School Bus စနစ်သစ်အတွက် ထုတ်ပြန်ထားသည့် စံနှုန်း သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကျောင်းကြို/ပို့ယာဉ်များကို ဆက်လက်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရ သည်။
School Bus စနစ်သစ်တွင် ပြေးဆွဲမည့် ကျောင်းကြို/ပို့ ယာဉ်များအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စံချိန်၊ စံညွှန်း အချက် ၁၂ ချက် သတ်မှတ်ထားပြီး လက်ရှိ ကျောင်းကြို/ပို့ ပြေးဆွဲနေ သည့်ယာဉ်များထဲမှ သတ်မှတ်ချက်နှင့် ကိုက်ညီသော ယာဉ်များကို ဆက်လက်ပြေးဆွဲခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
”လက်ရှိပြေးဆွဲနေတဲ့ ကျောင်း ကြို/ပို့ ယာဉ်တွေထဲက သတ်မှတ် ထားတဲ့ စံချိန်၊ စံညွှန်းနဲ့ ကိုက်ညီတယ်ဆိုရင် ခွင့်ပြုပေးမှာ ဖြစ်ပါတယ်၊ ပြေးဆွဲခွင့်ရတဲ့ ကျောင်း ကားတွေကို တစ်ဦးပိုင် ပြေးဆွဲခွင့် ပြု၊ မပြုဆိုတာတော့ မဆွေးနွေးရသေးပါဘူး၊ ဒါပေမဲ့ လိုက်ထရပ်နဲ့ နောက်ဖုံးဖွင့် ယာဉ်တွေကိုတော့ ပြေးဆွဲခွင့်မပြုတော့ပါဘူး”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
လက်ရှိတွင် School Bus စနစ်သစ် ပြောင်းလဲရန်အတွက် တိုင်းဒေသကြီးအစိုးရ ဝယ်ယူထားသည့် School Bus အစီးနှစ်ရာကို တိုင်းဒေသကြီးအစိုးရ ပါဝင်သော ကုမ္ပဏီဖွဲ့စည်း၍ School Bus စနစ်သစ်ပြောင်းလဲရန် လျာထားသည့် အခြေခံကျောင်း ၂၂ ကျောင်း ထဲမှ မြို့တွင်းရှိ ဒဂုံ(၁)၊ TTC ကျောင်းများတွင် စတင် ပြောင်းလဲ ပြေးဆွဲရန် စီစဉ်နေခြင်းဖြစ်သည်။
တိုင်းဒေသကြီးအစိုးရ ဝယ်ယူထားသည့် School Bus အစီး နှစ်ရာဖြင့် စတင်ပြောင်းလဲ ပြေးဆွဲခြင်းကို Golden Hand ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက ကိုရီးယားနိုင်ငံမှ ဝယ်ယူထားသည့် School Bus အစီးနှစ်ရာကို ရှယ်ယာအဖြစ် ထည့်ဝင်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ကြည်ပြာ