စလစ်အပြောင်းအလဲနှင့် COE စနစ်ကို စောင့်ကြည့်နေသောကြောင့် အရောင်းအဝယ်ငြိမ်သက်နေသည့် ရန်ကုန်ကားစျေးကွက်

1315

လာမည့် ဧပြီ ၁ ရက်တွင် စတင်ကျင့်သုံးမည့် COE စနစ်၏ အခြေအနေကိုစောင့်ကြည့်ရင်း ဖေဖော်ဝါရီ လဆန်းပိုင်း ကားစျေးကွက်အခြေအနေမှာ ငြိမ်သက်လို့နေသည်။ နယ်လိုင်စင် အပ်ကားများကို ရန်ကုန်အမည်ပြောင်း၍ ကားသစ်တင်သွင်းခွင့်မရတော့သဖြင့် စလစ်စျေးများလည်း မြင့်တက်သွားကာ ၂ဝ၁၇ ပါမစ်ဖြင့် တင်သွင်းထားသော ကားများလည်း အရောင်းအဝယ် အေးစက်သွားခဲ့သည်။ ယခုနှစ်ပါမစ်ဖြင့် တင်သွင်းခွင့်ရမည့်ကားများမှာလည်း ပြည်တွင်းစျေးနှင့် အံဝင်မှုနည်းနေသေးသဖြင့် ကားသစ်တင်သွင်းရန် လည်း ချိန်ဆနေကြသည်။ COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများ တင်သွင်းခွင့်ပေးမည်ဆိုပါကလည်း နံပါတ်ထွက်ပြီးသားကားများမှာ စျေးကွက်အပြောင်းအလဲရှိမည်မဟုတ်ကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

” COE စနစ်နဲ့ ရန်ကုန်လိုင်စင်ဖွင့်ပေးမယ်ဆိုရင်လည်း ကားစျေးက ကျဖို့မရှိဘဲ လက်ရှိပေါက်စျေးအတိုင်းပဲ ဆက်ပြီးရှိနေမယ်လို့ ထင်ပါတယ်၊ ကားစျေးအတက်၊ အကျက ဒီနှစ်မူဝါဒနဲ့ တင်သွင်းလို့ရမယ့် ကားတွေရဲ့ အရည်အသွေးနဲ့ စျေးနှုန်းအပေါ်မှာ မူတည်ပါတယ်၊ အသစ်တင်သွင်းမယ့် ဘယ်ကိုင်းကားတွေက ဂျပန်ညာမောင်းကားတွေနေရာကို အစားထိုးနိုင်မယ်ဆိုရင် စျေးကွက်က ပုံမှန်အတိုင်းရှိသွားမှာပါ၊ အသစ်တင်သွင်းမယ့်ကားတွေထဲမှာ ဥရောပက တင်သွင်းလို့ရမယ့် ၂ဝ၁၄၊ ၂ဝ၁၅ မိုဒယ် Honda CR-V ၊ Toyota RAV4 တို့ရှိပေမဲ့ ဒီကားတွေကို ရန်ကုန်လိုင်စင်ကပ်ပြီး တင်သွင်းမယ်ဆိုရင် သိန်းရှစ်ရာနဲ့ သိန်းတစ်ထောင်ကြား ကပ်သွားမှာပါ၊ Saloon ကားထဲမှာဆိုရင် Crown ၊ Mark X တို့နေရာမှာ အစားထိုးဖို့ အတွက် Camry ရှိပေမဲ့ သိန်းခုနစ်ရာနဲ့ ရှစ်ရာကြားလောက်ကျမယ်၊ ဒါပေမဲ့ Camry က မြန်မာပြည်အကြိုက် အတွင်းဂရိတ်နဲ့အရည်အသွေးမျိုး မရှိတာတွေ့ရတယ်၊ နောက်ပြီး Lexus GS 350 ၊ ES 350 တို့ဆိုရင်လည်း ကျပ်သိန်းတစ်ထောင်နဲ့ ၁,၃ဝဝ ကြားမှာရှိတယ်၊ ဥရောပကတင်သွင်းမယ့် ဂျပန်ဘယ်မောင်းကားတွေက ဂရိတ်မြင့်တယ်၊ ကားကောင်းတယ်ဆိုရင် ဂျပန်ညာမောင်းကားထက် စျေးပိုမြင့်နေတာ တွေ့ရတယ်၊ ဒူဘိုင်းဘက်က တင်သွင်းမယ့်ကားတွေကတော့ စျေးသက်သာပေမဲ့ ဂရိတ်အနိမ့်တွေများတယ်၊ ဒါကြောင့်လည်း ဒီအချိန်မှာ ကားတင်သွင်းမယ့်သူတွေ၊ ကားဝယ်စီးမယ့်သူတွေအနေနဲ့ ဘာကားတင်သွင်းရမလဲ၊ ဘာကားဝယ်ရမလဲဆိုတာ ဝေခွဲရခက်နေပါတယ်၊ ကားစျေးကွက်အနေအထားကတော့ စျေးတက်ဖို့လည်းမရှိသလို စျေးကျဖို့အခြေအနေလည်း နည်းနေပါတယ်”ဟု ‘ MMM ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ထုတ်ပေးမည်ဟု သတင်းထွက်ပေါ် လာပြီးနောက်ပိုင်း ရန်ကုန်လိုင်စင်ကားများ အရောင်းအဝယ်အေးသွားကာ နယ်လိုင်စင်ကားများသာ အမေးရှိလာကြသည်။ COE စနစ်ဖြင့် ရန်ကုန် လိုင်စင်ခွင့်ပြုပေးရာတွင် ပြည်တွင်းထုတ် CKD ၊ SKD ကားများကိုလည်း အစီးရေကန့်သတ်လိုက်ပါက တင်သွင်းထားသည့်ဂျပန်ညာမောင်းကားစျေးကွက်မှာ ပြန်လည်အားကောင်းလာဖွယ်ရှိသည်။

