စီးပွားရေးလုပ်ငန်းတွေပြန်ပြီး လည်ပတ်နိုင်ဖို့ သယ်ယူပို့ဆောင်ရေးကဏ္ဍက အရေးပါတဲ့အပိုင်းမှာ ရှိနေပါတယ်

90

စီးပွားရေးလုပ်ငန်းတွေပြန်ပြီး လည်ပတ်နိုင်ဖို့ သယ်ယူပို့ဆောင်ရေးကဏ္ဍက အရေးပါတဲ့အပိုင်းမှာ ရှိနေပါတယ်

မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးနှင့် တွေ့ဆုံခြင်း

Automobile : ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေရဲ့ ကုန်စည်သယ် ယူပို့ဆောင်ပေးနေရတဲ့ လက်ရှိအခြေအနေကို ရှင်းပြပေးပါ …
U Aung Moe : ကိုဗစ်ဒုတိယလှိုင်းမှာ ကုန်စည်ပို့ဆောင်ရေးက အခက် အခဲတွေအများကြီး ကြုံခဲ့ရတယ်။ အဲဒီ အခက်အခဲတွေ ကို စက်တင်ဘာလမှာ နေပြည်တော်ဆောက်လုပ်ရေး ဝန်ကြီးဌာနဆီ တင်ပြခဲ့တာကြောင့် အောက်တိုဘာ ၅ ရက်မှာ ကုန်တင်ကားတွေ အမြန်လမ်းကနေသွား ခွင့်ရခဲ့ပါတယ်။ အခု ဒီဇင်ဘာ ၁ ရက်ကစပြီး ကုန် ကားတွေအားလုံး လမ်းဟောင်းကပဲ သွားရတဲ့အတွက် အခက်အခဲတွေ ရှိလာတယ်။ အခုက ပွင့်လင်းရာသီလည်း ပြန်ရောက်နေပြီဆိုတော့ ဆန်နဲ့ စိုက်ပျိုးရေး အသီးအနှံတွေလည်း လှိုင်လှိုင်ထွက်လာသလို ဆောက် လုပ်ရေးလုပ်ငန်းတွေကလည်း ပြန်လည်ပတ်လာကြပြီ ဖြစ်တဲ့အတွက် ကုန်စည်တွေ အချိန်နဲ့တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးနိုင်ဖို့ အရေးကြီးလာပါပြီ။ ဒါပေမဲ့ အခု အခြေအနေက Covid-19 Negative ဆေးစစ်ချက် ထောက်ခံစာက ၇၂ နာရီပဲ အကျုံးဝင်လို့ ခရီးစဉ်တစ်ကြောင်းမှာတင် နှစ်ကြိမ်စစ်ရတဲ့ အခက်အခဲတွေရှိလာတယ်။ လမ်းက စစ်ဆေးတဲ့နေရာမှာလည်း ကားတွေကများတော့ ယာဉ်ကြောပိတ်တာတွေ၊ ကြန့်ကြာတာတွေ ရှိလာတဲ့အတွက် အဲဒီ အခြေအနေကို စောင့်ကြည့်နေ ပါတယ်။

