စုစုပေါင်း ၁ဝ စီးသာထုတ်လုပ်မယ့်ကမ္ဘာ့စျေးအကြီးဆုံး SUV ကား KARLMANN KING

1116

စွမ်းရည်မြင့် ဇိမ်ခံကားအမျိုးအစားမှာ လမ်းကြမ်းမောင်းအရည်အသွေး ပေါင်းစပ်ထားသလို စျေးကြီးလည်းပေးရတဲ့ SUVကားတွေကို Porsche ၊ Maserati ၊ Bentley ၊ Lamborghini နဲ့ Rolls-Royce ကုမ္ပဏီတွေက လက်ရှိအချိန်မှာ အပြိုင်အဆိုင်ထုတ်လုပ်နေပြီး သူတို့အားလုံးထက်သာတဲ့ SUV ကားကိုတော့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ အခြေစိုက် IAT Automboile Technology က မကြာခင်က မိတ်ဆက်ပြသသွားခဲ့ပါတယ်။ ခြောက်ရာစုခေတ်တုန်းက ပြင်သစ်ဘုရင်ဖြစ်ဖူးတဲ့ Carloman I ကို အစွဲပြုပြီး Karlmann King လို့ အမည်ပေးထားတဲ့ကားကို  လူ ၁,၈ဝဝ ဦးပါတဲ့အဖွဲ့နဲ့ ဒီဇိုင်းပုံဖော်တည်ဆောက်ထားတာ ပါ။ Karlmann King အတွက် Ford F-550 လုပ်ငန်းသုံးထရပ်ကားကို အခြေခံပြီး အပြင်ပိုင်းနဲ့ အတွင်းပိုင်းတွေကို အဆင့်ဆင့်ပုံဖော်ထားတာဖြစ်ပါတယ်။ Batman ရုပ်ရှင်ဇာတ်ကားတွေထဲမှာ လင်းနို့လူသားစီးတဲ့ Batmobile နဲ့ ဆင်တူအောင် ကာဗွန်ဖိုင်ဘာ၊ စတီးတွေသုံးပြီး အချွန်အတက် ဒီဇိုင်းတွေနဲ့ ဖန်တီးထားတဲ့အပြင် ကိုယ်ထည်တစ်ခုလုံးနီးပါး အနက်ရောင်ပဲဖြစ်တာကြောင့် ကိုယ်ပျောက်ကားတစ်စီးလို အသွေးအမွေးထွက်နေပါတယ်။ အလျားခြောက်မီတာကျော်ရှည်တဲ့ ပုံမှန် Karlmann King တစ်စီးဟာ အလေးချိန် လေးတန်ခွဲရှိပြီး ကျည်ကာမိုဒယ်ဆိုရင် အလေးချိန်က ခြောက်တန်ဖြစ်သွားမှာပါ။ ကားကိုယ်ထည်နဲ့လိုက်အောင် ရှေ့နဲ့နောက် မီးအုံတွေကိုလည်း အချွန်အတက်ပုံစံ ဖန်တီးတပ်ဆင်ထားပါတယ်။

မြင်းကောင်ရေ ၃၆ဝ အား 6.8 L V10 အင်ဂျင်၊ Auto ဂီယာ ခြောက်ချက်၊ လေးဘီးယက်စနစ်၊ ဟိုက်ဒြောလစ်ပါဝါစတီယာရင်၊ Four Wheel Ventilation Disc Brakes တို့နဲ့ Karlmann King ဟာ အမြင့်ဆုံး အရှိန်နှုန်းအဖြစ် တစ်နာရီကို ၈၇ မိုင်နှုန်းပဲ မောင်းနိုင်မှာပါ။ Karlmann King ရဲ့အတွင်းပိုင်းကို Rolls-Royce လိုမျိုး ဇိမ်ခံနိုင်တဲ့အပြင် Las Vegas ဟိုတယ်ခန်းထဲရောက်နေသလို ခံစားရအောင်ပါ ဖန်ဆင်းထားပါတယ်။ လူလေးဦးစီးနိုင်တဲ့ ဇိမ်ခံထိုင်ခုံတွေကို စိတ်ကြိုက်အရောင်အမျိုးမျိုးနဲ့ ရွေးချယ်နိုင်သလို ရှမ်ပိန်ပုလင်းနဲ့ သောက်စရာခွက်တွေထားဖို့ ရေခဲသေတ္တာ၊ Espresso ကော်ဖီဖျော်စက်နဲ့ ကော်ဖီခွက်တွေအပြင် Playstation 4 ဂိမ်းစက်ကိုလည်း တပ်ပေးထားပါတယ်။ စီးနင်းသူတွေ အသုံးပြုနိုင်မယ့် Hi-Fi Sound ၊ 4K UHD intelligent LCTV ၊ Central Handrail Screen Display ၊ Private Safes ၊ Phone Projection System ၊ Satellite TV နဲ့ Satellite Phone တွေကို ထပ်ဆောင်းတပ်လို့ရပါသေးတယ်။ Karlmann King မှာ စိတ်ခံစားမှုအပေါ် မူတည်ပြီး ပြောင်းလဲပေးမယ့် အတွင်းပိုင်း နီယွန်မီး အလင်းရောင်၊ လေအေးပေးစနစ်၊ ထိုင်ခုံအနေအထားနဲ့ SOS Emergency ခေါ် ဆိုမှုတွေကို လက်ထဲက စမတ်ဖုန်းနဲ့ ချိန်ညှိလုပ်ဆောင်နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ပုံမှန်ကားတစ်စီးထက် ငါးဆပိုလေးတဲ့ Karlmann King အတွက် ပေးရမယ့်စျေးနှုန်းက Bentley Bentayga ရှစ်စီးစာနဲ့ ညီမျှတဲ့ ဗြိတိန်ပေါင်စတာလင် ၁ ဒသမ ၅၆ သန်းဖြစ်ပါတယ်။ ကမ္ဘာ့ စျေးအကြီးဆုံး SUVကားအဖြစ် စံချိန်သစ်တင်ထားတဲ့ Karlmann King ကို စုစုပေါင်း ၁ဝ စီးပဲ ထုတ်လုပ်ပေးသွားမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here