စီးတော်ယာဉ် Range Rover ကားကြီးရဲ့ကိုယ်ထည်ကို ဒီဇိုင်းအမျိုးမျိုးပြောင်းလဲတတ်တဲ့ ကားချစ်သူ အဆိုတော်လေး Austin Mahone

1099

ဆယ်ကျော်သက်ပျိုဖြူတွေရဲ့ အသည်းကျော် အမေရိကန်အဆိုတော်နဲ့ သီချင်းရေးဆရာလေး အော်စတင်မဟုန်းန်(Austin Mahone)ကို ဂျက်စတင်ဘီဘာ အငယ်စားလေးအဖြစ် လူသိများခဲ့ပါတယ်။ မဟုန်းန်ဟာလည်း ဂျက်စတင်ဘီဘာတုန်းကလို နာမည်ကြီးသီချင်းတွေကို ပြန်ဆိုရင်း အွန်လိုင်းဗီဒီယိုတွေကနေတစ်ဆင့် လူသိများလာသူတစ်ယောက် ဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်ကစလို့ သူ့သီချင်းဗီဒီယိုတွေကို YouTube မှာတင်ရင်း ဂီတလောကထဲ ခြေလှမ်းလာတဲ့ မဟုန်းန်ဟာ ၂ နှစ်အတွင်း အွန်လိုင်းမှာ လူသိများလာသလို Follower တွေများလာပါတယ်။ မဟုန်းန်ဟာ နာမည်ကျော်လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook မှာရော Twitter မှာပါ Follower ပေါင်း ၂ ဒသမ ၇ သန်းကျော် ရရှိထားပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ Universal Republic Record တေးသံသွင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုခွင့်ရခဲ့ပြီး အဲဒီနှစ်မှာပဲ သူ့ရဲ့ပထမဆုံး Single တေးသီချင်းနှစ်ပုဒ် ထွက်ရှိခဲ့ပါတယ်။ Pitbull နဲ့ တွဲဖက်သီဆိုထားတဲ့ Mmm Yeah သီချင်းဟာ နိုင်ငံအတော်များများမှာ ရေပန်းစားခဲ့ပြီး Lady နဲ့ Creatures of the Night သီချင်းတွေဟာလည်း US Dance Chart မှာ နံပါတ်တစ်ချိတ်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်က What About Love သီချင်း MTV ဟာ MTV Video Music Award ဆုပေးပွဲမှာ MTV’s Artists to Watch ဆုရရှိခဲ့ပြီး Taylor Swift ရဲ့ Red Tour တေးဂီတဖျော်ဖြေရေးခရီးစဉ်မှာလည်း ပါဝင်ခွင့်ရခဲ့ပါတယ်။ ဂီတနဲ့ပတ်သက်လို့ ဆုများစွာရရှိခဲ့ဖူးတဲ့ မဟုန်းန်ဟာ ရုပ်ရှင်၊ MTV နဲ့ တီဗီဇာတ်လမ်းတချို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါ တယ်။ အယ်လ်ဘမ်အသေးစားလို့ဆိုရမယ့် Extended Play နဲ့ Mixtape ခွေတွေပဲထွက်ဖူးတဲ့ မဟုန်းန်တစ်ယောက် ၂ဝ၁၇ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံးစတူဒီယိုတေးအယ်လ်ဘမ် Dirty Work ထွက်ရှိလာပါတယ်။ ၂ဝ၁၂ ခုနှစ်က Lil Wayne ရဲ့ Trukfit အဝတ်အစား