ဆယ်စုနှစ်နှစ်စု အရေးပါခဲ့သော ဟိုင်မွန်လ်ဂျစ်ကားတို့ ဇာတ်သိမ်းချိန်နီးပြီလား

719

”အခု ချင်းတောင်ပေါ်ကုန်စည်ပို့နေတဲ့ ယာဉ်လိုင်းတွေ အကုန်လုံး ခြောက်ဘီးကားနဲ့ ၁ဝ ဘီးကားတွေ ပြောင်းသုံးကုန်ကြပြီ၊ ချင်းတောင်ပေါ်မှာက လမ်းပန်းဆက်သွယ်ရေးကောင်းလာတော့ တန်ဆာခ စျေးကျတဲ့အချိန်မှာ ကားတစ်စီးတည်းနဲ့ ကုန်ပစ္စည်းကို များများတင်ချင်ကြတယ်၊ ဟိုင်မွန်လ်ဂျစ်ကားက ကုန်တင်နိုင်မှုဝန်က နည်းတော့ အခု ဟိုင်မွန်လ်ဂျစ်ကားသုံးတဲ့ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်း တော်တော်နည်းသွားပြီ”ဟု ကလေး-ရိဒ် ကုန်စည်ပို့ဆောင်ရေး ပြေးဆွဲနေသော ‘ပန်းချယ်ရီယာဉ်လိုင်း’ပိုင်ရှင် ကိုအောင်ကျော်စိုးက ဆိုလာသည်။

မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်ဟု သတ်မှတ်ခြင်းခံရသော ချင်းပြည်နယ်၌ ယခုအစိုးရသစ်လက်ထက်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ဆယ်စုနှစ်နှစ်စုခန့် အသုံးပြုလာသော ဟိုင်မွန်လ်ဂျစ်ကားများလည်း ယခု ၂ဝ၁၈ ခုနှစ်ထဲတွင် ပျောက်ကွယ်စပြုလာသည်။ ယင်းသို့ တဖြည်းဖြည်း မှေးမှိန်စပြုလာသော အကြောင်းရင်းတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုကြောင့် ကုန်စည်ပိုတင်နိုင်သော ခြောက်ဘီး၊ ၁၂ ဘီးကားကြီးများ အသုံးတွင်ကျယ်လာမှုက အဓိကဖြစ်သည်။

ချင်းတောင်ပေါ်တွင် လမ်းများကောင်းမွန်လာမှုအပြင် ဟိုင်မွန်လ်ဂျစ်ကားတစ်စီး ကုန်တန်ချိန် ၁,၈ဝဝ သာ တင်ဆောင်နိုင်ချိန်၌ ခြောက်ဘီးကားတစ်စီးမှာ ကုန်ချိန် ၇,၅ဝဝ ခန့်တင်ဆောင်နိုင်ပြီး ၁ဝ ဘီးကားတစ်စီးလျှင် ကုန်တန်ချိန် တစ်သောင်းနီးပါး တင်ဆောင်နိုင်သောကြောင့် ပွင့်လင်းရာသီတွင် ဟိုင်မွန်လ်ဂျစ်ကားများကို အသုံးပြုမှုနည်းပါးလာခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ကလေး-တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်မှုပြုလုပ်သည့် ယာဉ်လိုင်းများပြားချိန် ကုန်တန်ဆာခ ကျဆင်းမှုကလည်း ကုန်တန်ချိန်များများတင်ဆောင်နိုင်သော ခြောက်ဘီးနှင့် ၁ဝ ဘီးကားများသာ အသုံးပြုရန် တွန်းအားဖြစ်နေကြောင်း ချင်းတောင်တက်ယာဉ်လိုင်းများမှ သိရသည်။