Automobile : လက်ရှိကြုံနေရတဲ့ အခက်အခဲကို ဘယ်လိုနည်းလမ်း တွေနဲ့ဖြေရှင်းဖို့ရှိပါသလဲ၊ လက်ရှိအခြေအနေ အတိုင်း ဆို ရေရှည်မှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲ …
U Aung Moe : လက်ရှိအချိန်အထိ အခြေအနေကို စောင့်ကြည့်နေပါတယ်။ အဲဒီမှာ အခက်အခဲတွေ အများကြီးတွေ့လာရတဲ့ အတွက် သက်ဆိုင်ရာဌာနတွေကို ပြန်လည်တင်ပြ တောင်းဆိုဖို့ရှိပါတယ်။ ကုန်စည်စီးဆင်းမှု အဆင်ပြေဖို့ အတွက် အမြန်လမ်းဟောင်းကပဲ ကုန်တင်ကားအားလုံး သွားတာမျိုးမဟုတ်ဘဲ၊ ဥပမာ- ၁၂ ဘီးယာဉ်အထိကို ရန်ကုန်-မန္တလေး အမြန်လမ်းကနေ သွားခွင့်ပေးပြီး ကျန်တဲ့ကားတွေကတော့ လမ်းဟောင်းကသွားခွင့်ပြု ဖို့တင်ပြပါမယ်။ အဲဒီလို သွားခွင့်ပြုရင် ကားတွေလည်း လမ်းကြောင်းမျှသွားမယ်၊ ကြန့်ကြာတာတွေလည်းလျော့ နည်းသွားမယ်။ ဒါမှမဟုတ် Covid-19 Negative ထောက်ခံစာကို တစ်ပတ်၊ ဒါမှမဟုတ် ၁၀ ရက်တိုးပေးဖို့ ဆိုပြီး အချက်နှစ်ချက် တောင်းဆိုဖို့အတွက် ဆွေးနွေး ညှိနှိုင်းနေတာ ရှိပါတယ်။ ကုန်တင်ယာဉ်မောင်းတွေက လမ်းမှာ ဝင်ထွက်သွားလာရတာလည်း မရှိပါဘူး။ ဒီလိုဖြေလျှော့တာမျိုး မရှိဘူးဆိုရင်တော့ ကုန်စည်သယ် ယူပို့ဆောင်ရတဲ့နေရာမှာ အခက်အခဲမျိုးစုံနဲ့ ကုန်ပစ္စည်း အချိန်မီ မရောက်နိုင်တာ၊ ကုန်ကားခမြင့်တာနဲ့ ကုန် ဈေးနှုန်းတက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အမြန်လမ်း နဲ့ လမ်းဟောင်းက ခရီးစဉ် ကြန့်ကြာမှု အတော်ကိုကွာ ခြားပါတယ်။ ရန်ကုန်-မန္တလေးကို အမြန်လမ်းကဆို ၁၆ နာရီလောက်ပဲကြာပြီး လမ်းဟောင်းမှာ ၃၆ နာရီ လောက်ကြာပါတယ်။ လမ်းဟောင်းကဆိုရင် မြို့နယ် ပေါင်းသုံးဆယ်ကျော်ကို ဖြတ်ရတဲ့အတွက် စစ်ဆေးတဲ့ နေရာတွေမှာ ကားတွေစုပြီး ကြန့်ကြာတာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာက နေရာဒေသ အသီးသီးမှာ ထွက်ကုန်တွေလည်း ရှိနေတယ်။ ဒေသတစ်ခုနဲ့တစ်ခု အပြန်အလှန် ပို့ဆောင်ပေးကြရတယ်။ အခုလို ပွင့်လင်းရာသီမှာ လုပ်ငန်းတွေလည်း ပြန်ဖွင့်လာပြီ။ သယ်ယူပို့ဆောင်ပေးရမယ့် ကုန်ပစ္စည်းတွေလည်း များလာမယ့် အချိန်မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်နိုင်ဖို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းက အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ပါဝင်ပါတယ်။ အဲ့ဒါကြောင့် စနစ်တကျဖြစ်ဖို့ အစိုးရအနေနဲ့ သေချာကြပ်မတ် ဆောင်ရွက်ပေးစေချင်ပါတယ်။

