ဆိုင်ကယ်တစ်စီးတည်းကို  လူ  ၅၈  ဦး  တစ်ပြိုင်နက်စီးနင်းပြ၍ အိန္ဒိယစစ်တပ်မှ  Tornadoes အဖွဲ့  ကမ္ဘာ့စံချိန်သစ်တင်

1095

အိန္ဒိယစစ်တပ်မှ ဆိုင်ကယ်ဖျော်ဖြေရေးအဖွဲ့ Tornadoes သည် ပြီးခဲ့သော တနဂင်္နွေနေ့က Yelahanka လေတပ်စခန်းတွင် ဆိုင်ကယ်တစ်စီးတည်းကို လူ ၅၈ ဦး တစ်ပြိုင်နက်စီးနင်းကာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ကြောင်း newindianexpress သတင်းဝက်ဘ်ဆိုက်က ရေးသား ဖော်ပြခဲ့သည်။

 

နယူးဒေလီမြို့တွင် ၁၉၈၂ ခုနှစ်က ကျင်းပခဲ့သော ကိုးကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ ဖျော်ဖြေရန် Tornadoes ဆိုင်ကယ်အဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံအတွင်း မှာသာမက နိုင်ငံပြင်ပတွင်ပါ ဆိုင်ကယ်စတန့်ပြကွက်များနှင့် စံချိန်တင် စီးနင်းမှုများ အကြိမ်တစ်ထောင်ကျော် ပြုလုပ်ခဲ့ပြီး အဆိုပါ Tornadoes ဆိုင်ကယ်အဖွဲ့အနေဖြင့် ပြည်တွင်းနှင့် ကမ္ဘာ့စံချိန် စုစုပေါင်း ၁၉ ခုအထိ စံချိန်တင်ထား နိုင်ခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် အရာရှိနှစ်ဦးအပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၃၉ ဦးဖြင့် ဖွဲ့စည်းထားသည့် Tornadoes ဆိုင်ကယ်အဖွဲ့ သည် အင်ဂျင် 500 CC ရှိ Royal Enfield ဆိုင်ကယ်ကို ဗိုလ်မှူး Bunny Sharma ၏ ကြီးကြပ်မှုဖြင့် ဗိုလ်ကြီး Rampal Yadav မောင်းနှင်ကာ ကျန် ၅၇ ဦးက ဘေးတွင် ပြုလုပ်ထားသော တန်းပေါ် မတ်တတ်ရပ်၍ မီတာ ၁,၂ဝဝ အကွာ အဝေးအထိ အောင်မြင်စွာ စီးနင်းပြသနိုင်ခဲ့ခြင်း ဖြစ်သည်။

 

Tornadoes ဆိုင်ကယ်အဖွဲ့၏ ယခုစွမ်းဆောင်ရည်မှာ အိန္ဒိယစစ်တပ်မှ အခြားဆိုင်ကယ်အဖွဲ့ Daredevils ၏ ၂ဝ၁ဝ ပြည့်နှစ်က ဆိုင်ကယ်တစ်စီးတည်းတွင် လူ ၅၆ ဦး တစ်ပြိုင်နက် စီးနင်းနိုင်ခဲ့သော လက်ရှိကမ္ဘာ့စံချိန်အား ချိုး ဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဟု သိရသည်။

 

Ref: newindianexpress.com

LEAVE A REPLY

Please enter your comment!
Please enter your name here