”ခြောက်ဘီးကားတစ်စီးရဲ့ တင်ဆောင်နိုင်တဲ့ ကုန်တန်ချိန်က ဟိုင်မွန်လ်ဂျစ် လေးစီးစာလောက်ဖြစ်နေတော့ တစ်ခေါက်တည်းနဲ့ ကုန်များများဆံ့မယ့် ကားကိုပဲ အသုံးပြုကြတော့တာ၊ ဒါ့ပြင် ဒီနှစ်ထဲဆို ယာဉ်လိုင်းတွေကလည်းများတော့ တန်ဆာခက အရင်လောက်မရတော့ဘူး၊ အရင်က ကွမ်းသီးတစ်ပိဿာ ရှစ်ဆယ်ကျပ်လောက်ကနေ အခု ၆၅ ကျပ် လောက်ပဲရှိတယ်၊ တခြားကုန်စည်တွေလည်း အရင် ၁၆ဝ လောက် စျေးပေါက်တာကနေ ဒီနှစ်ထဲ ၁၂ဝ၊ ၁၃ဝ လောက်ပဲ စျေးပေါက်တယ်၊ ဒီတော့ ကုန်သည်တွေ၊ ယာဉ်လိုင်းတွေအတွက် တွက်ခြေမကိုက်တော့ဘူး၊ ဒီလိုအခြေအနေသာ ဆက်သွားမယ်ဆိုရင် ဟိုင်မွန်လ်ဂျစ်က ကြာလေ အသုံးပြုမှု နည်းလာလေဖြစ်မယ်၊ အခုတောင် ကုန်စည်ပို့ယာဉ်လိုင်းတွေရဲ့ ၈ဝ ရာခိုင်နှုန်းက အခုပွင့်လင်းရာသီမှာ ဟိုင်မွန်လ်ဂျစ်ကား မသုံးကြတော့ဘူး”ဟု ပန်းချယ်ရီ ကုန်စည်ပို့ဆောင်ရေးဂိတ်ပိုင်ရှင် ကိုအောင်ကျော်စိုးက ဆိုလာပြန်သည်။

နည်းပညာကဲ့သို့ ခေတ်ကာလအခြေအနေအလျောက် ချင်းပြည် နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုအပေါ် အသုံးပြုသည့်ကားများ ပြောင်းလဲသွားခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးဂိတ်များအတွက် အခက်အခဲမရှိသော်လည်း ကလေးစက်မှုဇုန်လုပ်ငန်းရှင်များ အတွက်မူ များစွာအကြပ်တွေ့လာသည်။ လွန်ခဲ့သည့် ၂ဝဝဝ ပြည့်နှစ် မတိုင်မီကတည်းက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ထိုင်း၊ အိန္ဒိယ၊ တရုတ် စသော စက်ပစ္စည်းများပေါင်းစပ်ကာ အိမ်တွင်းစက်မှုလုပ်ငန်းအဖြစ် ချင်း တောင်တက် ဟိုင်မွန်လ်ဂျစ်ကားများ ထုတ်လုပ်လာခဲ့သော ကလေးစက်မှုဇုန်မှာ ယခု ၂ဝ၁၈ ခုနှစ်ထဲတွင် ကားထုတ်လုပ်သူ မရှိသလောက်ဖြစ်ခဲ့ရုံမက ပျောက်ကွယ်စပြုလာသည့်အပေါ်  ကလေးစက်မှုဇုန်မှ ကားထုတ်လုပ်သူတိုင်း ညည်းတွားပြောဆိုလာကြသည်။

တစ်ချိန်က မြန်မာတစ်နိုင်ငံလုံး စက်မှုဇုန်ထုတ်ကားများအနက် တောင်တက်ဆွဲအားရုန်းအားအကောင်းဆုံးအဖြစ် ပထမတန်းနေရာမှ မှတ်တမ်းဝင်ခဲ့သည့် ဟိုင်မွန်လ်ဂျစ်ကားများမှာ ယနေ့အချိန်တွင် ချင်းပြည်နယ်မှအပ ကျန်ဒေသများတွင် အတွေ့ရ နည်းလာခဲ့ပြီဖြစ်သည်။ ချင်းပြည်နယ် တီးတိန်နှင့် ရိဒ်နယ်စပ်အကြား ဟိုင်မွန်လ်ရွာကို အခြေပြု၍ လုပ်ငန်းသုံးဂျစ်ကားများကို ဟိုင်မွန်လ်ဂျစ်အဖြစ် အမည်နာမ မှည့်ခေါ်ခဲ့ကြသည်မှာ နှစ် နှစ်ဆယ်ကျော်လာပြီဖြစ်သည်။ ယခု ၂ဝ၁၈ ခုနှစ်တွင်မူ ”အခု ကလေးစက်မှုဇုန်မှာ ဟိုင်မွန်လ်ဂျစ်ကားတွေရောင်းဖို့ ထုတ်နေတဲ့သူနှစ်ဦးလောက်ပဲ ကျန်တော့တယ်၊ အများစုက မှာထားမှပဲ ထုတ်ပေးကြတော့တယ်”ဟု ‘မင်းမဟာကားထုတ်လုပ်ရေး’၏ လုပ်ငန်းရှင် ဦးစိုးသန်းက ပြောသည်။

ပြီးခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှအစပြု၍ ကားတင်သွင်းခွင့်အခွန်နှုန်းထားများ လျှော့ပေးမှုအပြင် ပြည်ပမှကားကုမ္ပဏီများစွာပါ ဝင်ရောက်ခွင့်ပေးလာမှုက စက်မှုဇုန်ထုတ်ကားများအတွက် ဆုတ်ယုတ်မှု ဖြစ်စေသော်လည်း ပြည်သူပြည်သားများအတွက် ဂျပန် တစ်ပတ်ရစ်ကားများ စီးခွင့်ရလာသည်။ ချင်းတောင်ပေါ်နှင့် ကလေးမြို့ နယ်အတွင်းရှိ ကျေးလက်ဒေသများတွင်လည်း ယခင်က ကလေးစက်မှုဇုန်ထုတ် ဟိုင်မွန်လ်ဂျစ်ကားများသာ အသုံးပြုမှုရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်မှစ၍ တရုတ်နိုင်ငံထုတ် SKAT ၊ Forland စသော လုပ်ငန်းသုံးယာဉ်များနှင့် ကိုရီးယားကားများ၊ ဂျပန်လုပ်ငန်းသုံးကားများ အစားထိုးဝင်ရောက်လာသည်။ ထို့ပြင် အိမ်စီးကားများအဖြစ် ခုနစ်ယောက်စီး၊ ငါးယောက်စီး အသုံးပြုခဲ့သော အိမ်စီး ဂျစ်ကားများနေရာတွင်လည်း ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ် အန်စာတုံးနှင့် Express ကားများ၊ Pajero ယာဉ်လိုင်းများက အဲကွန်းမပါ၊ အကာမလုံ၊ တဒုံးဒုံးဖြင့် ငြိမ့်ညောင်းမှုမရှိသော ဂျစ်ကားများနေရာတွင်ပါ အစားထိုးလာကြသည်။

ယခု NLD ပါတီ ဦးဆောင်သောအစိုးရသစ်လက်ထက်တွင် ချင်းတောင်ပေါ်ရှိ လမ်းများကို ပေ ခြောက်ဆယ်အကျယ် လမ်းများအဖြစ် ကတ္တရာခင်း၍ အဆင့်မြှင့်တင်မှုကလည်း ဟိုင်မွန်လ်ဂျစ်ကားများ အသုံးပြုမှု လျော့နည်းစေကြောင်း၊ သို့သော် မိမိဒေသ ဖွံ့ဖြိုးရေးဖြစ်ခြင်းကြောင့် ကားထုတ်လုပ်ရေးထက် အခြားလုပ်ငန်းများကို ပြောင်းရွှေ့လုပ်ကိုင်၍ရကြောင်း ကားထုတ်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။

