စောင့်ကြည့်မှုလျော့ကျလာ၍ အရောင်းအဝယ်ပြန်ဖြစ်လာသည့် မန္တလေးကားစျေးကွက်

868

အခွန်နှုန်းထားလျှော့ချပေးခြင်းမရှိခြင်းသောကြောင့် စောင့်ကြည့်မှုများလျှော့နည်းလာပြီး စျေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်လာကြောင်းကားဝယ်/ရောင်းများထံမှ သိရသည်။

အခွန်နှုန်းထားကို သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းထိ လျှော့ချပေးမည် ဆိုသည့်သတင်းများထွက်ပေါ်ခဲ့သဖြင့် ကားစျေးကွက်အတွင်း စျေးနှုန်းလျှော့ကျနိုင်သည့် မျှော်လင့်ချက်ဖြင့် ဝယ်လက်များနှင့် ဝယ်/ရောင်းများမှာ စျေးကွက်စောင့်ကြည့်မှုများရှိခဲ့ပြီး ယခုတစ်ပတ်၌ ပုံမှန်အရောင်းအဝယ်ဖြစ်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ပုံမှန်အားဖြင့်လဲ သကြင်္န်ကာလမတိုင်ခင်၌ ခရီးသွားရာသီဖြစ်သဖြင့် အရောင်းအဝယ်ကောင်းမွန်သည့်ဓလေ့ရှိသဖြင့်စျေးကွက်အတွ င်းတိုးတက်မှုရှိလာရခြင်းဖြစ်ကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

”စျေးကွက်အရောင်းအဝယ်က အခုပတ်လဲမဆိုးပါဘူး၊ ပုံမှန်လေးတော့ဖြစ်တယ်၊ မန္တလေးစျေးကွက်ရဲ့ထုံးစံအတိုင်း လိုင်းပေါ်က ကားလေးတွေအဖြစ်များတယ်၊ စလစ်ကပ်ကားကတော့ ကြိုကြားလောက်ပဲဖြစ်တယ်”ဟု လမ်း ၆ဝ ကားဝိုင်းမှကားဝယ်/ရောင်းတစ်ဦးက ပြောသည်။

အရောင်းအဝယ်အဖြစ်များသည့် ကားအမျိုးအစားများတွင် ကျပ် သိန်း ၆ဝ မှ ၈ဝ ဝန်းကျင် မီနီထရပ်(ခွေးဘီးလူး)ကားလေးများ၊ ကျပ် သိန်း ၁၅ဝ မှ ၁၇ဝ ဝန်းကျင်ပွိုင့်သရီးကားလေးများနှင့် ကျပ်သိန်းသုံးရာမှ လေးရာဝန်းကျင် Kluger , Alphard , Surf , Pajero , Parado အစရှိသည့် စလစ်ကပ်ကားများ အဖြစ်များကြောင်း သိရသည်။ မန္တလေးကားစျေးကွက်၏ ထုံးစံအရ ဝယ်/ရောင်းအကိုင်များသည့်(လိုင်းပေါ်မှ)ကားများပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဝယ်လက်အကြိုက်နည်းပြီး ဝယ်/ရောင်း အကိုင်နည်းသည့်(ကွက်ပျောက်ကား)များမှာမူ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။

”ကျောင်းပိတ်တော့ ဘုရားဖူးသွားကြ၊လည်ကြဖို့အတွက် ထုံးစံအတိုင်းပစ်ကပ်လေးတွေ၊ခွေးဘီးလူးလေးတွေနဲ့ စျေးနှုန်းသင့်တင့်တဲ့ပွိုင့် သရီးလေးတွေ အရောင်းအဝယ်သွက်လာတယ်၊ စလစ်ကပ်ကားလေးတွေလဲနည်းနည်းတော့အရောင်းအဝယ်ဖြစ်လာတယ်”ဟု မန္တလေးမြို့မှ ကားဝယ်/ရောင်းတစ်ဦးက ဆိုသည်။

ထို့အပြင်လုပ်ငန်းသုံးကားအမျိုးအစားဖြစ်သည့် ကျပ်သိန်းတစ်ရာမှ တစ်ရာ့ငါးဆယ်ဝန်းကျင် Vanette, Bongo အစရှိသည့်ကားများနှင့် ၂ဝဝ၁/၂ဝဝ၂ မိုဒယ် ကျပ်သိန်းနှစ်ရာမှနှစ်ရာ့ငါးဆယ်ကြား Honda CR-V ကားလေးများလဲ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။ အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိ ကားများအား အထူးကုန်စည်ခွန် လျှော့ချပေးလိုက်သော်လည်း အင်ဂျင်ပါဝါအနေဖြင့် လျှော့ချပေးခြင်းကြောင့်လူသုံးများသည့် ကားအမျိုးအစားမဟုတ်သည့်အပြင် ရောက်ရှိပြီးကားများအတွက် ထူးခြားပြီးပြောင်းလဲနိုင်ခြင်းမရှိခြင်းကြောင့် စျေးကွက်အပေါ် များစွာပြောင်းလဲနိုင်ခြင်းမရှိကြောင်း သိရသည်။

