၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ် ချက်များ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကားစျေးများ မိုင်ကုန်မြင့်တက်သွား သော်လည်း တက်စျေးဖြင့် အရောင်းအဝယ် အဖြစ်နည်းနေသည့်အတွက် အရောင်းအဝယ်မှာ အေးစက်နေသည်။ စျေးကွက်အတွင်း ရန်ကုန်လိုင်စင်ဖြင့် အသစ်တင်သွင်းထားသည့် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကားများမှာလည်း စျေးများ မိုင်ကုန်မြင့်တက်နေသလို ကားအရောင်းစင်တာများတွင် ရှိသော Honda Fit GK3 ၊ Honda Fit Shuttle စသည့် ကားများကိုလည်း ကျပ်သိန်းသုံးရာဝန်းကျင်အထိ ခေါ်ရောင်းနေကြသဖြင့် ပြည်တွင်း၌ CKD ၊ SKD စနစ်ဖြင့် ထုတ်လုပ်သော ရန်ကုန်လိုင်စင်အမည်ပေါက် Suzuki Ciaz ၊ Suzuki Ertiga နှင့် Nissan Sunny စသည့် ကားများအပေါ် အာရုံစိုက်လာကြကြောင်း သိရသည်။
”ကားစျေးတွေက တက်စျေးတွေနဲ့ အမြင့်မှာ ငြိမ်နေပါတယ်၊ ညာမောင်းကားတွေရဲ့ စျေးက မိုင်ကုန်မြင့်တက်နေတဲ့အချိန်မှာ သိန်းနှစ်ရာနဲ့ သိန်းသုံးရာကြား သုံးချင်တဲ့သူတွေက အရစ်ကျရောင်းချပေးတဲ့ Suzuki Ciaz ၊ Suzuki Ertiga နဲ့ Nissan Sunny တို့ဘက်ကို စိတ်ဝင်စားမှုရှိလာတယ်၊ ညာမောင်းကားဝယ်မယ်ဆိုရင် စျေးများနေတဲ့အပြင် လက်ငင်း ငွေချေရတော့ အရစ်ကျရောင်းတဲ့ Suzuki နဲ့ Nissan တို့ဘက်ကို ဦး တည်သွားတယ်၊ တခြားကားတွေလည်း သူ့ဟာနဲ့ သူရောင်းနေရပေမဲ့ စျေးကွက်အကောင်းကြီးမဟုတ်ဘူး၊ နယ်အဝယ်တွေလည်း ဆင်းပေမဲ့ အရင်နှစ်တွေကလောက် မရောင်းရဘူး၊ ပါမစ်လျှောက်ရမယ့် ရက်ကလည်း ကျန်နေသေးတဲ့အတွက် စလစ်စျေးကတော့ ဒီရက်ပိုင်းမှာ ကျဆင်း ဖို့တော့မရှိဘူး၊ ပါမစ်သက်တမ်းတိုးပေးလိုက်တဲ့အချိန်မှာတော့ အရမ်း အဝယ်လိုက်နေတဲ့ အခြေအနေကတော့ တန့်သွားတယ်၊ ဒီရက်ပိုင်းမှာ ကားစျေးအတက်၊ အကျတော့ ပြောင်းလဲမှုမရှိပေမဲ့ ကားစျေးကတော့ ဒီထက်ကျဖို့ မရှိလောက်ဘူး”ဟု ‘ RIXS Group မန်နေဂျင်း ဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။
လာမည့်နှစ်မှစ၍ ၂ဝ၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းရတော့မည်ဖြစ်ရာ ကိုရီးယား၊ တရုတ်ကားများကို တင်သွင်းမည့်လိုင်း၊ ဥရောပထုတ် ဘယ်မောင်းကားများကို တင်သွင်းမည့်လိုင်း၊ ဒူဘိုင်းကဲ့သို့ ဘယ်မောင်းအသုံးပြုသည့် အာရှနိုင်ငံများမှ ဂျပန်ဘယ်မောင်းကားများကို တစ်ဆင့်ပြန်လည်တင်သွင်းမည့်လိုင်း အစရှိသဖြင့် တင်သွင်းမည့် ပုံစံအမျိုးမျိုးပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ပြင် စျေးကွက်အတွင်း၌လည်း အသစ်ဝင်ရောက်လာမည့် ဘယ်မောင်းကားစျေးကွက်နှင့် ရောက်ရှိပြီး ညာမောင်းကားစျေးကွက်ဟူ၍ စျေးကွက်နှစ်မျိုး ကွဲပြားသွားမည် ဖြစ်သည်။