ဖက်ရှင်လိုင်းအတွက် ဆယ်ကျော်သက် Ambassador အသစ်ဖြစ်ခဲ့တဲ့ မဟုန်းန်ဟာ McDonald’s ၊ Hot Nuts နဲ့ Mexican Snack တို့အတွက်လည်း ကြော်ငြာရိုက်ပေးခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်က Elvis Duran ရဲ့ Artist of the Month အဖြစ် ရွေးချယ်ခံခဲ့ရပြီး NBC ရဲ့ Today Show အစီအစဉ်မှာလည်း ပါဝင်ခွင့်ရခဲ့တဲ့ မဟုန်းန်ဟာ ၂ဝ၁၆ ခုနှစ်မှာတော့ Macy’s ဖက်ရှင်အမှတ်တံဆိပ်ရဲ့ မျက်နှာသစ်မိုဒယ်တစ်ယောက် ဖြစ်လာပါတယ်။ တက်သစ်စ အနုပညာရှင်တစ်ယောက် ဖြစ်ပေမဲ့ ဝင်ငွေမနည်းလှတဲ့ အော်စတင်မဟုန်းန်ဟာ အခုလက်ရှိမှာ အမေရိကန်ဒေါ်လာငါးသန်းကို အသားတင်ပိုင်ဆိုင်ထားပါ တယ်။

အော်စတင်မဟုန်းန်ကို ၁၉၉၆ ခုနှစ်၊ ဧပြီ ၄ ရက်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့ မှာ မွေးဖွားခဲ့ပါတယ်။ သူ့အသက်တစ်နှစ်ခွဲအရွယ်မှာပဲ ဖခင်ဖြစ်သူကွယ်လွန်ခဲ့တာကြောင့် မိခင်တစ်ယောက်တည်းကပဲ ပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ အဂင်္လိပ်-ပြင်သစ်-ဂျာမန် ကပြား တစ်ယောက်ဖြစ်တဲ့ မဟုန်းန်ဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ သူသီဆိုထားတဲ့ သီချင်းဗီဒီယိုတွေကို YouTube မှာ တင်ရင်းနဲ့ ဂီတနယ်ပယ်ထဲရောက်ရှိလာပြီး ဂျက်စတင်ဘီဘာနဲ့ပုံစံတူ မီလျံနာ ဆယ်ကျော်သက်အဆိုတော်လေးဘဝကို ရောက်ရှိခဲ့ပါတယ်။

ဂီတပါရမီထူးတာကြောင့် အသက်ငယ်ငယ်လေးနဲ့ လူသိများလာတဲ့ မီလျံနာအဆိုတော်လေး မဟုန်းန်ဟာ ဂီတပုံစံ၊ အဝတ်အစား အပြင်အဆင်နဲ့ အွန်လိုင်းကနေ စတင်နာမည်ကြီးလာတဲ့ အချက်တွေ တင်မက ဂျက်စတင်ဘီဘာနဲ့တူတဲ့ နောက်ထပ်အချက်တစ်လည်း ရှိပါတယ်။ အဲဒါကတော့ ဂျက်စတင်ဘီဘာလို အလန်းစားမော်တော်ကားတွေကို အတော်လေးနှစ်ခြိုက်ပြီး ကားများစွာ စုဆောင်းထားတတ်တဲ့ အချက်ပါပဲ။ မဟုန်းန်ဟာ သူ့အသက် ၁၆ နှစ်ပြည့်ချိန် ၂ဝ၁၂ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးစီးတော်ယာဉ်အဖြစ် အနီရောင် Range Rover SUV ကားသစ်ကြီးကို ဝယ်ယူခဲ့ပါတယ်။ တိုက်ဆိုင်တာတစ်ခုကတော့ ဂျက်စတင်ဘီဘာ အသက် ၁၆ နှစ်ပြည့်ချိန်မှာ ပထမဆုံးပိုင်ဆိုင်ခဲ့တဲ့ကားဟာလည်း Range Rover ပါပဲ။ ဒါ့ပြင် မဟုန်းန်ဟာ ဂျက်စတင်ဘီဘာလိုပဲ သူပိုင်ကားတွေကို ဒီဇိုင်းဆန်းဆန်းပြားပြားတွေ ဖန်တီးတတ်ပြီး အဲဒီလို မွမ်းမံဖန်တီးဖို့အတွက် Metro