ်အချိန်၊ ဘယ်နေရာမှာ Covid-19 ရောဂါပိုး ကူးစက်နိုင်မယ်ဆိုတာ ကြိုမသိနိုင်တာကြောင့် ကျန်းမာရေးအာမခံ မဖြစ် မနေထားကြဖို့ ထပ်မံတိုက်တွန်း လိုက်ပါရစေ။
(ဆိုင်ကယ်စီးနင်းသူများအားလုံး အပါအဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံ သားများအားလုံး Covid-19 ကင်းဝေးစေဖို့ အပြင်ထွက်တိုင်း Mask တပ်ကြဖို့၊ မကြာခဏ လက်ဆေးပေးကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း စည်းကမ်းတကျနေထိုင်ဖို့ ထပ်မံတိုက် တွန်းချင်ပါတယ်။ Covid-19 ရောဂါကူးစက်ခံရခြင်းမှလည်း ကင်းဝေးပြီး Sweet December နဲ့အတူ ကံကောင်းခြင်းတွေ ကိုယ်စီ ပိုင်ဆိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။)

LEAVE A REPLY

Please enter your comment!
Please enter your name here