စိတ်ဖတ်စွမ်းရည်ရှိပြီး အတွင်းပိုင်းကို ဂျပန်ရိုးရာအိမ်ခန်းလို ပြင်ဆင်ထားတဲ့ Nissan IMx Kuro

992

မဝေးတော့တဲ့ အနာဂတ်ကာလမှာ မော်တော်ကားနဲ့ မောင်းသူအကြား ဆက်သွယ်မှုနည်းလမ်းကို ပြုပြင်ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထားတဲ့ Nissan ကုမ္ပဏီဟာ ဂျီနီဗာကားပြပွဲမှာ မျိုးဆက်သစ် SUV ကားအမျိုးအစား Nissan IMx Kuro ကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။ ဂျပန်ဘာသာစကားအရ Kuro ဆိုတာ အနက်ရောင်လို့ အဓိပ္ပာယ်ရှိတဲ့အတိုင်း Nissan IMx Kuro ဟာ မီးခိုးရင့်ကိုယ်ထည်အရောင်နဲ့ ထုတ်လုပ်ထားသလို အနက်ရောင်ကားဘီးခွေနဲ့ ကိုယ်ထည်အနားသတ်တွေ၊ နောက်ဆုံးပေါ် ရှေ့ဘမ်ပါရှဲလ်တို့နဲ့ ပေါင်းစပ်ဖန်တီးထားတာပါ။ Nissan က ရှေ့ပြေးတီထွင်ထားတဲ့ Brain-to-vehicle(B2V) နည်းပညာထည့်သွင်းထားတာကြောင့် ကားမောင်းသူဝတ်ဆင်ထားတဲ့ ကိရိယာကတစ်ဆင့် ဦးနှောက်လှိုင်းတွေကိုဖတ်ရှုပြီး မောင်းသူအနေနဲ့ စတီယာရင်လက်ကိုင် ချိုး မှာလား၊ ဘရိတ်နင်းမှာလားတို့ကို ဝ ဒသမ ၂ စက္ကန့်ကနေ ဝ ဒသမ ၅ စက္ကန့်အကြား ကြိုတင်သိရှိမှာပါ။ မောင်းသူ ဘာလုပ်မယ်ဆိုတာကို ကြိုသိတဲ့အချိန် တိုတောင်းလွန်းပေမဲ့ အထောက်အကူပြု နည်းပညာတွေက ဆောလျင်စွာလုပ်ဆောင်ပေးမှာဖြစ်တာကြောင့် တုံ့ပြန်ချိန်ပိုကောင်းလာသလို ကိုယ်တိုင်မောင်းနှင်မှုပုံစံအတွက် အကောင်းဆုံးကူညီပေးနိုင်မှာပါ။ Nissan IMx Kuro ကို အလိုအလျောက်စနစ်နဲ့လည်း မောင်းနိုင်မှာဖြစ်ပြီး အဲဒီစနစ်ကို ရွေးချယ်လိုက်ရင် စတီယာရင်လက်ကိုင်က ဒက်ရှ်ဘုတ်ထဲဝင်သွားပြီး ထိုင်ခုံတွေကလည်း နောက်ဘက်လှန်ချိုးသွားတာကြောင့် နေရာကျယ်ကျယ်နဲ့ သက်သက်သာသာ ခရီးဆက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင်မောင်းနှင်မှုစနစ်ကို ပြန်သုံးတဲ့အခါ စတီယာရင်လက်ကိုင်ပြန်ထွက်လာသလို ထိုင်ခုံတွေက မူလအနေအထားအတိုင်း ဖြစ်သွားမှာပါ။

Nissan IMx Kuro အတွင်းပိုင်းကို ဂျပန်ရိုးရာ အိမ်ခန်းတစ်ခန်းထဲ ရောက်နေသလိုမျိုးဖြစ်အောင် စီစဉ်ဖန်တီးပေးထားပါတယ်။ အပြင်ဘက် ပတ်ဝန်းကျင်ကို နောက်ခံထားထားတဲ့ မြင်ကွင်းကျယ် OLED အချက်ပြဒိုင်ခွက်အောက်မှာ သစ်သားတွေနဲ့ ပေါင်းစပ်ထားတာက စက္ကူကပ်ထားတဲ့ ဂျပန်ရိုးရာအိမ်ခန်း Shoji ထဲရောက်နေသလို စိတ်ခံစားမှုရစေမှာပါ။ ကိုယ်တိုင်ထိန်းချုပ်ညွှန်ကြားမှုနဲ့ ခလုတ်တွေ နည်းပါးအောင်လို့ အချက်ပြဒိုင်ခွက်ကို Artificial Intelligence နည်းသုံးပြီး လက်အမူအရာ၊ မျက်လုံးရွေ့လျားမှုတို့နဲ့ ခိုင်းစေနိုင်ပါတယ်။ 3D ပရင်တာသုံးပြီး ပုံဖော်ထားတဲ့ ထိုင်ခုံဖရိမ်ပေါ်မှာ ဆီလီကွန်အုပ်ထားသလို ထိုင်ခုံခေါင်းမှီတွေကို ဂျပန်စကားလုံးဆက် ပဟေဠိဖြစ်တဲ့ Kumiki အတိုင်း ဖန်တီးထားပါတယ်။ ကမ္ဘာမြေဆွဲအား အနိမ့်ဆုံးဖြစ်အောင် အောက်ခံကြမ်းပြင် ကို လုံးဝရေပြင်ညီအတိုင်းပြုလုပ်ထားလို့ Nissan IMx Kuro ဟာ ကိုင်တွယ်မောင်းနှင်ရ လွယ်ကူသလို လေခွင်းအားကောင်းကောင်းနဲ့ ခရီးနှင်နိုင်မှာပါ။ လေးဘီးယက်စနစ်ကို အကောင်းဆုံး သုံးနိုင်အောင် ကားရဲ့ ရှေ့နဲ့ နောက်ဘက်တွေမှာ လျှပ်စစ်မိုတာတွေ တပ်ထားပြီး တစ်နာရီ ၁၉၆ မိုင်နှုန်း မောင်းနိုင်တဲ့ Nissan GT-R စူပါကားထက်တောင် စွမ်းအားပိုများပါတယ်။ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိအောင် လျှပ်စစ်စွမ်းအင်သုံးထားတဲ့ Nissan IMx Kuro ကို တစ်ကြိမ် အားအပြည့်သွင်းပြီးရင် ကီလိုမီတာခြောက်ရာကျော် တောက်လျှောက်မောင်းနိုင်မှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here