စုပေါင်း Taxi  စင်းလုံးငှားယာဉ်များကို  စနစ်တကျ ပြန်လည်ပြေးဆွဲနိုင်ရန် စည်းမျဉ်း၊ စည်းကမ်းများ ရေးဆွဲနေ

751

အောင်မဂင်္လာအဝေးပြေးမှ ဆူးလေသို့ ပြေးဆွဲနေသည့် စုပေါင်း Taxi  စင်းလုံးငှား ယာဉ်လိုင်းများကို စနစ်တကျ ပြန်လည် ပြေးဆွဲနိုင်ရန် စည်းမျဉ်း၊စည်းကမ်းများ ရေးဆွဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှ သိရသည်။

 

သယ်ယူပို့ဆောင်ရေးတွင် တစ်စိတ်တစ်ပိုင်း အဆင်ပြေချောမွေ့နေသည့် Taxi  စင်းလုံးငှား ယာဉ်လိုင်းများကို တရားဝင် စီစဉ်ဆောင်ရွက်ပေးရန် ရှိမရှိကို ဒီဇင်ဘာ ၄ ရက်တွင်ပြုလုပ်သော  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းဝေးတွင် ပန်းဘဲတန်းမြို့ နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ် တော်ကိုယ်စားလှယ်  ဦးသန်းနိုင်ဦး က မေးမြန်းခဲ့ခြင်းဖြစ်သည်။

 

ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

”ဆူးလေကနေ မြောက်ဥက္ကလာ အောင်မဂင်္လာအဝေးပြေးကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေက YBS ယာဉ်လိုင်းတွေရဲ့ ပုံစံမျိုး ပြေးဆွဲနေတာပါ၊ ဒါပေမဲ့ ဒီကားတွေ မှတ်ပုံတင်ထားတာက တက္ကစီတွေလို မှတ်ပုံတင်ထားတာဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်း ညီညွတ်မှုမရှိလို့ ပြေးဆွဲမှုကို ယာယီရပ်တန့်တာ ဖြစ်ပါတယ်၊ လုပ်ထုံး လုပ်နည်းညီညွတ်အောင် စည်းမျဉ်း၊ စည်းကမ်းရေးဆွဲပြီး စနစ်တကျ ပြန်လည်ပြေးဆွဲဖို့ ဆောင်ရွက်နေပါတယ်”ဟု ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

 

စုပေါင်း Taxi  စင်းလုံးငှား ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲခွင့် နှင့်ပတ်သက်၍ ယခင်က အောင်မဂင်္လာ အဝေးပြေးမှ ဆူးလေကို  စုပေါင်း Taxi  စင်းလုံးငှား ယာဉ်လိုင်းအဖြစ် ပြေးဆွဲခဲ့သည့် အောင်မဟာယာဉ်လိုင်းမှ  တာဝန်ရှိသူတစ်ဦးက ”ဒီယာဉ်လိုင်းက စီးတဲ့ခရီးသည်တွေအတွက်လည်း အကျိုးရှိတယ်၊ ခရီးသည်တွေကိုယ်တိုင် လည်း ကြိုက်နှစ်သက်ကြတယ်၊ ဒီအတွက် အောင်မဂင်္လာယာဉ်လိုင်းကို YRTA လက်အောက်မှာ တရားဝင် ပြေးဆွဲခွင့် ရချင်ပါတယ်၊ တရားဝင် ပြေးဆွဲခွင့်ရမယ်ဆိုရင် အစိုးရကို လိုအပ်တဲ့ အခွန်နှုန်းထားတွေ ပေးဆောင်ရမှာ ဖြစ်လို့ အစိုးရအတွက်လည်း အကျိုးရှိပါတယ်၊ စုပေါင်း တက္ကစီယာဉ်လိုင်းက ခရီးသွားတွေ အတွက် အဆင်ပြေသလို ဒီကားတွေကို အမှီပြုနေရတဲ့ မိသားစုတွေအတွက်လည်း အဆင်ပြေမှာ ဖြစ်လို့ တရားဝင်ခွင့်ပြုမယ့် အချိန်ကို မျှော်လင့်နေပါတယ်”ဟု ဆိုသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here