”အခု ကားထုတ်လုပ်တဲ့သူတွေက မီးတိုင် ကွန်ကရစ်လုပ်ငန်းတွေ ရေတွင်းခွေလုပ်ငန်း၊ သံဆန်ခါလုပ်ငန်း၊မြေသြဇာလုပ်ငန်း၊ အောက်ဆီဂျင် သန့်စင်ထုတ်လုပ်မှု လုပ်ငန်း စတာတွေကို ပြောင်းလုပ်လာကြတယ်၊  တချို့ကလည်း ကားဝပ်ရှော့လုပ်ငန်းပေါ့၊ ချင်းတောင်ပေါ်မှာက ဒီနှစ်ထဲဆို လမ်းတွေကောင်းလာပြီ၊ လမ်းကောင်းတော့ ဟိုင်မွန်လ်ဂျစ်ကား မသုံးကြတော့ဘူး၊ ဟိုင်မွန်လ်ဂျစ်ကား အသုံးနည်းလေ၊ အဝယ်နည်းလေ ကားထုတ်လုပ်တဲ့သူတွေ တခြားလုပ်ငန်းရောက်ကုန်လေပဲ”ဟု ကလေး စက်မှုဇုန်မှ တစ်ပိုင်တစ်နိုင် ကားထုတ်လုပ်ရေးလုပ်ငန်းရှင် ကိုကျော်မိုးက ဆိုသည်။

ယခင်က ကလေးစက်မှုဇုန်ထုတ် ဟိုင်မွန်လ်ဂျစ်ကားများကို အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်မှုပြုလုပ်သည့် ယာဉ်လိုင်းများနှင့် ရေနံမှော်များ၊ အထက်ချင်းတွင်းဒေသဘက်နှင့် ချင်းပြည်နယ်မှ အဓိကဝယ်ယူကြသော်လည်း ယခုအခါ ချင်းတောင်ပေါ်ရှိ ကျေးရွာများနှင့် ထန်တလန်၊ မင်းတပ်ဘက်မှသာ ဝယ်ယူမှုကျန်ရှိတော့ပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပါက ငါးနှစ်အတွင်း ပျောက်ကွယ်လာနိုင်ကြောင်း ကားထုတ်လုပ်ရေး လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။ သို့သော် စက်မှုဇုန်ထုတ်ကား လုံးဝမမြင်ရသည်အထိ ပျောက်ကွယ်သွားဦးမည် မဟုတ်ဟုလည်း ဆိုကြပြန်သည်။

”ချင်းတောင်ပေါ်မှာလည်း လမ်းတွေ အဆင့်မြှင့်တင်နေတယ်ဆိုပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာတွေ အများကြီးကျန်နေသေးတယ်၊ ချင်းပြည်နယ်တစ်ခုလုံး လမ်းပန်းဆက်သွယ်ရေး လုံးဝကောင်းမွန်သွားမှပဲ စက်မှုဇုန်ထုတ်ကားတွေ ပျောက်ကွယ်သွားမယ်၊ ဒါပေမဲ့ ဒီပုံစံအတိုင်း လမ်းတွေ အဆင့်မြှင့်နေတာနဲ့ဆိုရင်တော့ နောက်နှစ်တွေရောက်လေ ဇုန်ကားအတွေ့ရနည်းလေ ဖြစ်လာမယ်၊ လုံးဝ ဇုန်ကားမတွေ့ရ မမြင်ရတော့တဲ့အထိတော့ ဖြစ်မှာမဟုတ်သေးဘူး”ဟု ကိုကျော်မိုးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံထားရမှုမှ လွတ်မြောက်မှသာ ယခု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇာတိမြေ ချင်းပြည်နယ်တွင် အသုံးတွင်ကျယ်သည့် ဟိုင်မွန်လ်ဂျစ်ကားများလည်း ပျောက်ကွယ်သွားမည်ဟု သုံးသပ်မှုလည်းရှိပြန်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ ဒုတိယလမ်းကြောင်း ဖြစ်သော ကလေး-တီးတိန်-ရိဒ်လမ်း၏ ဆိုးရွားမှုမှာ နာမည်ကြီးလှသောကြောင့် ကလေးစက်မှုဇုန်၏ ဟိုင်မွန်လ်ဂျစ်ကားထုတ်လုပ်မှုလည်း အောင်မြင်နေရာ ယခုပွင့်လင်းရာသီ၌ ဟိုင်မွန်လ်ဂျစ်ကားအသုံးပြု၍ပင်ကုန်သွယ်မှုမရှိကြတော့ပေ။ သို့သော် ချင်းတောင်၏ မိုးများလျှင်မိုးရေနှင့်အတူ ပျော့အိတတ်သော သက်နုမြေသားများကြောင့် မိုးတွင်းကာလတွင်တော့ အသုံးတည့်နေဦးမည်ဖြစ်သည်။

