ဆိုင်ကယ်စီးသူကို ကာကွယ်ပေးသော Airbag ဂျာကင်စျေးကွက် ၂ဝ၁၇ မှ ၂ဝ၂၁ ခုနှစ်အတွင်း ၃ဝ ဒသမ ၄၈ ရာခိုင်နှုန်း တိုးတက်လာဖွယ်ရှိ

1037

ဆိုင်ကယ် မတော်တဆမှုဖြစ်ပါက စီးသူကို ဒဏ်ရာအနာတရ မဖြစ် စေရန် ကာကွယ်ပေးသော Airbag ဂျာကင် စျေးကွက်သည် ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်များအတွင်း ၃ဝ ဒသမ ၄၈ ရာခိုင်နှုန်း တိုးတက် လာဖွယ်ရှိကြောင်း စစ်တမ်းတစ်ရပ်မှ ဖော်ပြထားသည်ဟု Businesswire သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

 

ဂျာမနီနိုင်ငံအခြေစိုက် i Get Protecttive Systems သည် ဘေးအန္တရာယ်ကြုံပါက ခန္ဓာကိုယ်အား စက်ဝိုင်းပုံ လုံးဝန်းကာ ခုခံကာကွယ်တတ်သော ဖြူကောင်၏သဘာဝ ကိုမှီငြမ်းပြီး Airbag ဂျာကင်နည်းပညာကို စတင် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Airbag ဂျာကင် တွင် နိုက်ထရိုဂျင်လေအိတ် နှစ်ဆယ်ပါဝင်ပြီး မတော်တဆ ဖြစ်နိုင်မှုကို အာရုံခံကိရိယာများမှ ကြိုတင်ထောက်လှမ်းကာ မီလီစက္ကန့်ပိုင်းအတွင်း လေအိတ်များ ပွင့်စေသော ကြောင့် ဆိုင်ကယ်စီးသူ၏ ကိုယ်အထက်ပိုင်းရှိ အရိုးများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အကောင်းဆုံး ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

 

လက်ရှိအချိန် ကမ္ဘာတစ်ဝန်း၌ စွမ်းဆောင်ရည်မြင့် ဆိုင်ကယ်များကို ဝယ်လိုအား မြင့်တက်နေခြင်း၊ အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ဆိုင်ကယ်စီးသူများပြားလာခြင်း၊ လမ်းအနေအထားဆိုးရွားခြင်း စသည့်အချက်များကြောင့် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင် ဆိုင်ကယ်မတော်တဆဖြစ်နိုင်ခြေ မြင့်တက်နေရာ အကျိုးဆက် အနေဖြင့် စီးသူကိုလုံခြုံစိတ်ချစွာအကာအကွယ်ပေးနိုင်သော Airbag ဂျာကင်စျေးကွက် တိုးတက်လာလိမ့်မည်ဟု ကျွမ်းကျင်သူများက ကြိုတင်သုံးသပ်ထားသည်။ လတ်တလောတွင် ဆိုင်ကယ် Airbag ဂျာကင်ကို ထုတ်လုပ် ရောင်းချသည့်ကုမ္ပဏီအနည်းငယ်သာရှိပြီး စျေးနှုန်းမှာ ဝါယာကြိုးနှင့်ဆိုပါက အမေရိကန်ဒေါ်လာငါးရာနှင့် ဝါယာ ကြိုးမပါ(Wireless)ဆိုလျှင် အမေရိကန်ဒေါ်လာ ၁,၅ဝဝ ခန့်ပေးရသဖြင့် တန်ဖိုးနည်းဆိုင်ကယ်ဝယ်ယူ စီးနင်းသူများအတွက် Airbag ဂျာကင် ထပ်မံဝယ်ရန် အခက်အခဲ ဖြစ်နေသည်။ ထုတ်လုပ်သူများအနေဖြင့် Airbag ဂျာကင်စျေးနှုန်းကို လျှော့ချပေးပါက ၂ဝ၁၇ မှ ၂ဝ၂၁ ခုနှစ် အတွင်း Airbag ဂျာကင်ရောင်းအား ၃ဝ ဒသမ ၄၈ ရာခိုင်နှုန်း တိုးတက်လာဖွယ်ရှိကြောင်း စစ်တမ်းထဲတွင် သုံးသပ်ဖော်ပြထားသည်။

Ref: Businesswire.com

LEAVE A REPLY

Please enter your comment!
Please enter your name here