”၂ဝ၁၈ ခုနှစ်မှာ ၂ဝ၁၄ မိုဒယ်ကစပြီး တင်သွင်းရမယ့်အပြင် ဘယ်မောင်းတစ်မျိုးတည်းသွင်းရမှာဖြစ်တဲ့အတွက် ကားရှားပြီး ဝယ်စျေးလည်း များသွားမှာဖြစ်ပါတယ်၊ ကားဟောင်းတွေရဲ့စျေးကအသစ်နားကို ကပ်လာတဲ့အတွက် လူတွေကလည်း Brand New တွေဘက်ကို လှည့်လာကြတယ်၊ ညာမောင်းကားတွေက စျေးတွေလည်း တက်နေတယ်၊ တင်သွင်းလို့ရနေတဲ့ အချိန်မှာတောင် Brand New ဘက်ကို စိတ်ဝင်စားလာတာ တွေ့ရတယ်၊ အရင်လို ညာမောင်းတွေကို အရမ်းသွင်းပြီး အရမ်းလိုက်ဝယ်တဲ့ အနေအထားတော့ မရှိတော့ဘူး၊ ဘယ်မောင်းကားတွေဆိုရင်လည်း အခုအချိန်မှာ စျေးကွက်ဝေစု ကောင်းလာတာကို တွေ့ရတယ်၊ မြန်မာနိုင်ငံမှာလည်း ညာမောင်းကြိုက်တဲ့သူတွေလည်း ရှိနေသေးတဲ့အတွက် ညာမောင်းကားစျေးကွက်ကတော့ ဆက်ပြီးရှိနေဦးမှာပါ”ဟု ‘စွယ်တော်ရွက်ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုမျိုးဇင်ဝင်းက ဆိုသည်။
အပြင်ဝယ်လက်များကလည်း တက်စျေးအတိုင်းမပေးဘဲ ယခင်ပေါက် စျေးဖြင့်သာ စျေးဆစ်ပြီး ဝယ်ယူကြသဖြင့် စျေးတန်းစုံစမ်းရုံသာဖြစ်ပြီး လက်တွေ့အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။ ဝယ်/ရောင်းများကလည်း လက်ထဲတွင်ရှိသော ကားကို စျေးလျှော့ပြီး ရောင်းပါက နောက်တစ်စီးပြန်ရှာရာတွင် တက်စျေးဖြင့် ဝယ်ရမည်ဖြစ်သောကြောင့် ကြိုက်စျေးမရလျှင် မရောင်းဘဲ တင်းခံနေကြသည့်အတွက် အရောင်းအဝယ်အဖြစ် နည်းသွားခြင်းဖြစ်ကြောင်း ကားဝယ်/ရောင်းများက ဆိုသည်။
”ကားအရောင်းအဝယ် အေးတယ်ဆိုတာက စျေးတန်းတစ်ခုမှာမြင့် ပြီး အေးနေတာ၊ ငွေလှည့်ချင်တဲ့သူလောက်ပဲ နည်းနည်းပါးပါး ချရောင်း တာပဲရှိတယ်၊ စျေးတွေက ဒီထက်ထပ်တက်ဖို့တော့ မရှိတော့ဘူး၊ အခု တက်သွားတဲ့စျေးက မိုင်ကုန်ပဲ၊ ကားစျေးကွက်တစ်ခုလို့တောင် ပြောလို့မရဘဲ ကြိုက်ရောင်းကြိုက်ဝယ်လို့ ပြောလို့ရတယ်၊ စျေးထပ်တက်ရင်လည်း ၁၃ဝဝ စီစီကားလေးတွေပဲ စျေးတက်နိုင်တယ်၊ ကျန်တဲ့ကားတွေကတော့ ထပ်တက်ဖို့မရှိလောက်ဘူး၊ ၁၃ဝဝ စီစီကားတွေကျတော့ Invoice အတိုင်း ကောက်ခံမှာဖြစ်တဲ့အတွက် စျေးအနည်းငယ် တက်သွားနိုင်ပါတယ်၊ စလစ် ဝယ်တဲ့သူကလည်း ထင်ထားသလောက်တက်မလာပေမဲ့ စျေးက ကျလား ဆိုတော့လည်း မကျဘူး၊ နောက်နှစ်ဆိုရင် စလစ်ကပ်ပြီး တင်သွင်းစရာ ကားနည်းသွားမှာဖြစ်တဲ့အတွက် စလစ်စျေးက ချက်ချင်းကြီး ကျဆင်းသွားမှာတော့ မဟုတ်ဘူး၊ တဖြည်းဖြည်းနဲ့ ကျပ်သိန်းတစ်ရာဝန်းကျင်အထိ ကျဆင်းသွားနိုင်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုချမ်းငြိမ်းဦးက ဆိုသည်။
တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားခြင်းကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထား ခွင့်ပြုပေးထားရာ အဆိုပါရက်မတိုင်မီအတွင်း စလစ်စျေးများ မြင့်တက်နေသော်လည်း ယင်းရက်နောက်ပိုင်းတွင် စလစ်စျေများ ပြန်လည်ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။