စွမ်းအင်နှင့် လှပမှုကို အကောင်းဆုံးပေါင်းစပ်ထားတဲ့ ၂၀၁၉ မိုဒယ် Jaguar F-Type R-Dynamic Coupe ဆိုတာ . . .

1408

 

Jaguar E-Type ပြိုင်ကားရဲ့ ဆက်ခံသူ ကားမိုဒယ်ဖြစ်တဲ့ တံခါးနှစ်ပေါက်နဲ့ နှစ်ယောက်စီးပြိုင်ကား Jaguar F-Type ကို ၂ဝ၁၃ ခုနှစ်ကတည်းက စတင် ထုတ်လုပ်ခဲ့ပြီး F-Type ကို အမျိုးမျိုးအဖုံဖုံ ထုတ်လုပ်လာတဲ့ Jaguar ဟာ ၂ဝ၁၉ မိုဒယ်မှာ​တော့ အသစ်မွမ်းမံ ဖန်တီးပြီး ထုတ်လုပ်လိုက်ပါတယ်။ နည်းပညာကို အဓိကမွမ်းမံထားတဲ့ ၂ဝ၁၉ မိုဒယ် F-Type ရဲ့ ကိုယ်ထည်ကိုလည်း သူ့လို့အတန်းအစားကားတွေထဲမှာ ထိပ်တန်းလို့ဆိုရမယ့် ဒီဇိုင်းမျိုးဖန်တီးခဲ့တာပါ။ Jagaur XK မိုဒယ်ရဲ့ ပလက်ဖောင်းပေါ်မှာပဲ အရင်မိုဒယ်တွေကို အခြေခံတည်ဆောက်ထားတာဖြစ်ပေမဲ့ ဒီဇိုင်းအပြင် အဆင်သစ်တွေနဲ့ ထပ်တိုးမွမ်းမံထားပါတယ်။ အမိုးဖွင့် Convertible ကိုယ်ထည်ပုံစံကိုရော Coupe ကိုယ်ထည်ပုံစံကိုပါ ရရှိနိုင်တဲ့ 2019 F-Type မိုဒယ်ရဲ့ Coupe ဗားရှင်းမှာလည်း အရင်လို အခြေခံမိုဒယ် F-Type ၊ R-Dynamic Coupe ၊ R Coupe နဲ့ SVR Coupe ဆိုပြီး ခွဲခြားထုတ်လုပ်ခဲ့ပါတယ်။

တံခါးနှစ်ပေါက်နဲ့ ပြိုင်ကား F-Type ရဲ့ စွမ်းအားပြည့်ဝဟန်ပေါက်တဲ့ ကိုယ်ထည်သွင်ပြင်နဲ့ လှပသက်ဝင်တဲ့ ကိုယ်ထည်အချိုးအစားအပြင် လေစီးဆင်းမှုကောင်းပြီး လေခွင်းအားတိုးတက်အောင် ဖန်တီး တည်ဆောက်ထားတာကြောင့် ကားအမြန်မောင်းနေချိန်မှာတောင် ကားကို လုံးဝ တည်ငြိမ်နေစေပါတယ်။ ဒါ့ပြင် F-Type ဟာ စွမ်းအင်နဲ့ အလှအပကို အကောင်းဆုံးပေါင်းစပ်ထားတဲ့ဒီဇိုင်းမျိုး ပိုင်ဆိုင်ထားတဲ့ ပြိုင်ကားတစ်စီးဖြစ်ပြီး ထင်ရှားပေါ်လွင်တဲ့ ကိုယ်ထည်အချိုးအစားနဲ့ ပင်ကိုလှပတဲ့ အကွေ့အဝိုက်ကောက်ကြောင်းတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ ထူးခြားထင်ရှားတဲ့ ကိုယ်ထည်ဒီဇိုင်း၊ အရွယ်အစားပိုကြီးတဲ့ အလွိုင်းဘီးတွေနဲ့ Switchable Active Exhaust လို အိပ်ဇောနည်းပညာက စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အပြင်အဆင်တွေပါပဲ။ J ဘလိတ်သွား ပုံစံ LED နေ့လင်း မီး(Daytime Running Light) တွေပါဝင်တဲ့ LED ကားရှေ့မီးတွေက ကားကို ညအချိန်မှာတောင် ထင်ရှားပေါ်လွင်နေစေမှာပါ။ ကားဘေးဘက်က ကြီးမားတဲ့ ကားဘီးခုံးတွေအောက်မှာ ၁၈ လက်မကနေ လက်မနှစ်ဆယ် အရွယ်ရှိတဲ့ ကားဘီးတွေကို ရွေးချယ်တပ်ဆင်နိုင်ပါတယ်။ စစ်မှန်တဲ့ Coupe ကိုယ်ထည်ပုံစံတစ်ခုအနေနဲ့ F-Type Coupe ရဲ့ အလူမီနီယမ်သား ကားခေါင်မိုးဟာ ကားကိုယ်ထည်ရဲ့ ကျန်အစိတ်အပိုင်းတွေလို ပေါ့ပါးကြံ့ခိုင်နေပါတယ်။ ဒါ့ပြင် အဲဒီအလူမီနီယမ်သား ခေါင်မိုးဟာ F-Type ကို အရှင်းလင်းအပေါ်လွင်ဆုံး ပြိုင်ကားပုံစံ ဖြစ်ပေါ်စေပါတယ်။ R-Dynamic မိုဒယ်ရဲ့ ထူးခြားကွဲပြားချက်က စွမ်းအား ပြည့်ဝပြီး ထူးခြားထင်ရှားတဲ့ ကိုယ်ထည်ဒီဇိုင်းမှာ F-Type Coupe ရဲ့ ယုံကြည်မှုရှိတဲ့ ဟန်ပန်ကို ထပ်တိုး ပေါင်းစပ်ထားပါတယ်။ အရွယ်အစားကြီးမားတဲ့ အလွိုင်းဘီးတွေ၊ နက်မှောင်ပြောင်လက်တဲ့ အပြင်အဆင်နဲ့ စွမ်းအားပြည့်ဝဟန်ပေါက်တဲ့ LED ကားရှေ့မီးတွေက ကားရဲ့အလှကို ပိုပြီး ပြည့်စုံစေပါတယ်။ ကားဝယ်သူတွေအနေနဲ့ ကားကိုယ်ထည်ကို အရောင် ၁၈ မျိုး ရွေးချယ်နိုင်ပါတယ်။

လေးဘီးယက်စနစ်သုံး ပြိုင်ကား F-Type R-Dynamic Coupe မှာ မြင်းကောင်ရေ ၃၈ဝ အား 3.0 Liter Supercharged V6 အင်ဂျင်ကို Quickshift ZF Auto ဂီယာရှစ်ချက်နဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။ ကားရဲ့အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၁၇၁ မိုင်နှုန်း ဖြစ်ပြီး ၄ ဒသမ ၈ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်း ရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ နှစ်ယောက်စီး ကားအတွင်းခန်းကို လည်း အဆင့်မြင့်အသုံးအဆောင်ပစ္စည်းတွေနဲ့ ခေတ်မီ အဆင့်မြင့်စွာ မွမ်းမံဖန်တီးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here