စလစ်အစားထိုးစနစ်ဖြင့် ဝယ်ယူခွင့်ပါမစ်လျှောက်ရန် အစီး ၁,၁ဝဝ ကျော်ရှိသော်လည်း ထက်ဝက်ခန့်သာ ဝယ်ယူခွင့်ပါမစ် လျှောက်ထားပြီး သတ်မှတ်ကာလအတွင်း ဝယ်ယူခွင့်ပါမစ်မလျှောက်သောလက်ကျန်ကားများကို ယခုနှစ် မကုန်မီ ECC သို့ အပ်နှံရန် အတည်ပြုခဲ့ကြောင်း မော်တော် ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ် Consignment စနစ်ဖြင့် တင်သွင်းထားသော လက်ကျန်ကားများကို အောက်တိုဘာ ၃၁ ရက်အထိ ကျပ်သိန်း ၃ဝ/၆ဝ အစီအစဉ်ဖြင့် ဝယ်ယူခွင့်ပါမစ်လျှောက်ခွင့်ပြုပေးခဲ့သော်လည်း ပါမစ်လျှောက်ရမည့် အစီးရေထက်ဝက်ခန့်မှာ လာရောက်လျှောက်ထားခြင်းမရှိသောကြောင့် ယင်းကားများကို ယခုနှစ်မကုန်မီ ECC သို့ အပ်နှံရန် အတည်ပြုခဲ့သည်။ လက်ကျန်ကားများကို ECC သို့ မအပ်ပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
”ကြီး/ကော်ကနေ ဝယ်ယူခွင့်ပါမစ်လျှောက်ဖို့ကျန်နေတဲ့ ကားတွေကို ဒီနှစ်မကုန်ခင်မှာ ECC ထံ အပြီးအပ်နှံရမယ်လို့ အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်၊ ECC ကို မအပ်နိုင်ဘူးဆိုရင်တော့ ပို့ကုန်/သွင်းကုန် ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ် ဇွန်လမှ အောက်တိုဘာလကုန်အတွင်း ဝယ်ယူခွင့်ပါမစ် လျှောက်ရန်ကျန်နေသည့် Consignment လက်ကျန်ကား ၁,၁၃ဝ ကို စလစ်အစားထိုးစနစ်ဖြင့် ဝယ်ယူခွင့်ပါမစ်လျှောက်ရန် နောက်ဆုံးအနေဖြင့် ခွင့်ပြုပေးခဲ့ရာတွင် ထက်ဝက်ခန့်မျှသာ ပါမစ်လျှောက်ထားခဲ့ကြောင်း သိရသည်။
ဆန်းသစ်အောင်