Automobile : ကိုဗစ်ကာလ ကုန်တင်ယာဉ်မောင်းတွေ အလုပ်အကိုင်ရရှိတဲ့ အခြေအနေနဲ့ ကုန်စီးဆင်းမှု အခြေအနေတွေကို ရှင်းပြပေးပါ …
U Aung Moe : ကိုဗစ်ဒုတိယလှိုင်းစပြီးနောက်ပိုင်း ကုန်စည်စီးဆင်းမှု လည်း ပိုလျော့ကျခဲ့တယ်။ အဲ့ဒီအချိန်မှာ မြို့နယ်ဒေသ အတော်များများမှာလည်း ဝင်ထွက်ခွင့်မရတာတွေ၊ ယာဉ်မောင်းတွေ လဲမောင်းရတာတွေကြောင့် ကုန်ကျစရိတ်တွေ ပိုများလာတယ်။ နောက်ပြီး ကုန်တင်ကားသမားတွေ သုံးရက်တစ်ကြိမ် ဆေးစစ်ရမယ်ဆိုတော့ ကုန်တင်ယာဉ်မောင်းတော်တော်များများက နာတာရော၊ ကြောက်တာရောကြောင့် နှစ်လကျော်လောက် မထွက် ကြတော့ဘူး။ အဲဒီလို ကုန်ကျစရိတ်ပိုများတာတွေ၊ ယာဉ်မောင်းရှားတာတွေကြောင့် ကုန်ကားခနှုန်းထား တက်တာတွေလည်းဖြစ်ခဲ့တယ်။ နောက်ပိုင်းစားဝတ် နေရေးအရ ကုန်ကားသမားတွေ မဖြစ်မနေ ပြန်ထွက် လာကြရတယ်။ အဲဒီမှာ ဆောက်လုပ်ရေးလုပ်ငန်းတို့လို စီးပွားရေးလုပ်ငန်းတွေ ရပ်နားကြရပြန်တော့ ကုန်ပစ္စည်းက ပြန်ရှားလာတယ်။ ကုန်ကားသမားတစ်ဝက် လောက်ပဲ အလုပ်အကိုင်ရကြတယ်။ ကုန်ပစ္စည်းတွေ လည်း လှိုင်လှိုင်ပြန်ထွက်လာမယ့်အချိန်မှာ ဆေးစစ်ချက်သတ်မှတ်ရက်နဲ့ ခရီးစဉ်လမ်းကြောင်း ကြန့်ကြာ တာက အဆင်မပြေပြန်ဖြစ်လာတယ်။ အဲ့ဒါကြောင့် လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေကို ကျန်းမာရေးနဲ့အညီ အားလုံးအဆင်ပြေနိုင်ဖို့အတွက် ဖြေလျှော့မှုတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။

Automobile : ကုန်တင်ယာဉ်မောင်းတွေ Covid-19 Negative ထောက်ခံစာအတုပြုလုပ်ပြီး ကုန်စည်ပို့ဆောင်တာတွေ ရှိလာတဲ့အပေါ်မှာ ဘာများပြောချင်ပါသလဲ …
U Aung Moe : ကျန်းမာရေးထောက်ခံစာ အတုပြုလုပ်ပြီး သွားတာမျိုး ကတော့ လုံးဝမဖြစ်သင့်ပါဘူး။ ဒါကို စစ်ဆေးတဲ့ သူတွေ ကြပ်ကြပ်မတ်မတ် စစ်ဆေးသင့်ပါတယ်။ ကုန် ကားသမားတွေအနေနဲ့ကလည်း ကိုဗစ်ဆေးစစ်ချက်က ကိုယ်စစ်ချင်တဲ့အချိန် စစ်လို့မရဘူး။ လူဦးရေအကန့် အသတ်နဲ့ စစ်ရတာ၊ အဲ့ဒီအတွက် တစ်နေကုန်စောင့် ဆိုင်းကြရတာလည်းရှိတယ်။ ရလဒ်ကလည်း ၇၂ နာရီ ပဲ အကျုံးဝင်တော့ သုံးရက်တစ်ခါ နှာခေါင်းထိုးရတဲ့ ဒဏ်တွေကိုကြာတော့ မခံနိုင်ကြတော့ဘူး။ ကုန်ပစ္စည်း တွေကလည်း အချိန်မီပို့ပေးရမှာမျိုးတွေရှိတယ်။ လမ်း မှာလည်း စစ်ဆေးတာ၊ ကြာတာတွေရှိလာတော့ လုပ်မိ လုပ်ရာတွေ လုပ်ကြတဲ့သဘောပါ။ နောက်ပြီး စစ်တဲ့ နေရာမှာလည်း ကုန်ကားသမားတွေစစ်ဖို့ သတ်မှတ် ထားပေမဲ့ ကုန်ကားသမားမဟုတ်တဲ့သူတွေ စစ်ဆေးတာတွေလည်းရှိနေတယ်။ အဲ့ဒီအတွက် လူဦးရေကန့်သတ်ချက်အရ အချိန်မီ မစစ်ဆေးနိုင်တာတွေလည်း ရှိနေတဲ့အတွက် သက်ဆိုင်ရာက သေချာစစ်ဆေးပေး သင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here