”ရန်ကုန်လိုင်စင်တွေ ပြန်ချပေးမယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့အတွက် YGN ကားတွေ စျေးကွက် အေးသွားတယ်၊ နယ်လိုင်စင်နဲ့ တင်သွင်းထားတဲ့ Honda Fit GK3 ၊ Honda Fit Shuttle ၊ Honda Insight ကားလေးတွေကတော့ အမေးရှိလာကြတယ်၊ တော်တော်များများက COE စနစ်ကျင့်သုံးရင် နယ်လိုင်စင်ကားတွေကို ရန်ကုန်လိုင်စင်ပြောင်းလဲ ခွင့်ပေးမယ်ဆိုပြီး ထင်နေကြတယ်၊ ဒါပေမဲ့ COE စနစ်က ကားသစ်၊ ကားဟောင်းမခွဲခြားဘဲ အသစ်တင်သွင်းတဲ့ ကားတွေအတွက်သာ ခွင့်ပြုပေးဖို့များလို့ နံပါတ်ထွက်ပြီးသားကားတွေရဲ့စျေးက အပြောင်းအလဲရှိလာမှာ မဟုတ်ပါဘူး၊ ဒီရက်ပိုင်းမှာ သိန်း ၁၅ဝ နဲ့ သိန်းနှစ်ရာကြား ၁၃ဝဝ စီစီကားလေးတွေကတော့ ပုံမှန်လေးအရောင်းအဝယ်ဖြစ်ပြီး သိန်းနှစ်ရာ အထက် ကားတွေကတော့ အရောင်းအဝယ် အေးနေသေးပါတယ်၊ COE စနစ်ဖွင့်ပေးရင်၊ CKD ၊ SKD ကားတွေကို ကန့်သတ်လိုက်မယ်ဆိုရင်တော့ စျေးကွက်အခြေအနေမျှသွားပြီး ဂျပန်ညာမောင်းကား ကြိုက်တဲ့သူနဲ့ ဂျပန်ဘယ်မောင်းကား ကြိုက်တဲ့သူဆိုပြီး နှစ်ပိုင်းကွဲသွားမှာဖြစ်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုချမ်းငြိမ်းက ဆိုသည်။

COE စနစ်ဖြင့် ကားတင်သွင်းမည်ဆိုပါကလည်း ဘယ်မောင်းကားများသာ တင်သွင်းခွင့်ရမည်ဖြစ်၍ ညာမောင်းကားစျေးကွက်မှာ အပြောင်းအလဲရှိလာနိုင်မည်မဟုတ်ပေ။ စလစ်စျေးမြင့်တက်မှုနှင့် ကားတင်သွင်းရန် ခက်ခဲသွားသောကြောင့် ကားတင်သွင်းသူများက ၂ဝ၁၇ ပါမစ်ဖြင့် တင်သွင်းထားသည့်ကားများကို စျေးတင်းခံပြီး ရောင်းချနေ၍ ကားစျေးနှုန်းများမှာ အမြင့်စျေးဖြင့် ဆက်လက်ငြိမ်သက်နေသည်။ နယ်လိုင်စင် အပ်ကားများကို ရန်ကုန်လိပ်စာမပေးတော့သည့်နောက်ပိုင်း အပ်ကားရှားပါးသွား၍ ရန်ကုန်အမည်ပေါက် စလစ်သည် ကျပ် ၁၂၅ သိန်းအထိ စျေးမြင့်တက်သွားခဲ့သလို နယ်စလစ်များမှာမူ ဝယ်လက်နည်းနေသဖြင့် ကျပ် ၁ဝ၅ သိန်းအထိ စျေးကျဆင်းသွားကြောင်း ကားစျေးကွက်အတွင်းမှသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here