ဆိုင်ကယ်စီးရာတွင် ဦးထုပ်မဆောင်းခြင်းက ဦးထုပ်ဆောင်းခြင်းထက် လည်ပင်းဒဏ်ရာရရန် ဖြစ်နိုင်ခြေနှစ်ဆပိုများကြောင်း လေ့လာတွေ့ရှိ

555

ဆိုင်ကယ်စီးသူများအနေဖြင့် မတော်တဆ ထိခိုက်မှုဖြစ်ရာတွင် ဦးထုပ်မဆောင်းပါက ဦးထုပ်ဆောင်းထားခြင်းထက် လည်ပင်းဒဏ်ရာရရန် ဖြစ်နိုင်ခြေနှစ်ဆ ပိုများကြောင်း Wisconsin တက္ကသိုလ်၏လေ့လာချက်က ဖော်ပြနေသည် ဟု မတ် ၁၈ ရက်တွင် fox6now သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသွားသည်။

Wisconsin တက္ကသိုလ် သည် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း ဆိုင်ကယ်မတော်တဆမှုကြောင့် ဒဏ်ရာရသူဦးရေ တစ်ထောင်ကျော်ကို လေ့လာခဲ့ရာ ၇ဝ ရာခိုင်နှုန်းခန့်မှာ ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါဒဏ်ရာရသူများအနက် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးသူ ၁၅ရာခိုင်နှုန်း ကျော်မှာ လည်ပင်းဒဏ်ရာရပြီး ထိုအထဲတွင် ကျောရိုးဒဏ်ရာရသူ ၁၁ ရာခိုင်နှုန်းခန့်လည်း ပါဝင်နေသည်။ ဦးထုပ်ဆောင်းပြီး ဆိုင်ကယ်စီးသူများတွင်မူ လည်ပင်းဒဏ်ရာရသူမှာ ၇ ရာခိုင်နှုန်းကျော်သာ ရှိခဲ့သည်။

Wisconsin တက္ကသိုလ် ဆေးပညာရပ်ဌာနမှ အာရုံကြောခွဲစိတ်မှု တွဲဖက်ပရော်ဖက်ဆာဖြစ်ပြီး လေ့လာတွေ့ရှိချက်အား ထုတ်ဖော်ရေးသားခဲ့သော Nathanial Brooks က ဆိုင်ကယ်ဦးထုပ်သည် စီးသူအား လည်ပင်းဒဏ်ရာရခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း ထုတ်ဖော်ပြောကြားသွားသည်။ ဆိုင်ကယ်ဦးထုပ်သည် လည်ပင်းဒဏ်ရာရခြင်းမှ ကာကွယ်ပေးကြောင်းကို ၁၉၈၆ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်များအတွင်း ဓာတ်ခွဲခန်း လေ့လာသုတေသနပြုချက်များအရ တွေ့ရှိခဲ့သလို လက်တွေ့တွင်လည်း အမှန်တကယ်ကာကွယ်ပေးကြောင်း Dr.Brooks က ဆိုသည်။

အသက် ၁၇ နှစ်နှင့်အောက် ဆိုင်ကယ်စီးသူများသာ မဖြစ်မနေ ဦးထုပ်ဆောင်းရန် ဥပဒေပြဌာန်းထားသည့် Wisconsin ပြည်နယ်တွင် အရွယ်ရောက်ပြီးသူများအနေဖြင့် မိမိတို့ကိုယ်ပိုင်သဘောအရသာဆုံးဖြတ်သင့်ကာ ဆိုင်ကယ်စီးတိုင်း ဦးထုပ်ဆောင်းရန်မလိုကြောင်း ဆိုင်ကယ်စီးသူများ အခွင့်အရေးကာကွယ်ရေးအဖွဲ့က ကန့်ကွက်ထားသည်။

Ref : fox6now.com

LEAVE A REPLY

Please enter your comment!
Please enter your name here