Wrapz ကားမွမ်းမံရေးလုပ်ငန်းကိုပဲ အဓိကအပ်နှံပါတယ်။ သူ့ရဲ့ စီးတော်ယာဉ် Range Rover SUV ကားကြီးကိုတော့ ဒီဇိုင်းအမျိုးမျိုး၊ အရောင်အသွေးအမျိုးမျိုးနဲ့ မကြာခဏ ဆိုသလို ပြုပြင်မွမ်းမံတတ်ပါတယ်။ Range Rover ကို အနီနဲ့ အနက်ရောင် ရောနှောထားတဲ့ ဒီဇိုင်းဆန်းအကွက်တွေနဲ့ မွမ်းမံခဲ့သလို အရောင်စုံရောစပ်ထားတဲ့ ကာတွန်းဒီဇိုင်းဟန်မျိုးနဲ့လည်း ကားကိုယ်ထည်တစ်ခုလုံးကို ဆေးခြယ်ဖန်တီးခဲ့ဖူးပါတယ်။ ၂ဝ၁၅ ခုနှစ်တုန်းက သူ့ပရိသတ်တစ်ယောက်ရဲ့ လက်ရာအဖြစ် Range Rover ရဲ့ ကိုယ်ထည်မှာ အဖြူနဲ့ အနက်ရောင် ရောစပ်ထားတဲ့ ပန်းချီကားတစ်ချပ်လို ဒီဇိုင်းမျိုး အသေးစိတ်ခြယ်မှုန်းစေခဲ့ပါတယ်။ ထူးခြားတာတစ်ခုကတော့ မဟုန်းန်ဟာ သူ့ ရဲ့ Range Rover ကိုယ်ထည်တစ်ခုလုံးကို ပန်းရောင် ဆေးခြယ်ခဲ့ဖူးပါတယ်။ အမျိုးသားတစ်ယောက်အနေနဲ့ ကားမှာ ပန်းရောင်ဆေးခြယ်တာဟာ အတော်လေးထူးခြားပေမဲ့ အော်စတင်ကတော့ အမျိုးသမီးများအတွက် ရင်သားကင်ဆာကာကွယ်ရေး Awareness ကို ထောက်ခံအားပေးတဲ့အနေနဲ့ အဲဒီလို ပန်းရောင်ဆေးခြယ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကားကိုယ်ထည်ဟာ ပန်းရောင်ပြောင်မဟုတ်ဘဲ ပန်းရောင်အနု/အရင့် တွေပေါင်းစပ်ပြီး ပြောက်ကျားကွက်လိုမျိုး ခြယ်သခဲ့တာပါ။ သူပိုင်ကားတွေထဲမှာ ထူးခြားတာတစ်ခုကတော့ BMW i8 ပြိုင်ကားသစ်ပဲဖြစ်ပြီး ကားကိုယ်ထည်ကို အနီရောင်နဲ့ သုံးရောင်စပ် ဒီဇိုင်းအဖြစ် ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၆ ခုနှစ် နောက်ပိုင်းမှာတော့ BMW ပြိုင်ကားကို သံချေးတက်နေတဲ့အရောင်အသွေးအဖြစ် ထူးထူးဆန်းဆန်း ဖန်တီးဆေးခြယ်ခဲ့ပါတယ်။ အဲဒီအကြောင်းကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ပြီး Metro Wrapz ကားလုပ်ငန်းကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီလိုတင်ပြီး သိပ်မကြာခင်မှာ သူ့လက်ထဲရောက်တာ နှစ်နာရီတောင်မပြည့်သေးတဲ့ကားဟာ တစ်စုံတစ်ယောက်ကြောင့် ဘေးဘက်မှာ အစင်းရာထင်သွားကြောင်းကိုလည်း ထပ်မံရေးတင်ခဲ့ပါတယ်။ မဟုန်းန်ဟာ သူ့အဘိုးဆီကနေရရှိခဲ့တဲ့ Pontiac Firebird ခေတ်ဟောင်းဂန္ထဝင် ပြိုင်ကား ကိုလည်း အလန်းစားအသွင်ရအောင် ပြုပြင်မွမ်းမံခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here