”လူအသုံးပြုမှုများတဲ့ ပွိုင့်သရီးလဲမပါဘူး၊ ရောက်ရှိပြီးသားကားအပေါ်လဲရိုက်ခတ်မှုမရှိနိုင်ဘူး၊ နောက်ထပ်သွင်းမဲ့ကားလောက်ပဲပြောင်းလဲနိုင်တယ်၊ဒါပေမယ့်ဆယ်ရာခိုင်နှုန်းလျှော့ချတာကြောင့်လဲ စျေးကွက်အပေါ် အများကြီးပြောင်းလဲသွားနိုင်မှာမဟုတ်ပါဘူး၊ အများသုံးတဲ့အင်ဂျင်ပါဝါမဟုတ်တဲ့ဟာကိုဘဲလျှော့ချပေးလိုက်တာ၊ လက်ရှိကလဲစလစ်ကပ်ကားအသစ်သွင်းတဲ့သူကနည်းတယ်၊ရောက်ရှိပြီးကားလေးတွေနဲ့ Consignmentနဲ့သွင်းတဲ့ကားလေးတွေပဲဆိုတော့ အဲ့အပေါ်မှာထူးခြားတဲ့ပြောင်းလဲမှုတော့ဖြစ်လာမှာမဟုတ်ပါဘူး”ဟု လမ်း ၆ဝ ကားဝိုင်းမှ ဝါရင့်ကားဝယ်/ရောင်း ဦးဝင်းမြင့်ဦးက ရှင်းပြသည်။

မန္တလေးကားစျေးကွက်၏ လက်ရှိအနေအထားမှာ ကားစျေးနှုန်းများ ကျရိပ်မရှိသေးသကဲ့သို့ တက်နိုင်သည့်အနေအထားတွင်လဲမရှိဘဲ ပုံမှန်ဖြင့်သာအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ သကြင်္န်ကာလ မတိုင်ခင်အထိ ပုံမှန်အရောင်းအဝယ်ဖြစ်နိုင်ပြီး သကြင်္န်ကာလအပြီးတွင်မူ အရောင်းအဝယ် ပြန်လည်အေးသွားနိုင်ကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ထားကြသည်။

”သကြင်္န်အပြီးက လည်ပတ်ထားတဲ့သူတွေလဲ မောနေတဲ့ကာလဖြစ်ပြီး အဲ့အချိန်က ခရီးသွားလို့လဲပြီးတာရယ်၊စရိတ်စကကြီးတဲ့အချိန်တွေဆိုတော့ စျေးကွက်ကတစ်ပတ်၊နှစ်ပတ်တော့ငြိမ်နေအုံးမှာဘဲ”ဟု ကားဝယ်/ ရောင်းတစ်ဦးက သကြင်္န်ကာလအပြီး ကားစျေးကွက်အပေါ် ခန့်မှန်းပြောပြသည်။

စျေးကွက်အေးနေရာမှ စလစ်ကပ်ကားအနည်းငယ်ဝယ်လိုအားရှိလာခြင်းနှင့်အရည်ကျိုကားရှားခြင်းများကြောင့် ယခုတစ်ပတ်၌ နှစ်နှစ်ဆယ်သက်တမ်းရှိ အရည်ကျိုကားများမှာ ကျပ် ၈၆ သိန်းအထိ စျေးနှုန်းတက်လာပြီး အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။

”ပြန်တက်တယ်ဆိုတာလဲ အရည်ကျိုကားရှားလို့ပါ၊ ပုံသေစျေးနှုန်း မဟုတ်ဘဲ လိုအပ်သလိုဝယ်ရတဲ့စျေးနှုန်းတစ်ခုပါ၊ အရည်ကျိုနဲ့ စလစ်စျေးကွက်က ဒီပုံစံအတိုင်းဆို အရောင်းအဝယ်က အကောင်းကြီးဖြစ်မလာနိုင်သေးဘူး”ဟု မန္တလေးမြို့အရည်ကျိုနှင့် စလစ်စျေးကွက်နှင့်ပတ်သက်၍ ဝယ်/ရောင်းတစ်ဦးကပြောသည်။

 

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here