”ချင်းတောင်ပေါ်မှာက လမ်းဘယ်လောက်ကျယ်ကျယ် မိုးရွာတာနဲ့ လမ်းပျက်ပြီး မြေပြိုတတ်တော့ မိုးတွင်းဆို ခြောက်ဘီးကား၊ ၁ဝ ဘီးကားတွေ သွားလို့မရဘူး၊ ဟိုင်မွန်လ်ဂျစ်ကား တစ်မျိုးတည်းပဲသွားလို့ရတယ်၊ ပြီးတော့ အခုသုံးနေတဲ့ SKAT ကား၊ Forland ကားတွေဆိုတာက ကုန်တန်ချိန်များများသာ နိုင်တာ ရွှံ့ဗွက်ရုန်းအားမှာကျတော့ ဟိုင်မွန်လ်ဂျစ်ကားလောက် မရုန်းနိုင်တော့ မိုးတွင်းဆို ဟိုင်မွန်လ်ဂျစ်ကားတွေနဲ့ပဲ နယ်စပ်ကုန်သွယ်မှု လုပ်ရတယ်၊ ရာသီဥတုဖောက်ပြန်ပြီး မိုးများနေသရွေ့၊ လမ်းတော်တော်များများမှာ မြေထိန်းနံရံတွေမလုပ်နိုင်သရွေ့ ဟိုင်မွန်လ်ဂျစ်ကားကို သုံးနေကြမှာပဲ၊ ဒါပေမဲ့ မိုးမရွာတဲ့ကာလတွေဆိုရင်တော့ ဟိုင်မွန်လ်ဂျစ်ကား သုံးကြမှာမဟုတ်ဘူး”ဟု ကလေး-တီးတိန်-ရိဒ် ပြေးဆွဲနေသော ကုန်စည်ပို့ဆောင်ရေး ဂိတ်မှူးတစ်ဦးက ဆိုသည်။

နည်းပညာမပါသည့်ကား၊ ဗာဒံပင်အောက်တွင် ထုရိုက်နှက်ကာ ထုတ်လုပ်သောကားဟု ဝေဖန်မှုများရှိခဲ့သော်လည်း ကလေးစက်မှုဇုန်ထုတ် ဟိုင်မွန်လ်ဂျစ်များမှာမူ ချင်းပြည်နယ်၊ အထက်ချင်းတွင်းဒေသများအတွက် နှစ် နှစ်ဆယ်ခန့် အရေးပါအရာရောက်ခဲ့သော ကားများအဖြစ် မလွဲမသွေ မှတ်တမ်းတင်ရမည် ဖြစ်သည်။

ယင်းနည်းတူ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးက@တွင် အထူးအရေးပါခဲ့သော ဟိုင်မွန်လ်ဂျစ်ကားများမှာ အစိုးရသစ်၏ ကားမူဝါဒ ပေါ်လစီများပြောင်းလဲမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုနှင့်အတူ နေဝင်ချိန် (သို့) ပျောက်ကွယ်စ ပြုလာတော့မည့်အပေါ်လည်း မလွဲမသွေ လက်ခံကြရတော့မည် ဖြစ်သည်။ မသေသည့် လူ၊ မပျက်စီးသည့် စက်ပစ္စည်း မရှိသကဲ့သို့ နှစ် နှစ်ဆယ်ခန့် အရေးပါခဲ့သော ဟိုင်မွန်လ်ဂျစ်ကားများမှာလည်း ယခု ၂ဝ၁၈ ခုနှစ်ထဲတွင် နေဝင်ချိန်နီးကပ်လာရာ နောင်ငါးနှစ်အထိ အသုံးဝင်မှုရှိမရှိကိုမူ စောင့်ကြည့်ရပေဦးတော့မည်။

ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here